တမီလ် ဒုက္ခသည်တွေကို ထိန်းသိမ်းရေးစခန်း ပို့ဆောင်

ဓာတ်ပုံ ရင်းမြစ်, AFP
သြစတြေးလျ နိုင်ငံမှာ ခိုလှုံခွင့် တောင်းခံဖို့ အလာ ဖမ်းဆီးမိခဲ့ပြီး ပင်လယ်ပြင်မှာ တစ်လကြာ ထိန်းသိမ်းခံ ထားရတဲ့ တမီလ် လူမျိုး ၁၅၀ ကျော်ကို သြစတြေးလျ နိုင်ငံက ထိန်းသိမ်းရေး စခန်း တခုမှာ လွှဲပြောင်း ထိန်းသိမ်း ထားလိုက်ပြီ ဖြစ်ပါတယ်။
အဲဒီ လူတွေဟာ တကယ်တမ်းမှာ နှိပ်ကွပ်မှုတွေကြောင့် ပြည်ပကို ထွက်ပြေး လာကြသူတွေ မဟုတ်ဘဲ စီးပွားရေး အရ နိုင်ငံ ရွှေ့ပြောင်း အခြေစိုက်ဖို့ ပြီးခဲ့တဲ့ လတုန်းက အိန္ဒိယ ကနေ တဆင့် ထွက်ပြေး လာကြသူတွေ ဖြစ်ပုံရတယ်လို့ သြစတြေးလျ အစိုးရက အခိုင်အမာ ပြောနေပါတယ်။
အခုအခါ သူတို့ကို အိန္ဒိယ အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေက စစ်ဆေး မေးမြန်းမှာ ဖြစ်ပြီး အိန္ဒိယက သူတို့ နိုင်ငံသားတွေနဲ့ အခြေချ နေထိုင်ဖူးသူတွေကို ဌာနေ ပြန်ခေါ်မယ်လို့ ကတိပြုထားပါတယ်။
ဌာနေ ပြန်ဖို့ ငြင်းဆန် နေသူတွေကိုတော့ တောင်ပစိဖိတ် သမုဒ္ဒရာမှာ ရှိတဲ့ သြစတြေးလျ ဒုက္ခသည် စခန်းတွေဆီ ပို့ထားမှာ ဖြစ်ပါတယ်။




