အမေရိကန်ရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် အယ်လ်ကိုင်းဒါးခေါင်းဆောင် အမန် အလ် ဇာဝါဟီရီ သေဆုံး

ဇာဝါဟီရီဟာ ၂၀၁၁ ခုနှစ်မှာ အိုစမာဘင်လာဒင်သေဆုံးခဲ့ပြီးတဲ့နောက် အယ်လ်ကိုင်းဒါး ခေါင်းဆောင်ပိုင်းနေရာယူခဲ့သူဖြစ်ပါတယ်။
ဓာတ်ပုံ ပုံစာ, ဇာဝါဟီရီဟာ ၂၀၁၁ ခုနှစ်မှာ အိုစမာဘင်လာဒင်သေဆုံးခဲ့ပြီးတဲ့နောက် အယ်လ်ကိုင်းဒါး ခေါင်းဆောင်ပိုင်းနေရာယူခဲ့သူဖြစ်ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံမှာ အမေရိကန်က မောင်းသူမဲ့ဒရုန်းလေယာဥ်ငယ်နဲ့ပြုလုပ်တဲ့ လေကြောင်းတိုက်ခိုက်မှု တစ်ခုအတွင်း အယ်လ်ကိုင်းဒါးခေါင်းဆောင် အမန် အလ် ဇာဝါဟီရီ သေဆုံးသွားပြီလို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အတည်ပြု ပြောဆိုပါတယ်။

အာဖဂန်မြို့တော် ကဘူးလ်မှာ အမေရိကန်ထောက်လှမ်းရေးဗဟို(CIA)က တနင်္ဂနွေနေ့တုန်းက ပြုလုပ်တဲ့ အကြမ်းဖက်မှု တန်ပြန်စစ်ဆင်ရေးမှာ အယ်လ်ကိုင်းဒါးခေါင်းဆောင် သေဆုံးခဲ့တာဖြစ်ပါတယ်။

မစ္စတာ ဘိုင်ဒန်ကတော့ ဇာဝါဟီရီဟာ ''အမေရိကန်ပြည်သူတွေအပေါ် လူသတ်မှုနဲ့ အကြမ်းဖက်မှု တသီတတန်းကြီးဖြစ်အောင် ပုံဖော်ခဲ့သူ''လို့ ပြောပါတယ်။

''အခုတော့ တရားမျှတမှုကို ပေးနိုင်ခဲ့ပါပြီ။ ဒီအကြမ်းဖက်ခေါင်းဆောင် မရှိတော့ပါဘူး'' လို့လည်း သမ္မတဘိုင်ဒန်က ပြောပါတယ်။

ဇာဝါဟီရီဟာ ၂၀၁၁ ခုနှစ်မှာ အိုစမာဘင်လာဒင် သေဆုံးခဲ့ပြီးတဲ့နောက်မှာ အယ်လ်ကိုင်းဒါးခေါင်းဆောင်ဖြစ်လာသူဖြစ်ပါတယ်။ သူနဲ့ ဘင်လာဒင်တို့ဟာ ၉/၁၁ တိုက်ခိုက်မှုတွေကို ပူးပေါင်းကြံစည်ခဲ့ကြသူတွေဖြစ်ပြီး သူဟာ အမေရိကန်ရဲ့ အလိုအရှိဆုံး အကြမ်းဖက်သမားတွေထဲကတစ်ဦးလည်းဖြစ်ပါတယ်။

အမေရိကန်အရာရှိတွေကတော့ ဒရုန်းကနေ ဒုံးကျည် ၂ စင်းကို ပစ်လွှတ်တိုက်ခိုက်လိုက်တဲ့အချိန်မှာ ဇာဝါရီဟာ သူ့လျှို့ဝှက် ခိုလှုံရာအိမ်ရဲ့လသာဆောင်မှာ ရှိနေခဲ့တယ်လို့ ပြောပါတယ်။

တခြားမိသားစုဝင်တွေလည်း အဲဒီမှာရှိနေခဲ့ပေမဲ့ အဲဒီလူတွေ ထိခိုက်မှု မရှိခဲ့ဘဲ ဇာဝါဟီရီတစ်ယောက်ပဲ တိုက်ခိုက်မှုမှာ သေဆုံးခဲ့တယ်လို့ အဲဒီအရာရှိတွေက ထပ်လောင်းပြောဆိုပါတယ်။

ဘင်လာဒင်နဲ့ ဇာဝါဟီရီတို့ဟာ အမေရိကန်အပေါ် စစ်ကြေညာခဲ့ကြသူတွေဖြစ်ပြီး ၉/၁၁ တိုက်ခိုက်မှုကို ပူးတွဲကြံစည်ခဲ့ကြ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဘင်လာဒင်နဲ့ ဇာဝါဟီရီတို့ဟာ အမေရိကန်အပေါ် စစ်ကြေညာခဲ့ကြသူတွေဖြစ်ပြီး ၉/၁၁ တိုက်ခိုက်မှုကို ပူးပေါင်းကြံစည်ခဲ့ကြ

သမ္မတ ဘိုင်ဒန်ကတော့ ဒီတိုက်ခိုက်မှုပြုလုပ်ဖို့ လနဲ့ချီအောင် စီစဥ်ခဲ့ရပြီး အယ်လ်ကိုင်းဒါးခေါင်းဆောင် အသက် ၇၁ နှစ်အရွယ် ဇာဝါရီကို တိုက်ခိုက်ရာမှာ ပစ်မှတ်တိတိကျကျပစ်ခတ်ဖို့ နောက်ဆုံး အတည်ပြုချက်ကို သူပေးခဲ့တာလို့ ပြောပါတယ်။

အခုလို သူ့ကို သတ်ဖြတ်မှုဟာ ၂၀၀၁ ခုနှစ်တုန်းက အမေရိကန်ပြည်ထောင်စုအတွင်း သေဆုံးခဲ့ရသူလူပေါင်း ၃၀၀၀ နီးပါးရဲ့ မိသားစုဝင်တွေအတွက် စိတ်ဖြေစရာသိမ့်နိုင်မှုဖြစ်လာလိမ့်မယ်လို့လည်း သမ္မတက ပြောပါတယ်။

မစ္စတာဘိုင်ဒန်ကတော့ ဇာဝါဟီရီဟာ ၂၀၀၀ ပြည့်နှစ် အောက်တိုဘာလတုန်းက ဖြစ်ပွားခဲ့ပြီး အမေရိကန်ရေတပ်သား ၁၇ ဦးသေဆုံးခဲ့တဲ့ အမေရိကန်ရေတပ်ဖျက်သင်္ဘော USS Cole ကို အသေခံဗုံးခွဲမှု၊ နောက် ၁၉၉၈ ခုနှစ်တုန်းက လူပေါင်း ၂၂၃ ဦးသေဆုံးစေခဲ့တဲ့ ကန်ညာနဲ့ တန်ဇန်းနီးယားနိုင်ငံတို့က အမေရိကန်သံရုံးတွေကို တိုက်ခိုက်မှုတွေအပါအဝင် အကြမ်းဖက်မှုတွေကို ကြိုးကိုင်ခဲ့သူလို့ ပြောပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံဟာ အကြမ်းဖက်သမားတွေ ဘေးကင်းခုံလှုံရာနေရာတစ်ခု နောက်တစ်ကြိမ်ဖြစ်မလာစေရဘူးဆိုပြီး သမ္မတက ပြောပါတယ်။

တာလီဘန်အဖွဲ့ ပြောခွင့်ရသူကတော့ အမေရိကန်ရဲ့ အခုစစ်ဆင်ရေးဟာ နိုင်ငံတကာစည်းမျဥ်းတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုဖြစ်တယ်လို့ ပြောပေမဲ့ ဇာဝါဟီရီအကြောင်းတော့ ထည့်မပြောသွားပါဘူး။

''ဒီလိုလုပ်ရပ်မျိုးဟာ လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းက ပျက်ခဲ့တဲ့အတွေ့အကြုံတွေ ထပ်ဖြစ်လာတာဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၊ အာဖဂန်နစ္စတန်နဲ့ ဒေသတွင်းအကျိုးစီးပွားတွေအတွက်လည်း လားရာဆန့်ကျင်နေတယ်''လို့ သူက ထပ်လောင်း ပြောဆိုပါတယ်။

ဒါပေမဲ့ အမေရိကန်အရာရှိတွေကတော့ ဒီစစ်ဆင်ရေးဟာ တရားရေးအခြေခံလုပ်ခဲ့တာဆိုပြီး ပြောပါတယ်။

ဇာဝါဟီရီကို ရှင်းလင်းမှုဟာ သမ္မတ ဘိုင်ဒန်အမိန့်တွေနဲ့ အမေရိကန်တပ်ဖွဲ့တွေ အာဖဂန်နိုင်ငံထဲကနေ ပြန်ရုတ်သိမ်းမှု ပေါ်ပေါက်ပြီး တစ်နှစ်နီးပါးအကြာမှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။

အမေရိကန်နဲ့ ၂၀၂၀ ပြည့်နှစ်မှာ ရရှိထားတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်အရ တာလီဘန်အဖွဲ့ဟာ အယ်လ်ကိုင်းဒါးရော တခြား အစွန်းရောက်အဖွဲ့တွေကိုပါ သူတို့ထိန်းချုပ်နယ်မြေတွေမှာ လှုပ်ရှားခွင့်မပြုဖို့ အချက်လည်း ပါဝင်ပါတယ်။

ဒါပေမဲ့ တာလီဘန်နဲ့ အယ်လ်ကိုင်းဒါးအဖွဲ့ဟာ ကာလရှည်ကြာမဟာမိတ်တွေဖြစ်ကြပြီး အမေရိကန်အရာရှိတွေကတော့ တာလီဘန်တွေဟာ ကဘူးလ်မြို့မှာ ဇာဝါဟီရီရှိတယ်ဆိုတာကို သတိထားမိတယ်လို့ဆိုပါတယ်။