လိုက်ဘေးရီးယားမှာ အီဘိုလာ ပိုပြန့်ပွား

ဓာတ်ပုံ ရင်းမြစ်, AFP
အီဘိုလာ ရောဂါဟာ လိုက်ဘေးရီးယားမှာ တိုးပွား လာနေပါတယ်။ နောက်ထပ် သီတင်းပတ် ၃ ပတ် အတွင်း မှာ လူနာအသစ် ထောင်ဂဏန်းနဲ့ ချီပြီး တိုးပွား လာမယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့က ခန့်မှန်းထား ပါတယ်။
အနောက်အာဖရိကနိုင်ငံတွေဖြစ်ကြတဲ့ ဂီနီယာ၊ လိုက်ဘေးရီးယား၊ ဆီယာရာ လီယွန်း၊ နိုက်ဂျီးရီးယားတို့မှာ အီဘိုလာကြောင့် သေဆုံးသူ အနည်းဆုံး ၂၁၀၀ ရှိသွားပါပြီ။ အဲဒီအထဲမှာ ကျန်းမာရေးဝန်ထမ်း ၇၉ ယောက်ပါဝင်တယ်လို့လည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကပြောပါတယ်။
အီဘိုလာဒဏ်ကို အခုလို ခံကြရတဲ့ အထဲမှာ လိုက်ဘေးရီးယားကတော့ အဆိုးဆုံး ဖြစ်ပါတယ်။ လိုက်ဘေးရီးယားမှာ အီဘိုလာရောဂါသီးသန့်ကုသဖို့အတွက် အနည်းဆုံး လူနာကုတင် ၁၀၀၀ လိုအပ်ပါတယ်။ အခု လိုက်ဘေးရီးယားရဲ့ အီဘိုလာ သီးသန့် ကုတဲ့ဆေးရုံမှာ လူနာ ၂၄၀ စာပဲနေရာ ရှိပါတယ်။
အဲသလို လူနာကုတင် အလုံအလောက်မရှိတဲ့အတွက် လူနာတွေဟာ ဆေးရုံကို ရှောင်ရှားကုန်ပါတယ်။
ဆေးရုံကို ရှောင်ရှားတော့ အရပ်ထဲမှာ အိမ်မှာ လူတွေကြားထဲမှာ လူနာတွေ ရောက်သွားပြီး ရောဂါပိုမိုပြန့်ပွားကုန်ပါတယ်။
လိုက်ဘေးရီးယားဟာ ပြည်တွင်းစစ်ဒဏ်ကြောင့် ကျန်းမာရေး စောင့်ရှောက်မှုက ပျက်စီးနေပါတယ်။ ဆရာဝန်ကလည်း လူတသိန်းမှာ တယောက်နှုန်းပဲရှိပါတယ်။ ဒါဟာ အီဘိုလာ မဖြစ်ခင်က အခြေအနေဖြစ်ပြီး အီဘိုလာ ဖြစ်ပြီးနောက်မှာတော့ ဆရာဝန်တွေ အသက်ဆုံးရှုံးလို့ ပိုပြီးလျော့သွားပါသေးတယ်။
အဓိကကတော့ စီးပွားရေးနိမ့်ကျတာ ကျန်းမာရေးစောင့်ရှောက်မှု နိမ့်ကျတာကြောင့် အခြေအနေဟာ ပိုမိုစိုးရိမ်စရာ ဖြစ်နေတယ်လို့ ဆိုကြပါတယ်။




