အာဖဂန် ရွေးကောက်ပွဲ မဲရှုံးမှု အဗ္ဗဒူလာ လက်မခံ

ဓာတ်ပုံ ရင်းမြစ်, Reuters
အာဖဂန် နစ္စတန် နိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အစောပိုင်း ရလဒ်တွေအရ ပြိုင်ဘက် အက်ရှ်ရက်ဖ် ဂါနီ ရဲ့ နောက် ဒုတိယ နေရာမှာ ရောက်နေတဲ့ အဗ္ဗဒူလာ အဗ္ဗဒူလာက သူသာ အမှန်တကယ် အနိုင်ရသူ ဖြစ်တယ်လို့ ထုတ်ဖော် ပြောဆိုပြီး အောင်ပွဲခံလိုက်ပါတယ်။
သူ့ကို ထောက်ခံအားပေးသူ ထောင်ပေါင်းများစွာကို ကာဘူးလ်မြို့မှာ မစ္စတာ အဗ္ဗဒူလာက မိန့်ခွန်းပြောစဉ်မှာ မနေ့က ထုတ်ဖော် ကြေညာခဲ့တဲ့ လိမ်လည်ထားတဲ့ မဲရလဒ်ကို သူ့အနေနဲ့ လက်မခံဘဲ ပယ်ချပြီး ဒီလို မဲလိမ် ကြေညာမှုကို ရှုတ်ချကြောင်း ပြောသွားပါတယ်။
အမေရိကန် အစိုးရကလည်း အာဖဂန်နစ္စတန်မှာ တရားမဝင် အာဏာ လွှဲယူဖို့ ကြိုးပမ်းမှုတွေ လုပ်လာမယ် ဆိုရင် အထောက်အပံ့ အကူအညီတွေ ဖြတ်တောက်ပစ်ဖွယ် ရှိတယ်လို့ သတိပေး ပြောကြားလိုက်ပါတယ်။
ရွေးကောက်ပွဲ မဲရေတွက်မှုအရ အက်ရှ်ရက်ဖ် ဂါနီက ထောက်ခံမဲ ၅၆ ရာခိုင်နှုန်းနဲ့ ဦးဆောင်နေပြီး အဗ္ဗဒူလာ အဗ္ဗဒူလာက ၄၃ ရာခိုင်နှုန်း ထောက်ခံမဲ ရခဲ့တာပါ။
မဲလိမ်မှုတွေ နေရာအနှံ့အပြား ရှိခဲ့တယ်လို့ မစ္စတာ အဗ္ဗဒူလာက စွပ်စွဲ ပြောဆိုထားပြီး မဲရလဒ် ကြေညာချက်ဟာ ပြည်သူတွေရဲ့ ဆန္ဒမဲတွေကို ဆန့်ကျင်ပြီး အာဏာသိမ်း လိုက်တာပဲလို့ ပြောသွားပါတယ်။




