ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီး ဂါရဝပြုခံ အစီအစဉ်နဲ့ ဈာပန သတင်းများ

Chinese officials have reportedly been banned from visiting the Queen's coffin in Westminster Hall

ဓာတ်ပုံ ရင်းမြစ်, PA Media

ဘုရင်မကြီး ခေါင်းတလားနားကို ကပ်ဖို့ ကြိုးစားသူတဦး အဖမ်းခံရ

ဘုရင်မကြီးကို လာရောက် ဂါရဝ ပြုသူတွေထဲက ဝက်စ်မင်စတာ ခန်းမမှာ ထားရှိတဲ့ ဘုရင်မကြီးရဲ့ ခေါင်းတလားနား ကပ်ဖို့ လူတယောက်က ပြီးခဲ့တဲ့ သောကြာ စက်တင်ဘာလ ၁၆ ရက်နေ့ ဒေသစံတော်ချိန် ည ၁၀ နာရီမှာ ကြိုးစားခဲ့လို့ ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

အခုလို လုပ်ခဲ့သူကို အများပြည်သူ အနှောက်အယှက်ဖြစ်စေမှု အက်ဥပဒေအရ ဖမ်းဆီး ထိန်းသိမ်းထားတယ်လို့ လန်ဒန်မြို့တော်ရဲတပ်ဖွဲ့က ပြောပါတယ်။

အခုလို ဖြစ်ခဲ့ချိန်မှာ ဘုရင်မကြီးကို လာရောက် ဂါရဝပြုမှု ရုပ်သံက တိုက်ရိုက်ပြသတာကိုလည်း ခေတ္တ ရပ်ဆိုင်းခဲ့ပါတယ်။

ယူကေ ပါလီမန် ပြောရေးဆိုခွင့်ရှိသူကလည်း ဘုရင်မကြီးကို လာရောက် ဂါရဝပြုကြသူတွေ တန်းစီလာကြတဲ့အထဲက တဦးက အခေါင်းစင်နားကို ကပ်ဖို့ ကြိုးစားတာကို သိရှိကြောင်းနဲ့ ဒီလူကို ဖယ်ရှားအပြီးမှာ အနှောက်အယှက် သိပ်မရှိပဲ တန်းစီ ဂါရဝပြုကြတဲ့ အစီအစဉ်ကို ဆက်လုပ်နိုင်ခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။

အခုလို မဖြစ်ခင် ညနေခင်းအချိန်မှာတော့ တတိယမြောက် ချားလ်စ် ဘုရင်ကြီးနဲ့အတူ မင်းသမီး အန်း၊ မင်းသား အန်ဒရူးနဲ့ မင်းသား အက်ဝပ်ဒ် တို့က ဘုရင်မကြီးရဲ့ အခေါင်းကို လှည့်ပတ် ဂါရဝ ပြုခဲ့ကြပါတယ်။

ဘုရင်မကြီးရဲ့ နောက်ဆုံး ဈာပနအခမ်းအနားကိုတော့ စက်တင်ဘာလ ၁၉ ရက်နေ့မှာ ဝက်စ်မင်စတာ ဘုရားကျောင်းမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

King Charles meets people in the queue

ဓာတ်ပုံ ရင်းမြစ်, PA Media

ဓာတ်ပုံ ပုံစာ, ဘုရင်ကြီးက ညလုံးပေါက် တန်းစီထားလို့ အရမ်း မချမ်းပါစေနဲ့ ဆိုပြီး တန်းစီနေသူတဦးကို အားပေးခဲ့

ဘုရင်မကြီးကို ဂါရဝပြုဖို့ လာကြသူတွေကို ချားလ်စ်ဘုရင်နဲ့ မင်းသား ဝီလျံက လိုက်လံ နုတ်ဆက်

စက်တင်ဘာလ ၁၇ ရက်နေ့မှာတော့ ချားလ်စ်ဘုရင်နဲ့ မင်းသားဝီလျံတို့ဟာ ဘုရင်မကြီးကို ဂါရဝပြုဖို့ တန်းစီနေကြသူတွေထံ ကိုယ်တိုင်သွားရောက်ပြီး ကျေးဇူးတင်စကား ပြောခဲ့ကြပါတယ်။

ဝေလမင်းသား ဝီလျံကဆိုရင် လာရောက် တန်းစီနေတဲ့ မိန်းမပျိုတဦးကို 'လမ်းတဝက်တော့ ရောက်လာပြီ' လို့ အားပေးစကား ပြောခဲ့တာကို တွေ့ရပါတယ်။

ဘုရင်ကြီးက ဆိုရင်လည်း ညလုံးပေါက် တန်းစီထားလို့ အရမ်း မချမ်းပါစေနဲ့ ဆိုပြီးတော့လည်း တန်းစီနေသူတဦးကို အားပေးခဲ့ပါတယ်။

စက်တင်ဘာလ ၁၇ ရက် နေ့လယ်ပိုင်း အချိန်လောက်မှာ ဆိုရင် ဘုရင်မကြီးရဲ့ ခေါင်းတလားနားအထိ ရောက်ဖို့အတွက် တန်းစီရတဲ့ အချိန် ပျမ်းမျှ ၁၆.၅ နာရီလောက် အထိ ရှိနေတာကို တွေ့ရပါတယ်။

အဲဒီ အချိန်ကာလအတွင်းမှာ တန်းစီနေတဲ့ လူတန်းကြီးရဲ့ အရှည်ကလည်း ငါးမိုင်လောက် ရှိနေတာကို သိမ်းမြစ်ကနေ ဆောက်သပ်က် ပန်းခြံတလျှောက် တွေ့ရပါတယ်။

ဘုရင်ကြီး ချားလ်စ်က အခုလို တန်းစီနေကြသူတွေဆီကို နှုတ်ဆက်အပြီး မိနစ် ၂၀ လောက်အကြာမှာ ဘာကင်ဟမ် နန်းတော်ကို ကားနဲ့ ပြန်သွားပေမယ့် မင်းသားဝီလျံကတော့ အချိန်အတော်ကြာ ဆက်ရှိနေပြီး လိုက်လံ နှုတ်ဆက် စကားပြောနေတာကို တွေ့ရပါတယ်။

The Queen lying in state at Westminster Hall

ဓာတ်ပုံ ရင်းမြစ်, PA Media

ယူကေအခြေစိုက် တရုတ်သံအမတ်ကို ဘုရင်မကြီး ဈာပန ဝင်ခွင့်ပိတ်ထားပေမယ့် တရုတ်ခေါင်းဆောင်တွေကိုတော့ ခွင့်ပြုမယ်လို့ဆို

ယူကေအခြေစိုက် တရုတ်သံအမတ်ကို ဘုရင်မကြီး စျာပနဲ့ ဂါရဝပြုခံအစီအစဥ်ကို ဝင်ခွင့်ပိတ်ထားပေမယ့် တရုတ်ခေါင်းဆောင်တွေကိုတော့ ခွင့်ပြုမယ်လို့ ယူကေပါလီမန်က အတည်ပြုလိုက်ပါတယ်။

တရုတ်အစိုးရဟာ ယူကေ အောက်လွှတ်တော် အမတ် ငါးဦးနဲ့ အထက်လွှတ်တော် အမတ် ၂ ဦးတို့ကို ပိတ်ဆို့ ဒဏ်ခတ်ထားတာကို တန်ပြန်တဲ့ အနေနဲ့ ယူကေအခြေစိုက် တရုတ်သံအမတ်ကို ယူကေအစိုးရက ပါလီမန်မှာ ပြန်လည် ပိတ်ပင်ထားတာ ဖြစ်ပါတယ်။

အစောပိုင်းမှာတော့ တရုတ်ဘက်က ဘုရင်မကြီး ဈာပနအတွက် တရုတ်ဘက်က စေလွှတ်မယ့် အဖွဲ့ ပိတ်ပင်ခံရမယ် ဆိုတဲ့ သတင်းကို ဘီဘီစီက ရရှိထားခဲ့တာ ဖြစ်ပါတယ်။

အခုနောက်ဆုံး သတင်းရရှိချက် အရကတော့ အခုလို ပိတ်ပင်ထားတဲ့အထဲမှာ ယူကေအခြေစိုက် တရုတ်သံအမတ်ကလွဲလို့ အခြား တရုတ်အရာရှိတွေ မပါဝင်ဘူးလို့ ဆိုပါတယ်။

တရုတ်နိုင်ငံက ဝိဂါမွတ်ဆလင်အရေးနဲ့ ပတ်သက်လို့ တရုတ်အစိုးရကို ဝေဖန်ပြောဆိုတဲ့ ယူကေ အမတ်တွေကို တရုတ်က အခုလို ပိတ်ဆို့ ဒဏ်ခတ်ထားတာလည်း ဖြစ်ပါတယ်။

ဘုရင်မကြီးရဲ့ ဈာပနတက်ရောက်ဖို့ ဖိတ်ကြားခြင်း မခံရတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံ အပါအဝင် ဆီးရီးယား၊ ဗင်နီဇွဲလား၊ အာဖဂန်နစ္စတန်၊ ရုရှားနဲ့ ဘယ်လာရုစ် နိုင်ငံတို့ ပါဝင်နေပြီး အီရန်၊ မြောက်ကိုရီးယားနဲ့ နီကာရာဂွာ နိုင်ငံက ဆိုရင်တော့ ဝါရင့် သံအမတ် အဆင့်ကိုပဲ တက်ရောက်ခွင့် ပေးထားပါတယ်။

ယူကေအစိုးရဟာ တရုတ်သမ္မတ ရှီကျင့်ဖျင် ကိုယ်တိုင်ကို ဖိတ်ကြားထားပေမယ့် တကယ်တမ်း ဒုသမ္မတကသာ တက်ရောက်မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးကတော့ ဘုရင်မကြီး ဈာပန အခမ်းအနားအတွက် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ရေး ကိစ္စ မဆုံးဖြတ်ရသေးဘူးလို့ စက်တင်ဘာလ ၁၆ ရက်နေ့က ပြောဆိုထားပါတယ်။

The Queen meeting Mohammed Bin Salman

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန် စီအိုင်အေ အစီအရင်ခံစာ တခုအရ ဆော်ဒီ အိမ်ရှေ့မင်းသားဟာ ၂၀၁၈ ခုနှစ်မှာ ဆော်ဒီ စာနယ်ဇင်းသမား ဂျမဲ ခါရှော့ဂျီကို တူရကီနိုင်ငံက ဆော်ဒီသံရုံးအတွင်းမှာ သတ်ဖြတ်ဖို့ အမိန့်ပေးခဲ့

ဘုရင်မကြီး ဈာပန အခမ်းအနား ဆော်ဒီမင်းသားကို ဖိတ်ကြားမှု ဝေဖန်ခံနေရ

ယူကေနိုင်ငံက ဆော်ဒီအာရေဗျနိုင်ငံရဲ့ တရားဝင်မဟုတ်သော ခေါင်းဆောင်လို့ ဆိုနိုင်တဲ့ အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန်ကို ဘုရင်မကြီး ဈာပနအတွက် ဖိတ်ကြားခဲ့တဲ့အတွက် လူ့အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့တွေက ဝေဖန်နေကြပါတယ်။

လျှို့ဝှက်အဆင့် လျှော့ချလိုက်ပြီ ဖြစ်တဲ့ အမေရိကန် စီအိုင်အေ အစီအရင်ခံစာ တခုအရ ဆော်ဒီ အိမ်ရှေ့မင်းသားဟာ ၂၀၁၈ ခုနှစ်မှာ ဆော်ဒီ စာနယ်ဇင်းသမား ဂျမဲ ခါရှော့ဂျီကို တူရကီနိုင်ငံက ဆော်ဒီသံရုံးအတွင်းမှာ သတ်ဖြတ်ဖို့ အမိန့်ပေးခဲ့တယ်လို့ ဖော်ပြထားတာ ဖြစ်ပါတယ်။

အခုလို အဖြစ်အပျက်ဖြစ်ပွားပြီး နောက်ပိုင်းမှာ ဒီဆော်ဒီမင်းသားကို အနောက်နိုင်ငံတွေက ရှောင်ရှားနေကြသလို ဖြစ်ခဲ့ပြီး အဲဒီနောက်ပိုင်းမှာလည်း ဆော်ဒီမင်းသားက ယူကေကို လာရောက်ထားခြင်း မရှိပါဘူး။

ယူကေနိုင်ငံက ဆော်ဒီသံရုံးကတော့ စက်တင်ဘာ ၁၇နဲ့ ၁၈ အတွင်းမှာ အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆယ်လ်မန် လာရောက်မယ်လို့ အတည်ပြုထားပေမယ့် ၁၉ ရက်နေ့မှာ ပြုလုပ်မယ့် ဘုရင်မကြီး ဈာပနကို တက်ရောက်မလား ဆိုတာကတော့ မသေချာသေးပါဘူး။

၂၀၁၈ မှာ အသတ်ခံခဲ့ရသူ ဆော်ဒီစာနယ်ဇင်းသမားနဲ့ စေ့စပ်ထားတဲ့ အမျိုးသမီး ဟတစ်စ် ဂျန်ဂစ် ကတော့ ဒုတိယမြောက် အဲလိဇဘက် ဘုရင်မကြီး ဈာပန အခမ်းအနားကို ဆော်ဒီအိမ်ရှေ့မင်းသားလိုလူကို ဖိတ်တာက ဘုရင်မကြီးအတွက် အစွန်းအထင်း ဖြစ်စရာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် ဆော်ဒီအိမ်ရှေ့မင်းသား ယူကေကို ရောက်လာတဲ့ အချိန်မှာ ဖမ်းဆီးလိုက်ဖို့ကိုလည်း အဲဒီ အမျိုးသမီးက တိုက်တွန်းခဲ့ပါတယ်။

စစ်လက်နက်ရောင်းဝယ်မှု တိုက်ဖျက်ရေး ဆိုင်ရာ အဖွဲ့က ဆိုရင်လည်း ဆော်ဒီအာရေဗျ နိုင်ငံနဲ့တကွ ပင်လယ်ကွေ့ဒေသက ဘုရင်စနစ်ကျင့်သုံးတဲ့ နိုင်ငံတွေဟာ ဘုရင်မကြီး ဈာပနကို အတက်ပြပြီး သူတို့ရဲ့ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတွေကို ဆေးချွတ်ဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

ဆော်ဒီအာရေဗျ နိုင်ငံမှာ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတွေ ရှိနေတဲ့ကြားက ယူကေနဲ့တကွ အနောက်နိုင်ငံတွေနဲ့ ခိုင်မာတဲ့ မဟာမိတ် ဖြစ်နေရတဲ့ အကြောင်းအရင်းတွေကတော့ အနောက်နိုင်ငံတွေက ရောင်းနေတဲ့ ဘီလျံ ဆယ်ချီတန်တဲ့ လက်နက်တွေကို ဆော်ဒီက ဝယ်ယူနေမှု၊ ရေနံဈေးကို ကူညီ ထိန်းပေးမှုနဲ့ အီရန်နဲ့ ဆော်ဒီတို့ ရန်ဖက်ဖြစ်နေတဲ့ အနေအထားတို့ကြောင့် ဖြစ်နိုင်ပြီး ဆော်ဒီမင်းသားအပေါ် နိုင်ငံတကာဝေဖန်မှုကလည်း အားနည်းတာကို တွေ့ရပါတယ်။