ဘုရင်မကြီး ဈာပန ဂါရဝပြုဖို့ တန်းစီမှု ပိတ်တော့မယ်

မပိတ်ခင် နောက်ဆုံးမှာ တန်းစီထားသူတွေဟာ ဘုရင်မကြီးရဲ့ ခေါင်းတလားရှေ့ကို ရောက်တဲ့အထိ ၁၀ နာရီ ပတ်ဝန်းကျင် ကြာအောင် တရွေ့ရွေ့ ရှေ့တိုးတန်းစီရမှာ ဖြစ်

ဓာတ်ပုံ ရင်းမြစ်, PA Media

ဓာတ်ပုံ ပုံစာ, မပိတ်ခင် နောက်ဆုံးမှာ တန်းစီထားသူတွေဟာ ဘုရင်မကြီးရဲ့ ခေါင်းတလားရှေ့ကို ရောက်တဲ့အထိ ၁၀ နာရီ ပတ်ဝန်းကျင် ကြာအောင် တရွေ့ရွေ့ ရှေ့တိုးတန်းစီရမှာ ဖြစ်

ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီး ဈာပန ဂါရဝပြုဖို့ တန်းစီမှု ပိတ်တော့မယ်

ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီးကို ဂါရဝပြုဖို့ လက်ရှိတန်းစီထားသူများအားလုံး မနက်ဖြန်မနက် ပိတ်ချိန်အမီ သွားရောက် ဂါရဝပြုနိုင်ကြဖို့အတွက် နောက်ထပ် လာရောက်တန်းစီသူ လက်မခံတော့ပဲ ပိတ်တော့မှာ ဖြစ်ပါတယ်။

အခုလို မပိတ်ခင် နောက်ဆုံးမှာ တန်းစီထားသူတွေဟာ ဘုရင်မကြီးရဲ့ ခေါင်းတလားရှေ့ကို ရောက်တဲ့အထိ ၁၀ နာရီ ပတ်ဝန်းကျင် ကြာအောင် တရွေ့ရွေ့ ရှေ့တိုးတန်းစီရမှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီထက် နောက်ကျသူက ပိတ်ချိန် မမီနိုင်တော့တာကြောင့် အခမ်းအနား စီစဉ်သူတွေက အခုလို ပိတ်ဖို့ စီစဉ်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဘုရင်မကြီးရဲ့ ခေါင်းတလားကို ဗြိတိသျှပါလီမန်အတွင်း ဝက်စ်မင်စတာ ခန်းမမှာ ဂါရဝပြုခံဖို့ ထားရှိမှုဟာ စက်တင်ဘာလ ၁၉ ရက်နေ့ ဒေသစံတော်ချိန် မနက် ခြောက်နာရီခွဲမှာ ပြီးဆုံးပြီး မနက် ၁၁ နာရီမှာတော့ ဝက်စ်မင်စတာ ဘုရားကျောင်းမှာ ဈာပန အခမ်းအနားပြုလုပ်မှာ ဖြစ်ပါတယ်။

စက်တင်ဘာလ ၁၈ ရက်နေ့ ဒေသစံတော်ချိန် ည ၈ နာရီမှာတော့ ဘုရင်မကြီး ကွယ်လွန်မှုအတွက် ယူကေနိုင်ငံတစ်လွှား တစ်မိနစ် ငြိမ်သက်တဲ့ လေးစားသမှု ပြုကြမယ့် အစီအစဉ်လည်း ရှိနေပါတယ်။

အခုလို တမိနစ်ငြိမ်သက်မယ့် အစီအစဉ်မှာ မြို့တော်လန်ဒန်က ဘစ်ဘန် နာရီစင်ကြီးက ခေါင်းလောင်း တစ်ချက်ထိုးကာ စတင်မှာ ဖြစ်ပြီး တစ်မိနစ် ပြည့်ချိန်မှာတော့ နောက်တစ်ချက် ခေါင်းလောင်း ထပ်ထိုးမှာ ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, အဲလစ်ဇဘက် ဘုရင်မကြီးရဲ့ ရုပ်အလောင်းကို ဂါရဝပြုသူများပြား

ဘုရင်မကြီး ဈာပနကို ဆော်ဒီအိမ်ရှေ့မင်းသား မတက်တော့

ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီးရဲ့ ဈာပနအခမ်းအနားကို ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန် တက်ရောက်မှာ မဟုတ်တော့ဘူးလို့ ယူကေ နိုင်ငံခြားရေးဝန်ကြီးရုံးနဲ့ သက်ဆိုင်တဲ့ သတင်းရင်းမြစ်အရ သိရပါတယ်။

အခုလို ဘီဘီစီက သိရတဲ့ သတင်းအရင်းအမြစ်အရ အခုလို မတက်ရောက်ဖို့ ဆော်ဒီဘက်က ဆုံးဖြတ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆော်ဒီအိမ်ရှေ့မင်းသားဟာ ၂၀၁၈ မှာ ဆော်ဒီ စာနယ်ဇင်းသမား ဂျမဲ ခါရှော့ဂျီကို သတ်ဖြတ်မှုမှာ အမိန့် ပေးတယ် ဆိုတဲ့ ကိစ္စအပါအဝင် ဆော်ဒီအာရေဗျနိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတွေ ရှိတာကြောင့် သူ့ကို ဖိတ်ကြားမှုအပေါ် လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ထားကြတာ ဖြစ်ပါတယ်။

အခုလို ဆော်ဒီရဲ့ တရားဝင်မဟုတ်သော ခေါင်းဆောင်လို့ အများယူဆခံရသူ အိမ်ရှေ့မင်းသားက ဘုရင်မကြီးရဲ့ ဈာပနကို မတက်ဘူး ဆိုပေမယ့် အရေးပါတဲ့ ဆော်ဒီမင်းသားတစ်ပါး ဖြစ်တဲ့ တာကီ အယ်ဖိုင်ဇယ်ကတော့ လာရောက်မှာ ဖြစ်တယ်လို့ ယူကေနိုင်ငံခြားရေးရုံး သတင်းအရင်းအမြစ် အရပဲ ဘီဘီစီက သိရပါတယ်။

ဘုရင်မကြီး ဈာပနကို တက်ရောက်မယ့် နယ်သာလန် ဘုရင်နဲ့ မိဖုရား (ယာစွန် နှစ်ဦး) ကို ဘုရင်မကြီး အသက်ရှင်စဉ်က ချားလ်စ်၊ ကမီလာတို့နဲ့ အတူ တွေ့ရစဉ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဘုရင်မကြီး ဈာပနကို တက်ရောက်မယ့် နယ်သာလန် ဘုရင်နဲ့ မိဖုရား (ယာစွန် နှစ်ဦး) ကို ဘုရင်မကြီး သက်ရှိထင်ရှားရှိစဥ်က ချားလ်စ်၊ ကမီလာတို့နဲ့ အတူ တွေ့ရစဉ်

ဘုရင်မကြီးရဲ့ ဈာပနအခမ်းနားကို ဘယ်နိုင်ငံခေါင်းဆောင်တွေနဲ့ ဘယ်နိုင်ငံတော်ဝင်မိသားစုတွေ တက်ကြမလဲ

ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီးရဲ့ စက်တင်ဘာလ ၁၉ ရက်နေ့ ဈာပန အခမ်းအနားအတွက် ယူကေက နိုင်ငံတကာ ခေါင်းဆောင်နဲ့ သံတမန် အရေအတွက် စုစုပေါင်း ၅၀ဝ ပတ်ဝန်းကျင်လောက်ကို ဖိတ်ကြားထားပါတယ်။

ဘုရင်မကြီးရဲ့ ဈာပနအခမ်းအနားကို ယူကေရဲ့ တော်ဝင်မိသားစုဝင်တွေနဲ့တကွ သူတို့ရဲ့ မိတ်ဆွေတွေနဲ့ အရေးပါတဲ့ ဝန်ထမ်းတွေပါ တက်ရောက်ကြမယ့်အပြင် နိုင်ငံတကာက တော်ဝင်မိသားစုဝင် တချို့လည်း လာရောက်ကြဖို့ ရှိနေပါတယ်။

နိုင်ငံတကာက တော်ဝင်မိသားစုဝင်များ

အခုလို တက်ရောက်မယ့် အထဲမှာ ဘယ်လ်ဂျီယံဘုရင် ဖီလိပ်နဲ့ မိဖုရား မက်သီးလ်ဒ်၊ နယ်သာလန်ဘုရင် ဝီလမ် အလက်ဇန်းဒါး၊ မိဖုရား မက်စီမာနဲ့တကွ သူ့မိခင်ဖြစ်သူ ယခင် ဒတ်ချ် ဘုရင်မ ဖြစ်သူ မင်းသမီးကြီး ဘီယက်ထရစ် တို့ ပါဝင်ပါတယ်။

ဒါ့အပြင် စပိန်ဘုရင် ဖလိပေ နဲ့ မိဖုရား လက်တီးဇီးယား တို့ အပါအဝင် နော်ဝေး၊ ဆွီဒင်၊ ဒိန်းမတ်နဲ့ မိုနာကို တို့က တော်ဝင်မိသားစုဝင်တွေ လည်း ဘုရင်မကြီး ဈာပန ဖိတ်ခေါ်မှုကို လက်ခံထားကြပါတယ်။

အာရှဘက်က ဆိုရင်တော့ ဂျပန်ဧကရာဇ် နာရူဟီတိုနဲ့ မိဖုရား မာဆာကို၊ ဘူတန် ဘုရင် ဂျစ်ဂ်မီ ခေဇာ နမ်ဂျယ် ဝမ်ချွတ်၊ ဘရူနိုင်းဘုရင် ဆူလ်တန် ဟဆန်နယ် ဘူလ်ကီးယား၊ ဂျော်ဒန်ဘုရင် အဗ္ဗဒူလာ၊ ကူဝိတ် အိမ်ရှေ့မင်းသား ရှိတ် မရှယ် အယ်လ် အာမက် အယ်လ်ဆာဘား တို့ တက်ရောက်ကြမှာ ဖြစ်သလို လီဆိုသို ဘုရင် တတိယမြောက် လက်ဆီနဲ့ လက်ချင်စတိုင်းနိုင်ငံက အလွားမင်းသားတို့ လည်း တက်ရောက်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လူဇင်ဘတ်ဂ်၊ မလေးရှား၊ မော်ရိုကို၊ အိုမန်၊ ကာတာနဲ့ တွန်ဂါ နိုင်ငံတို့က တော်ဝင်မိသားစုဝင်တွေလည်း ဘုရင်မကြီးရဲ့ ဈာပနကို လာရောက်ကြဖွယ် ရှိနေပါတယ်။

Photo 3. တနင်္ဂနွေနေ့ ညနေခင်းမှာ ချားလ်စ်ဘုရင်ဟာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် အပါအဝင် နိုင်ငံတကာခေါင်းဆောင် အများအပြားကို ဘက်ကင်ဟမ် နန်းတော် အတွင်းမှာ လက်ခံတွေ့ ဆုံမယ် (ပုံ - ယူကေ စတန်းစတက် လေဆိပ်ရောက် သမ္မတ ဂျိုးဘိုင်ဒန်)

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, တနင်္ဂနွေနေ့ ညနေခင်းမှာ ချားလ်စ်ဘုရင်ဟာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် အပါအဝင် နိုင်ငံတကာခေါင်းဆောင် အများအပြားကို ဘက်ကင်ဟမ် နန်းတော် အတွင်းမှာ လက်ခံတွေ့ ဆုံမယ် (ပုံ - ယူကေ စတန်းစတက် လေဆိပ်ရောက် သမ္မတ ဂျိုးဘိုင်ဒန်)

နိုင်ငံ့ခေါင်းဆောင်များ

ဘုရင်မကြီး ဈာပနကို တက်ရောက်မယ့် နိုင်ငံခေါင်းဆောင်တွေထဲမှာ ဓနသဟာယအဖွဲ့ ဝင်နိုင်ငံ ခေါင်းဆောင်တွေ အပါအဝင် အခြား ကမ္ဘာတစ်လွှားက နိုင်ငံခေါင်းဆောင် တော်တော်များများကို ယူကေက ဖိတ်ကြားထားပါတယ်။

အခုလို ဖိတ်ကြားထားတဲ့ နိုင်ငံတွေထဲက ဂျာမနီနဲ့ အီတလီတို့လို နိုင်ငံတွေက သူတို့ရဲ့ ထိပ်ဆုံးခေါင်းဆောင် ဝန်ကြီးချုပ်ကို မစေလွှတ်ဘဲ သမ္မတကိုပဲ စေလွှတ်တာ ရှိသလို သမ္မတက ထိပ်ဆုံးခေါင်းစဉ်ဖြစ်တဲ့ စနစ်ရှိတဲ့ အမေရိကန်နဲ့ ပြင်သစ်တို့ ရဲ့ သမ္မတတွေကတော့ ကိုယ်တိုင် တက်ရောက်လာကြမှာ ဖြစ်ပါတယ်။

တရုတ်ဘက်ကို ယူကေက ဘုရင်မကြီးဈာပန အခမ်းအနားတက်ခွင့် ပေးမပေး ဆိုတဲ့ ကိစ္စက အငြင်းပွားစရာတွေ ရှိခဲ့ပေမယ့် နောက်ဆုံးမှာတော့ တရုတ်အစိုးရက ဒုသမ္မတ ဝန်ကျိရှန်ကို စေလွှတ်မယ်ဆိုတာ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။

တရုတ်အစိုးရဟာ ဝိဂါမွတ်ဆလင်အရေးနဲ့ ပတ်သက်ပြီး တရုတ်အစိုးရကို ဝေဖန်ပြောကြားသူ ယူကေအမတ်တချို့ကို ပိတ်ပင်ဒဏ်ခတ်တာတွေ လုပ်ရာကနေ အခုလို တရုတ်ကို ဖိတ်သင့် မဖိတ်သင့် အငြင်းပွားခဲ့တာ ဖြစ်ပြီး တရုတ်ရဲ့ ယူကေအခြေစိုက် သံတမန်ကိုတော့ ယူကေက ဈာပနတက်ခွင့် ပိတ်ထားပါတယ်။

နျူးကလီးယား အစီအစဉ်အရ နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့ မှု ခံနေရတဲ့ အီရန်နိုင်ငံကိုလည်း ယူကေက ဘုရင်မကြီး ဈာပနကို ဖိတ်ကြားခဲ့ပေမယ့် ခေါင်းဆောင်အဆင့်ကို မဖိတ်ဘဲ သံတမန်အဆင့်ကိုပဲ ဖိတ်ကြားထားပါတယ်။

အလားတူ သံတမန်အဆင့်ဘဲ အဖိတ်ခံရတဲ့ နောက်ထပ်နိုင်ငံတွေကတော့ မြောက်ကိုရီးယားနဲ့ နီကာရာဂွာတို့ ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီးရဲ့ ဘဝခရီးလမ်း

ဆီးရီးယား၊ ဗင်နီဇွဲလားနဲ့ အာဖဂန်နစ္စတန်နိုင်ငံ တို့ ကတော့ ယူကေနဲ့ သံတမန်ဆက်ဆံရေး အပြည့်အဝ မရှိလို့ မဖိတ်တာလို့ သိရပါတယ်။

ရုရှားနဲ့ ဘယ်လာရုစ် တို့ကိုတော့ ယူကရိန်းစစ်ပွဲနဲ့ ဆက်စပ်ပြီး ယူကေက မဖိတ်ကြားဘဲနေရာမှ ရုရှားသမ္မတ ပူတင်ကလည်း သူ ဘုရင်မကြီးဈာပနတက်ဖို့ မစဉ်းစားထားဘူးလို့ ပြောဆိုထားပြီး ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ဘုရင်မကြီး ဈာပနမှာ မဖိတ်ကြားရတဲ့ အကြောင်းအရင်းကတော့ ပြီးခဲ့တဲ့ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း ယူကေနဲ့ မြန်မာ သံတမန်ဆက်သွယ်မှုသိသိသာသာ လျှော့ချထားလို့ ဖြစ်တယ်လို့ ဆိုပါတယ်။

တနင်္လာနေ့ ဘုရင်မကြီး ဈာပန အခမ်းအနား မစခင် တစ်ရက်ဖြစ်တဲ့ စက်တင်ဘာလ ၁၈ ရက်နေ့ ညနေခင်းမှာတော့ တတိယမြောက် ချားလ်စ်ဘုရင်ဟာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် အပါအဝင် နိုင်ငံတကာခေါင်းဆောင် အများအပြားကို ဘက်ကင်ဟမ် နန်းတော် အတွင်းမှာ လက်ခံတွေ့ ဆုံမှာ ဖြစ်ပါတယ်။

ယူကေဝန်ကြီးချုပ်ကလည်း အလားတူပဲ နိုင်ငံတကာ ခေါင်းဆောင်တချို့ကို ဝန်ကြီးချုပ်နေအိမ် ဒေါင်းနင်းလမ်း အမှတ် ၁၀ မှာ တွေ့ ဆုံဖို့ အတွက် အိမ်ရှေ့မှာ ကော်ဇောနီ ခင်းထားတာကို တွေ့ရပါတယ်။