ဘောရစ်ဂျွန်ဆင် ဝန်ကြီးချုပ် ရာထူးနေရာမှာ ဆက်ရှိနိုင်ဖို့ အတော်လေး အခက်ကြုံ

ဘောရစ်ဂျွန်ဆင်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ပါလီမန်အတွင်း ဖြေဆိုရဖို့ ရှိနေ

ဗြိတိသျှ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာ ရာထူးနေရာမှာ ဆက်ရှိနိုင်ဖို့ အတော်လေး အခက်ကြုံ နေရပြီ ဖြစ်ပါတယ်။

သူ့ရဲ့ ဦးဆောင်မှုကို မလိုလားကြောင်း ပြသတဲ့ အနေနဲ့ ရာထူးအကြီးပိုင်းက သူတွေ အစိုးရ အဖွဲ့ကနေ နုတ်ထွက်တာတွေ ဆက်ပြီး ပေါ်ပေါက် နေပါတယ်။

ဘောရစ်ဂျွန်ဆင်နဲ့ အတွဲညီခဲ့တဲ့ အစိုးရ ကက်ဘိနက်အတွင်း ထိပ်ဆုံးပိုင်းက သူတွေလို့ ပြောနိုင်တဲ့ ဘဏ္ဍာရေး ဝန်ကြီး ရီရှီ ဆူနက်ခ်နဲ့ ကျန်းမာရေးဝန်ကြီး ဆာဂျစ်ဂျာဗစ်တို့ နုတ်ထွက်သွားကြသလို၊ အငယ်တန်းဝန်ကြီး အဆင့်ကသူ တချို့လည်း ရာထူးကနေ ထွက်နေကြပါတယ်။

နာဒင်းမ် ဇဟာဝီ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘဏ္ဍာရေး ဝန်ကြီး နေရာကို ၃ နှစ် အတွင်း ၄ ယောက်မြောက် ဖြစ်လာတဲ့ နာဒင်းမ် ဇဟာဝီ

ဘဏ္ဍာရေးဝန်ကြီး အသစ် ဖြစ်လာတဲ့ နာဒင်းမ် ဇဟာဝီကတော့ အစိုးရ အဖွဲ့အတွင်း ညီညွတ်ကြပါ ဆိုပြီး တိုက်တွန်း နေပါတယ်။

ဒါပေမဲ့လည်း ရာထူးကနေ ထွက်ကြသူ နောက်ထပ် ၃ ယောက်ထိ ဆက်ရှိလာပြီး အခုဆိုရင် ဘောရစ်ဂျွန်ဆင်ကို မလိုလားကြောင်း ပြတဲ့ အနေနဲ့ အစိုးရအဖွဲ့ကနေ နုတ်ထွက်ကြသူ စုစုပေါင်း အနည်းဆုံး ၁၃ ဦးထိ ရှိလာပြီ ဖြစ်ပါတယ်။

ဒီကနေ့ ဇူလိုင် ၆ ရက် နေ့ သိပ်မကြာခင် အချိန်မှာပဲ ဘောရစ်ဂျွန်ဆင်ဟာ ပါလီမန်အတွင်း ဝါရင့် နိုင်ငံရေးသမားတွေရဲ့ ရှေ့မှောက် မေးခွန်းထုတ်မှုတွေကို ဖြေဆိုရဖို့ ရှိနေပါတယ်။

ဘောရစ်ဂျွန်ဆင်ရဲ့ လူတွေလို့ ရှုမြင်ထားကြတဲ့ ဘဏ္ဍာရေး ဝန်ကြီး ရီရှီ ဆူနက်ခ်နဲ့ ကျန်းမာရေး ဝန်ကြီး ဆာဂျစ် ဂျာဗစ်တို့ကိုယ်တိုင် ထွက်သွားကြတဲ့ ဖြစ်ရပ်ဟာ မစ္စတာဂျွန်ဆင့်ရဲ့ ဝန်ကြီးချုပ် ရာထူးနေရာကို အတော်လေး လှုပ်ခါ သွားစေပြီး၊ ဂျွန်ဆင်အစိုးရအဖွဲ့ အကြပ်အတည်း အကြီးမားဆုံး ဆိုက်ရောက်ချိန်လို့ ပြောနိုင်ပါတယ်။

ပါလီမန် အတွင်း ကွန်ဆာဗေးတစ်ဗ် ပါတီရဲ့ လက်ထောက် စည်းကမ်း ထိန်းသိမ်းရေးမှူး အဖြစ် ခရစ္စ ပင်ချာ ဆိုသူကို အခုနှစ် အစောပိုင်းက မစ္စတာဂျွန်ဆင် ခန့်အပ်ရာထူးပေးခဲ့တဲ့ လုပ်ရပ်ကို ကန့်ကွက်တဲ့ အနေနဲ့ မစ္စတာဂျွန်ဆင်ရဲ့ အနီးကပ်ဆုံး အတွင်းစည်းထဲက ထိပ်တန်း ဝန်ကြီးတွေ ဖြစ်တဲ့ ရီရှီ ဆူနက်ခ်နဲ့ ဆာဂျစ်ဂျာဗစ်တို့ ဇွန် ၅ ရက် အင်္ဂါနေ့က နုတ်ထွက်ကြတာ ဖြစ်ပါတယ်။

ရီရှီ ဆူနက်ခ်နဲ့ ဆာဂျစ်ဂျာဗစ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, တွင်းစည်းထဲက ထိပ်တန်း ဝန်ကြီးတွေ ဖြစ်တဲ့ ရီရှီ ဆူနက်ခ်နဲ့ ဆာဂျစ်ဂျာဗစ်တို့ ဇွန် ၅ ရက် အင်္ဂါနေ့က နုတ်ထွက်ကြ

ဗြိတိသျှ အစိုးရရဲ့ အပြုအမူတွေဟာ အခု လက်ရှိ အနေအထားတဲ့ ပိုပြီး ဆီလျော် သင့်မြတ် မှန်ကန်မှု ရှိဖို့၊ တာဝန် ဝတ္တရားတွေကို ထိုက်ထိုက်တန်တန် ကျေပွန်အောင် ထမ်းဆောင်နိုင်ဖို့၊ အလေးအနက် ရှိကြဖို့ အများပြည်သူဘက်က လိုချင်နေကြတယ် ဆိုပြီး ဘဏ္ဍာရေး ဝန်ကြီး ရာထူးက နုတ်ထွက်တဲ့ မစ္စတာ ဆူနက်ခ်က ဆိုပါတယ်။

မစ္စတာ ဂျာဗစ်ကလည်း အခု အစိုးရဟာ တိုင်းပြည်အကျိုး အလို့ငှာ လုပ်ဆောင်နေတာမျိုး မဟုတ်ဘူးလို့ ပြန်လည် ဝေဖန်ရင်း ကျန်းမာရေး ဝန်ကြီး ရာထူးကို စွန့်တာ ဖြစ်ပါတယ်။

ရီရှီဆူနက်ခ် ထွက်သွားပြီးတဲ့နောက် ဗြိတိန်နိုင်ငံရဲ့ ဘဏ္ဍာရေး ဝန်ကြီး နေရာကို ၃ နှစ် အတွင်း ၄ ယောက်မြောက် အဖြစ် မစ္စတာ ဇဟာဝီ ရောက်လာသလို၊ ဝန်ကြီးချုပ် ရုံးအဖွဲ့မှူး အဖြစ် လုပ်ဆောင်နေတဲ့ စတိဗ် ဘာ့ကလေလည်း ရာဂျစ်ဂျာဗစ်ရဲ့ နေရာမှာ ကျန်းမာရေး ဝန်ကြီး ဖြစ်လာပါတယ်။

ပညာရေးပိုင်း အငယ်တန်း ဝန်ကြီးတွေ ဖြစ်တဲ့ ဝီလ်ကွင့်စ်နဲ့ ရော်ဘင်ဝေါ်လ်ကာ၊ ဝန်ကြီးအဆင့် အကြံပေး လော်ရာထရော့တို့လည်း ဒီကနေ့ ဇွန် ၆ ရက်၊ ဗုဒ္ဓဟူးနေ့မှာ နုတ်ထွက်ကြပါတယ်။

လိင်ပိုင်းဆိုင်ရာ မဖွယ်မရာမှုတွေ ကျူးလွန်ခဲ့ကြောင်း စွပ်စွဲမှုတွေရှိနေသူ ခရစ္စပင်ချာကို ရာထူးနေရာ ပေးခဲ့တာဟာ မှားယွင်းတဲ့ လုပ်ရပ် ဖြစ်တယ်လို့ မစ္စတာ ဂျွန်ဆင်က ဝန်ခံထားပါတယ်။

မစ္စတာ ပင်ချာကို ရာထူးနေရာ ပေးစဥ် အချိန်တုန်းက ဝန်ကြီးချုပ် ဂျွန်ဆင် အနေနဲ့ မစ္စတာ ပင်ချာအပေါ်မှာ ရှိနေတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဘယ်လောက် အတိုင်းအတာထိ သိရှိထားသလဲ ဆိုတဲ့ အပေါ် မေးခွန်းတွေ ထွက်လာခဲ့ပြီးတဲ့နောက်၊ ဝန်ကြီးချုပ်ရဲ့ ရုံးအဖွဲ့ထံက ထွက်လာတဲ့ တုန့်ပြန် ဖြေရှင်းမှုတွေဟာ တစ်ရက်ပြီးတစ်ရက် ပြောင်းလဲနေခဲ့ပါတယ်။

ပင်ချာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဝန်ကြီးချုပ် ဂျွန်ဆင် အနေနဲ့ မစ္စတာ ပင်ချာအပေါ်မှာ ရှိနေတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဘယ်လောက် အတိုင်းအတာထိ သိရှိထားသလဲ

အဲဒီနောက်မှာတော့ အခုလို အစိုးရ အဖွဲ့ထဲကနေ အစုလိုက် အပြုံလိုက် နုတ်ထွက်ကြတဲ့ အထိ အကြပ်အတည်း ဆိုက်ရောက် လာတာ ဖြစ်ပါတယ်။

အဲဒီထဲ ဝန်ကြီး ဝီလ်ကွင့်စ် ဆိုရင် လွန်ခဲ့တဲ့ ၂ ရက် တုန်းကအထိ မီဒီယာတွေနဲ့ အင်တာဗျူးတွေမှာ မစ္စတာ ဂျွန်ဆင့်ဘက်က ကာကွယ် ပြောဆို နေခဲ့သူ ဖြစ်ပါတယ်။

အခု အခါမှာတော့ အမှတ် ၁၀ ဒေါင်းနင်းလမ်းက သူ့ကို ပေးသိထားခဲ့တဲ့ ဖြေရှင်းချက်တွေဟာ မှန်ကန်တိကျမှု မရှိကြောင်း ပေါ်လွင်လာတဲ့နောက် နုတ်ထွက်ရတာ ဖြစ်တယ်လို့ မစ္စတာ ကွင့်စ်က ဆိုပါတယ်။

လက်ရှိ ဂယက်တွေရဲ့ မူလဇစ်မြစ်လို့ ပြောနိုင်တဲ့ လိင်ပိုင်း မဖွယ်မရာမှုတွေ ကျူးလွန်ကြောင်း စွပ်စွဲမှုတွေ ရှိနေတဲ့ မစ္စတာ ပင်ချာကိုတော့ တိုရီပါတီလို့လည်း ဗြိတိသျှ နိုင်ငံရေးမှာ ခေါ်ကြတဲ့ ကွန်ဆာဗေးတစ် ပါတီရဲ့ ပါလီမန် အမတ် အဖြစ်ကနေ ပြီးခဲ့တဲ့ သီတင်းပတ်ကပဲ ဆိုင်းငံ့လိုက်ပြီ ဖြစ်ပါတယ်။