အယ်လ်ကိုင်းဒါးခေါင်းဆောင်ကို အမေရိကန်တွေ ရှာဖွေသုတ်သင်ခဲ့ပုံ

ဓာတ်ပုံ ရင်းမြစ်, Reuters
- ရေးသားသူ, မက်မာဖီ
- ရာထူးတာဝန်, BBC News
အမေရိကန်တပ်တွေ မနှစ်က အာဖဂန်နစ္စတန်က အလောတကြီးပြန်ရုပ်သိမ်းပေးခဲ့အပြီး အခြေအနေတွေ ရှုပ်ထွေးနေချိန်မှာ သမ္မတဂျိုးဘိုင်ဒန်က သူ့အစိုးရအနေနဲ့ အာဖဂန်နစ္စတန်မှာ တက်လာမယ့် တာလီဘန်ခေါင်းဆောင်တဲ့ အစိုးရက သူတို့နိုင်ငံထဲမှာ အကြမ်းဖက်သမားတွေကို ခိုလှုံခွင့်ပေးတာမျိုး၊ အကြမ်းဖက်သမားတွေအတွက် နေရာတစ်ခု ရလာတာမျိုးကိုတော့ အဖြစ်မခံဘူးလို့ တိတိကျကျပြောခဲ့ပါတယ်။
အဲဒါက ဘိုင်ဒန်အစိုးရအနေနဲ့ အမေရိကန်တွေ ဆယ်စုနှစ်နဲ့ချီ တိုက်နေတဲ့ အကြမ်းဖက်မှုဆန့်ကျင်ရေးစစ်ပွဲကို အဆုံးသတ်ရပ်လိုက်ဦးမှာ မဟုတ်ဘူးဆိုတာကို ပြလိုက်တာပါ။
အဲဒီကနေ တစ်နှစ်နီးပါး အကြာမှာတော့ သမ္မတရဲ့ထိပ်တန်းလုံခြုံရေးအကြံပေးတွေက သူတို့ထောက်လှမ်းရေးတွေ အယ်လ်ကိုင်းဒါးခေါင်းဆောင် အိုင်မန် အယ် ဇဝါဟီရီကို အာဖဂန်နစ္စတန်မှာ ခြေရာခံမိပြီလို့ သူ့ကို ပြောခဲ့ပါတယ်။
အရေးကြီး ပစ်မှတ်ကို သေချာအောင်လုပ်
သတင်းသမားတွေကို အလွတ်သဘောပြောပြကြတဲ့အခါမှာ အမေရိကန်အစိုးရအရာရှိကြီးတွေက ပြီးခဲ့တဲ့နှစ်အတွင်း အာဖဂန်မှာ အနောက်နိုင်ငံတွေ ထောက်ခံပေးထားတဲ့ အစိုးရပြုတ်ကျသွားပြီးတဲ့အချိန်မှာ ဇဝါဟီရီ အာဖဂန်နစ္စတန်ကို ပြန်ရောက်သွားတာဖြစ်မယ်လို့ ယုံကြည်ကြောင်း ပြောကြပါတယ်။
အမေရိကန်တပ်တွေ ပြန်ရုပ်သွားပြီးချိန်မှာ အာဖဂန်နစ္စတန်နိုင်ငံထဲကို အယ်လ်ကိုင်းဒါးခေါင်းဆောင်တွေ တဖြည်းဖြည်းချင်း ပြန်ဝင်ရောက်လာကြမလားဆိုတာကို အမေရိကန်ထောက်လှမ်းရေးတွေက အသေအချာ စောင့်ကြည့်နေခဲ့ကြတယ်လို့ သမ္မတဘိုင်ဒန်ရဲ့ အကြံပေးတစ်ယောက်က ပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ဇဝါဟီရီဟာ ကာဘူးလ်မြို့တော် မြို့လယ်နားက နံရံအမြင့်ကြီးတွေကာထားတဲ့ ခြံကျယ်ကြီးတစ်ခုထဲမှာ သူ့ဇနီး၊ သမီးတို့နဲ့ အတူနေနေတယ်လို့ ဆိုပါတယ်။
ဇဝါဟီရီ နေနေတဲ့ နေရာက ချမ်းသာသူတွေနေကြတဲ့ ချိုရ်ပူးရ်ဆိုတဲ့ အရပ်ဖြစ်ပြီး အရင် အာဖဂန်အစိုးရ လက်ထက်က သံရုံးတွေရှိတဲ့နေရာ၊ သံအရာရှိတွေ နေကြတဲ့ ရပ်ကွက်ဖြစ်ပါတယ်။ အခုတော့ ဒီရပ်ကွက်မှာ အကြီးတန်း တာလီဘန်အရာရှိတွေ နေကြပါတယ်။
ဧပြီလဆန်းမှာတော့ စီအိုင်အေအရာရှိတွေက ပထမမှာ သမ္မတဘိုင်ဒန်ရဲ့ ထိပ်တန်းအကြံပေးတွေကို အရင်ရှင်းပြပြီး နောက်တော့ သမ္မတကိုယ်တိုင်ကိုပါ ရှင်းပြခဲ့ပါတယ်။ သူတို့ရထားတဲ့ ထောက်လှမ်းရေးအချက်အလက်တွေကို စိစစ်တိုက်ဆိုင်ကြည့်ပြီးတဲ့နောက်မှာ အယ်လ်ကိုင်းဒါးခေါင်းဆောင်နဲ့ သူ့မိသားစုကို ထောက်ပံ့နေတဲ့ ကွန်ရက်ကို သူတို့ သိထားပြီဆိုတဲ့အကြောင်းပါ။
ထောက်လှမ်းရေးတွေက သူတို့တွေ့ထားတဲ့အိမ်မှာ နေသူတွေရဲ့ ပြုမူပုံတွေကို တဖြည်းဖြည်းချင်း စောင့်ကြည့် လေ့လာကြရင်းနဲ့ ဇဝါဟီရီရဲ့ ဇနီးသည်လို့ သူတို့သိထားတဲ့ အမျိုးသမီးရဲ့ လှုပ်ရှားပြုမူတတ်ပုံတွေကိုပါ သိရှိလာကြပါတယ်။
ဒီအမျိုးသမီးက သူ့ခင်ပွန်းသည် ပုန်းနေတဲ့ နေရာကို ဘယ်သူမှမသိနိုင်အောင် အကြမ်းဖက်သမားတွေ သုံးတဲ့ ကုန်သွယ်ရေးနည်းလမ်းတွေကို သုံးတတ်တာကိုလည်း ထောက်လှမ်းရေးတွေ သတိပြုမိလာကြပါတယ်။
အဲဒီအိမ်ကို ရောက်ပြီးတဲ့နောက်မှာ ဇဝါဟီရီက အိမ်ဝင်းထဲက အပြင်ကို လုံးဝမထွက်တာကိုလည်း ထောက်လှမ်းရေးတွေ သတိထားမိကြပါတယ်။ ဒါပေမဲ့ သူ တခါတလေ အိမ်ရဲ့ လသာဆောင်ကို ခဏတဖြုတ်ထွက်ပြီး ခြံဝင်းအပြင်ဘက်ကို ကြည့်တတ်တဲ့ အလေ့အထကိုလည်း ထောက်လှမ်းရေးတွေ သိရှိသတိထားမိခဲ့ကြပါတယ်။
တိုက်ခိုက်ဖို့ အစီအစဥ် စတင်ပြင်ဆင်
သမ္မတဘိုင်ဒန်အတွက်တော့ အမေရိကန်တွေက အလိုအရှိဆုံးဖြစ်နေတဲ့ အကြမ်းဖက်ခေါင်းဆောင်ကို သတ်နိုင်ဖို့ အခွင့်အရေးဟာ ထည့်စဥ်းစားစရာ အန္တရာယ်တွေလည်း ရှိနေပါတယ်။
ဇဝါဟီရီနေတဲ့ ရပ်ကွက်က လူနေထူထပ်တဲ့နေရာလည်း ဖြစ်နေပါတယ်။ အမေရိကန်တွေ မနှစ်က အာဖဂန်က ဆုတ်ခွာနေတဲ့ နောက်ဆုံးရက်တွေမှာ ဒရုန်းနဲ့တိုက်ခဲ့တုန်းက ကယ်ဆယ်ရေးလုပ်သားတစ်ယောက်အပါအဝင် အရပ်သား ၁၀ ယောက်သေဆုံးခဲ့ရတဲ့ အဖြစ်ကိုလည်း သူအမှတ်ရနေမှာ ထည့်စဥ်းစားနေမိမှာ သေချာလောက်ပါတယ်။


မေလနဲ့ ဇွန်လတလျှောက်လုံးမှာတော့ သမ္မတဘိုင်ဒန်ဟာယူကရိန်းစစ်ပွဲရယ် ပြည်တွင်းမှာ သေနတ်ထိန်းချုပ်ရေးဥပဒေ၊ ရာသီဥတုပြောင်းလဲမှုထိန်းချုပ်ရေးဥပဒေတွေ အတည်ပြုနိုင်ဖို့ ကိစ္စတွေနဲ့ လုံးပမ်းနေခဲ့ရပါတယ်။ အဲဒီအချိန်မှာပဲ ထိပ်တန်းထောက်လှမ်းရေးအရာရှိကြီးတွေပါတဲ့ လျှို့ဝှက်အုပ်စုလေးတစ်ခုက သမ္မတဆီတင်ပြမယ့် အစီအစဥ်တွေကို အချောသတ် ပြင်ဆင်နေခဲ့ကြပါတယ်။
မစ္စတာဘိုင်ဒန်ကလည်း တိုက်ခိုက်မယ့်အစီအစဥ်ထဲမှာ ဇဝါဟီရီရဲ့ မိသားစုနဲ့ တာလီဘန်အရာရှိတွေအပါအဝင် အရပ်သားတွေ မတော်တဆထိခိုက်သေဆုံးမှု မရှိအောင် သေသေချာချာစီစဥ်ပြီးလုပ်ဖို့ ထောက်လှမ်းရေးတွေကို ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။
အိမ်ပုံစံငယ်ထုတ်ပြီး လေ့လာပြင်ဆင်
ဇူလိုင် ၁ ရက်နေ့မှာ မစ္စတာဘိုင်ဒန်က စီအိုင်အေ ညွှန်ကြားရေးမှူး ဝီလျံဘန်းစ်နဲ့ အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူး အေဗရယ်ဟိန်းတို့အပါအဝင် ထိပ်တန်းအရာရှိကြီးတွေကို ခေါ်ယူဆွေးနွေးခဲ့ပါတယ်။
အဲဒီနေ့က ထောက်လှမ်းရေးအရာရှိတွေက သူတို့သိရှိရသမျှအချက်အလက်တွေနဲ့ ပုံစံထုတ် တည်ဆောက်ထားတဲ့ ဇဝါဟီရီနေနေတဲ့အိမ် ပုံစံငယ်ကို ယူလာခဲ့ပါတယ်။ အဲဒီအိမ်ပုံစံငယ်ကို ရှေ့မှာထား ဝိုင်းပြီး ဆွေးနွေးကြချိန်မှာ သမ္မတဘိုင်ဒန်က အတော်ကြီး စိတ်ဝင်တစား ဆွေးနွေးမေးမြန်းပြီး ထောက်လှမ်းရေးအချက်အလက်တွေကိုလည်း နားလည်အောင်လုပ် မှတ်သားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆင်ရေးမှာ အရပ်သားတွေ မထိခိုက်စေဖို့၊ ထိခိုက်နိုင်ခြေအနည်းဆုံးဖြစ်စေဖို့ လိုအပ်တာအားလုံး လုပ်သွားဖို့ကို သူက အဓိကမှာတယ်လို့ အကြီးတန်းအကြံပေးတစ်ဦးက ပြောပြပါတယ်။
သမ္မတက ဇဝါဟီရီနေတဲ့အိမ်ရဲ့ ဖွဲ့စည်းပုံ၊ ဆောက်လုပ်ထားပုံတွေကို မေးမြန်းပြီး ဒုံးကျည်ထိမှန်ရင် ဘယ်လို ဖြစ်သွားနိုင်သလဲဆိုတာ သိချင်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနေ့ ဆွေးနွေးပွဲအပြီးမှာတော့ သမ္မတဟာ ဒေးဗစ်စခန်းကို အနားယူဖို့ထွက်သွားခဲ့ပါတယ်။
နောက်ပိုင်း ရက်တွေမှာတော့ ထိပ်တန်းအရာရှိကြီးတွေဟာ အိမ်ဖြူတော်ရဲ့ မြေအောက်ခန်းမှာရှိတဲ့ ကွပ်ကဲရေးခန်းမမှာ စုဆုံကြ ဆွေးနွေးတိုင်ပင်ကြပါတယ်။ အဲဒီနေရာဟာ အရေးကြီးကိစ္စတွေကို သမ္မတက စောင့်ကြည့်ပြီး ဆွေးနွေးဆုံးဖြတ်ချက်တွေ လုပ်တဲ့ နေရာပါ။
ထောက်လှမ်းရေးအရာရှိတွေဟာ စစ်ဆင်ရေးအတွက် အသေးစိတ်ပြင်ဆင်ကြပါတယ်၊ သမ္မတမေးလာနိုင်မယ့် မေးခွန်းမျိုးတွေအတွက် အဖြေကိုပေးနိုင်ဖို့ တွက်ချက်ကြ ပြင်ဆင်ကြပါတယ်။
တစ်ချိန်တည်းမှာပဲ ဥပဒေပညာရှင်အုပ်စုလေးတစ်ခုကလည်း အခုစစ်ဆင်ရေးကို ဥပဒေရှုထောင့်က စဉ်းစား ဆွေးနွေးကြပါတယ်။
နောက်ဆုံးတော့ ဇဝါဟီရီဟာ အယ်လ်ကိုင်းဒါးအဖွဲ့ရဲ့ခေါင်းဆောင်အဖြစ် ဆက်ရှိနေတယ်၊ အယ်လ်ကိုင်းဒါးရဲ့ တိုက်ခိုက်မှုတွေမှာ သူလည်း ပါဝင်ခဲ့ ထောက်ခံခဲ့တယ်ဆိုတဲ့ အချက်တွေကို စဉ်းစားပြီး ဇဝါဟီရီဟာ ဥပဒေနဲ့ ညီညွတ်တဲ့ တိုက်ခိုက်နိုင်တဲ့ပစ်မှတ်တစ်ခု ဖြစ်တယ်လို့ ကောက်ချက်ချခဲ့ကြပါတယ်။
ဇူလိုင် ၂၅ ရက်နေ့မှာ နောက်ဆုံးတစ်ကြိမ် သူ့အဖွဲ့သားတွေနဲ့ တွေ့ဆုံပြီး အကြံပေးတွေရဲ့ သဘောထားကိုလည်း ရယူပြီးချိန်မှာတော့ မစ္စတာဘိုင်ဒန်က တိုက်ခိုက်ဖို့ခွင့်ပြုအမိန့်ပေးလိုက်ပါတယ်။
စစ်ဆင်ရေးစပြီ
ဇူလိုင် ၃၁ ရက် တနင်္ဂနွေနေ့ အာဖဂန်ဒေသစံတော်ချိန် မနက် ၆ နာရီ ၁၈ မိနစ် ( မနက် ၁ နာရီ ၃၈ မိနစ် GMT) မှာတော့ ဒရုန်းမောင်းသူမဲ့ယာဉ်က ပစ်လွှတ်လိုက်တဲ့ Hellfire ငရဲမီး ဒုံးကျည်နှစ်စင်းဟာ ဇဝါဟီရီရဲ့ အိမ် လသာဆောင်ကို ထိမှန်ပြီး အယ်လ်ကိုင်းဒါး ခေါင်းဆောင် သေဆုံးသွားခဲ့ပါတယ်။ သူ့မိသားစုဝင်တွေကတော့ ထိခိုက်မှု မရှိဘူးလို့ ထောက်လှမ်းရေးအရာရှိတွေက ပြောပါတယ်။
ဒီတိုက်ခိုက်မှု ဖြစ်ပြီးချိန် တွေ့ရတဲ့အနေအထားအရ အိမ်ရဲ့ ပြတင်းပေါက်တွေ ပွင့်ထွက်နေပေမဲ့ တခြားနေရာတွေ ပျက်စီးမှုမရှိတာကို အံ့သြစရာ တွေ့ရပါတယ်။
တိုက်ခိုက်မှုမှာ သုံးခဲ့တဲ့ ဒုံးကျည်က Hellfire ဒုံးကျည်ထဲက လူအများ သိပ်မသိကြတဲ့ အမျိုးအစားဖြစ်ပြီး၊ ထိမှန်ရင် ပေါက်ကွဲသွားတဲ့ ထိပ်ဖူးမပါတဲ့ အမျိုးအစားဖြစ်တယ်လို့ သတင်းတချို့ကဆိုပါတယ်။ AGM-114R9X အမျိုးအစားဟာ ပစ်မှတ်ကို ထိမှန်ခါနီးချိန်မှာ ဒုံးကျည်ကိုယ်ထည်က ဓားသွားခြောက်လက်ထွက်လာတဲ့ အမျိုးအစားဖြစ်ပါတယ်။
အဲဒီဓားသွားတွေက ဒုံးကျည်ရဲ့ အရှိန်နဲ့ ပစ်မှတ်ကိုထိမှန်ဖျက်ဆီးပစ်တာဖြစ်ပြီး ဘေးကိုထိမှန် အန္တရာယ်ဖြစ်စေတာမျိုး နည်းပါးပါတယ်။

တိုက်ခိုက်မှုဖြစ်ပြီးချိန်မှာ မိုင်ထောင်ပေါင်းများစွာဝေးကွာတဲ့ ဝါရှင်တန်မှာရှိနေတဲ့ သမ္မတကို စစ်ဆင်ရေးအောင်မြင်ပြီ ဖြစ်ကြောင်း သူ့အဖွဲ့က အသိပေးခဲ့ကြပါတယ်။
တနင်္ဂနွေနေ့မှာတော့ တာလီဘန်ပြည်ထဲရေးဝန်ကြီးဌာနက ဒေသခံသတင်းမီဒီယာတစ်ခုကို ဒုံးကျည်တစ်စင်း အိမ်အလွတ်တစ်လုံးကိုထိမှန်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ လုံးဝမရှိဘူးလို့ ပြောခဲ့ပါတယ်။ အသေးစိတ်ကိုတော့ သူတို့က မထုတ်ပြန်ပါဘူး၊ မပြောပြပါဘူး။
ဒါပေမဲ့ သိပ်မကြာခင်မှာပဲ တာလီဘန်အဖွဲ့ထဲက အစွန်းရောက် ဟာကာနီကွန်ရက်က အဖွဲ့ဝင်တွေဟာ ဇဝါဟီရီရဲ့ မိသားစုကို အဲဒီနေရာက အမြန်ခေါ်ထုတ်သွားခဲ့ပြီး ဇဝါဟီရီရှိနေခဲ့တယ်ဆိုတဲ့ သက်သေတွေကိုလည်း ဖုံးဖိဖျောက်ဖျက်ဖို့ ကြိုးစားခဲ့တာတွေ့ရတယ်လို့ အမေရိကန်အစိုးရက ထုတ်ပြောလာပါတယ်။
တနင်္လာနေ့မနက်မှာ အဲဒီ အိမ်နေရာကို ဘီဘီစီသတင်းထောက်တစ်ယောက်ရောက်သွားတော့ လမ်းကို ပိတ်ပြီးစောင့်နေတဲ့ တာလီဘန်စစ်သားတွေက သူ့ကို သေနတ်နဲ့ချိန်လို့ အဲဒီနေရာမှာ "ဘာမှ ကြည့်စရာ မရှိဘူး" လို့ ပြောပြီး ထွက်သွားခိုင်းခဲ့ပါတယ်။

ရုပ်အလောင်းနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း မသိရ
အမေရိကန် အရာရှိတွေက သူတို့ရထားတဲ့ ထောက်လှမ်းရေးအချက်အလက်တွေကို ဘက်စုံက ကြည့်ပြီး ဇဝါဟီရီသေဆုံးသွားပြီဆိုတာကို အတည်ပြုနိုင်တယ်လို့ ဆိုပါတယ်။ အမေရိကန်တစ်ယောက်မှ ကာဘူးလ်မြို့မှာ ရှိမနေဘူးဆိုတာကိုလည်း သူတို့က အလေးအနက်ပြောပါတယ်။ သူတို့စစ်ဆင်ရေးအောင်မြင်တယ်ဆိုတာ ဘယ်လိုအတည်ပြုနိုင်သလဲဆိုတာ ထပ်မေးတဲ့အခါမှာတော့ အသေးစိတ်ထုတ်ပြောဖို့ ငြင်းကြပါတယ်။
ထောက်လှမ်းရေးအဖွဲ့တွေဟာ သူတို့အတွက် သူလျှိုလုပ်ပေးနေသူတွေ ဘယ်လိုလူတွေဆိုတာ အပြင်က မသိအောင် လုံခြုံစွာထိန်းသိမ်းထားတတ်ကြပါတယ်။ သမ္မတအိုဘားမားလက်ထက်က အမျိုးသားထောက်လှမ်းရေး ညွှန်ကြားရေးမှူး လုပ်ခဲ့သူ ဂျိမ်းစ်ကလက်ပါကတော့ ကာဘူးလ်မှာရှိတဲ့ အမေရိကန်ရဲ့ မဟာမိတ်ဟောင်းတွေက သတင်းပေးတာ ဖြစ်ဖို့များတယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုအပြီးမှာ ဇဝါဟီရီရဲ့ ရုပ်အလောင်း ဘာဖြစ်သွားတယ်ဆိုတာလည်း မရှင်းပါဘူး။ အမေရိကန်တွေဘက်ကတော့ သူ့ရုပ်အလောင်းကို ရယူဖို့ ကြိုးစားတာတွေမရှိဘူးလို့ အရာရှိတွေက ပြောပါတယ်။ အိုစမာဘင်လာဒင်ကို ဒီလို သတ်ဖြတ်ခဲ့တုန်းကတော့ သူ့ အလောင်းကို ရအောင်ယူလာခဲ့ကြပါတယ်။
အမေရိကန်အထူးတပ်ဖွဲ့တွေက ဘင်လာဒင်သေဆုံးကြောင်း အတည်ပြုနိုင်အောင် သူ့အလောင်းကို ပြန်ယူလာခဲ့ကြပြီး သူ့အလောင်းကို အစ္စလာမ်မစ်အစွန်းရောက်အဖွဲ့တွေက သူရဲကောင်းဂူဗိမ္မာန်မလုပ်နိုင်အောင် ပင်လယ်ထဲချ သင်္ဂြိုဟ်ခဲ့ပါတယ်။
အခုတော့ အဲဒီအိမ်နဲ့ နေရာကို တာလီဘန်တွေက ရှင်းလင်းလိုက်ပြီမို့ ဇဝါဟီရီအလောင်းကို သူတို့ ရသွားကြပြီလို့ ယူဆနိုင်ပါတယ်။
ဇဝါဟီရီကို သုတ်သင်ပြီးကြောင်း သမ္မတဘိုင်ဒန်က အိမ်ဖြူတော်ကနေ ကြေညာချက် ကမ္ဘာကို ပျံ့နှံ့လာချိန်မှာ တာလီဘန်ခေါင်းဆောင်တွေကတော့ အမေရိကန်တွေ သူတို့နိုင်ငံထဲ ကျူးကျော်ဝင်ရောက်တယ်ဆိုပြီး ပြင်းထန်စွာရှုတ်ချခဲ့ပါတယ်။ သူတို့ ကြေညာချက်မှာ ဇဝါဟီရီအကြောင်းကိုတော့ ထည့်သွင်းဖော်ပြတာမရှိခဲ့ပါဘူး။
အခုတော့ ဇဝါဟီရီကာဘူးလ်မှာ ခိုလှုံနေတယ်ဆိုတာ တာလီဘန်ထိပ်တန်းခေါင်းဆောင်တွေ ဘယ်လောက်သိသလဲ၊ သူတို့ကရော ဘယ်လိုတွေအကူအညီပေးနေခဲ့သလဲဆိုတဲ့ မေးခွန်းတွေ၊ ခန့်မှန်းချက်တွေ ရှိလာပါတယ်။
ကာဘူးလ်မြို့ခံတစ်ယောက်က ဇဝါဟီရီအိမ်ရှိတဲ့လမ်းကို တာလီဘန်စစ်သားတွေ အခု စောင့်ကြပ်နေပြီး အဲဒီရပ်ကွက်မှာ အာဖဂန်လူမျိုးမဟုတ်သူတွေ ရှိနေခဲ့တယ်ဆိုတာ အရပ်သားတွေကြား သိထားတဲ့ အချက်ဖြစ်တယ်လို့ ဘီဘီစီကို ပြောပါတယ်။
အဲဒီအတိုင်းဆိုရင်တော့ တာလီဘန်ခေါင်းဆောင်တွေကို မေးခွန်းထုတ်စရာတွေ ရှိနေတယ်လို့ ဆိုရမှာပါ။
(ဒုံးကျည် စနစ်အကြောင်း ခရစ္စ ပက်ထရစ်ဖြည့်စွက်ရေးသားသည်။)








