အာဖဂန် ရွေးကောက်ပွဲ ဒုတိယအကျော့ မဲရလဒ်

_kabul_demo

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ရွေးကောက်ပွဲ မဲဆွယ်ပွဲ

အာဖဂန်နစ္စတန် နိုင်ငံ ရဲ့ သမ္မတ ရွေးကောက်ပွဲ ဒုတိယကျော့ မဲရလဒ် ကို ကြည့်မယ်ဆိုရင်၊ ယခင် ဘဏ္ဍာရေး ဝန်ကြီးဟောင်း၊ ကမ္ဘာ့ဘဏ် ရဲ့ စီးပွားရေး ပညာရှင် ဒေါက်တာ အာရှရပ်ဖ် ဂါနီ ဟာ ရှေ့က ပြေးနေပါတယ်။

ပထမ အကျော့ ရွေးကောက်ပွဲ တုန်းကတော့၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း၊ တာလီဘန် ဆန့်ကျင်သူ ဒေါက်တာ အဗ္ဗဒူလာအဗ္ဗဒူလာ က မဲ အသာရနေတာပါ။ ဒီကြားထဲမှာ မဲမသမာမှု တွေ ရှိခဲ့တယ် လို့ ရွေးကောက်ပွဲ ကော်မရှင် က ဝေဖန်တဲ့ အတွက်၊ ခန့်မှန်းခြေ ထည့်ဝင်မဲ လေးသန်း ကို ပြန်လည်ရေတွက်ဖို့ ရှိပါတယ်။

ရေတွက်ပြီးသမျှ မဲရလဒ် အရ မစ္စတာ ဂါနီ က ၅၆ ရာခိုင်နှုန်း ရရှိပြီး၊ ဒေါက်တာ အဗ္ဗဒူလာ က ၄၃ ရာခိုင်နှုန်း ရပါတယ်။ သူ့ဘက်ကလည်း၊ မဲမသမာမှု ရှိတယ် လို့ စွပ်စွဲခဲ့ပါတယ်။ အဲဒီအတွက် အနှောင်အဖွဲ့ကင်းမဲ့တဲ့ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် အာမက်ယူစွပ်ဖ် နူရစ်တာနီ က မဲတွေ ကို အားလုံးရေတွက်လို့ မပြီးသေးတဲ့ အတွက်၊ နောက်ဆုံးရလဒ် ကိန်းဂဏန်း ဟာ လက်ရှိထက် ကွဲပြား ခြားနားနိုင်တဲ့ အကြောင်း ပြောပါတယ်။ဒါကြောင့် မို့၊ အခု အချိန်မှာ ယှဉ်ပြိုင်သူတွေရော၊ သူတို့ ကို ထောက်ခံသူတွေ ပါ၊ စိတ်ရှည်ကြဖို့ ပန်ကြားလိုပါတယ် လို့ ပြောသွားတာပါ။

ပြောရမယ် ဆိုရင်တော့ ဒီရွေးကောက်ပွဲဟာ သမိုင်းမှာ ကျန်ခဲ့မှာပါ။ အကြောင်းကတော့၊ သမ္မတ တဦး ကနေ နောက် တဦး ကို ရွေးကောက်ပွဲ အရ အာဏာလွှဲပြောင်း ပေးမှာ ဖြစ်လို့ပါ။ တနိုင်ငံလုံးမှာ ရှိတဲ့ မဲရုံပေါင်း ၇ဝဝဝ ကျော် က မဲတွေ ကို စီစစ် ရေတွက်ပြီးရင်၊ လာမယ့် သီတင်း နှစ်ပတ် အတွင်း ထုတ်ပြန်ကြေညာပေးမှာပါ။

တဖက်မှာလည်း ဒေါက်တာ အဗ္ဗဒူလာ ကို ထောက်ခံသူတွေ က၊ သူတို့ဘက် က အနိုင်မရရင်၊ စင်ပြိုင် အစိုးရ ဖွဲ့ပစ်မယ် ဆိုတဲ့ လေသံ ထွက်လာလို့ပါပဲ။ ဒါကြောင့်မို့လည်း နိုင်ငံတကာ ဘက် က အာဖဂန် ရဲ့ အနာဂတ် တည်ငြိမ်ရေး ကို စိုးရိမ်နေကြပါတယ်။ ဒီကြားထဲမှာ နိုင်ငံတကာ မဟာမိတ် တပ်တွေ ကလည်း ထွက်ခွာဖို့ ပြင်ဆင် နေကြပါပြီ။