စကော့တလန် ခွဲရေး တွဲရေး စည်းရုံးမှု နောက်ဆုံးနေ့

တွဲရေး ထောက်ခံသူတွေကို ဟောပြောနေတဲ့ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဂေါ်ဒန်ဘရောင်း

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, တွဲရေး ထောက်ခံသူတွေကို ဟောပြောနေတဲ့ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဂေါ်ဒန်ဘရောင်း

United Kingdom ထဲမှာ စကော့တလန် ဆက်ရှိနေမလား ခွဲထွက်မလား ဆိုတာ မနက်ဖြန် ကြာသပတေးနေ့မှာ လူထု ဆန္ဒခံယူပွဲ အရ အဆုံးအဖြတ် ပေးကြရမှာမို့ လှုပ်ရှား စည်းရုံးမှုတွေကို ဒီကနေ့ နောက်ဆုံးထား အပြင်းအထန် လုပ်နေကြပါတယ်။

စကော့တလန် လွတ်လပ်ရေးကို ထောက်ခံတဲ့ စကော့တလန် ဝန်ကြီးချုပ် Alex Salmond က လွတ်လပ်ပြီး စကော့တလန် ခွဲထွက်ပြီးရင် ပေါင်ငွေကိုပဲ ဆက်သုံးမယ် ဆိုတာ မဲဆန္ဒရှင်တွေကို အာမခံနိုင်အောင် ကြိုးပမ်းနေပါတယ်။

ခွဲထွက်ရေးကို ဆန့်ကျင်တဲ့ လူစုလူဝေးကို ဟောပြောနေတဲ့ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း Gordon Brown ကတော့ ဘယ်ကို မဲထည့်ရမှန်း ဝေခွဲမရ ဖြစ်နေသူတွေကို ကျဉ်းမြောင်းတဲ့ မျိုးချစ်စိတ်မျိုး မထားကြဖို့ တိုက်တွန်းခဲ့ပါတယ်။

စကော့တလန်သာ ခွဲထွက်သွားမယ် ဆိုရင် စီးပွားရေး ကျဆင်မှုကနေ ဘယ်တော့မှ လွတ်အောင် လုပ်နိုင်မှာ မဟုတ်ဘူးလို့လည်း Gordon Brown က သတိပေးခဲ့ပါတယ်။