တရုတ်မှာ ဓားနဲ့ တိုက်ခိုက်သူ ၃ ဦးကို သေဒဏ်ချ

ဓာတ်ပုံ ရင်းမြစ်, AP
တရုတ်နိုင်ငံမှာ လူပေါင်း ၃၁ ယောက် သေဆုံးခဲ့ရတဲ့ ဓားနဲ့ လိုက်လံ တိုက်ခိုက်မှုမှာ ပါဝင် ပတ်သက်သူ ၃ ယောက်ကို ကူမင်းမြို့ တရားရုံးက သေဒဏ် ချမှတ်လိုက်ပါတယ်။
နောက်ထပ် တစ်ယောက်ကိုတော့ ထောင်ဒဏ် တစ်သက် ပြစ်ဒဏ် ချမှတ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လက ကူမင်းမြို့မှာ ဖြစ်ခဲ့တဲ့ အဲဒီ စီစဉ် တိုက်ခိုက်မှုမှာ လူ ၈ ယောက် ပါဝင် ပတ်သက်ခဲ့ပြီး ၄ ယောက်ကိုတော့ တိုက်ခိုက်မှု ဖြစ်ရာ နေရာမှာပဲ ပစ်သတ်ခဲ့ပါတယ်။
တရုတ် အစိုးရကတော့ ဒီတိုက်ခိုက်မှုဟာ တရုတ်နိုင်ငံ အနောက်ပိုင်း ရှင်ဂျန်း ပြည်နယ်က အစ္စလာမ္မစ် အစွန်းရောက်တွေရဲ့ လက်ချက် ဖြစ်တယ်လို့ အပြစ်ပုံချပါတယ်။
အခု ကြားနာ စစ်ဆေးခဲ့တဲ့ ၄ ယောက် အနက် တစ်ယောက်ပဲ သတ်ဖြတ်မှုမှာ ပါဝင် ပတ်သက်တယ်လို့ စွပ်စွဲခံရတာ ဖြစ်ပြီး ကျန်သူ ၃ ယောက်ကတော့ တိုက်ခိုက်မှု အစီအစဉ် အတွက် ကူညီသူတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။




