တရုတ် - လ၊ အင်္ဂါဂြိုဟ်နဲ့ ပိုဝေးတဲ့ အာကာသအစီအစဥ်များ

ဓာတ်ပုံ ရင်းမြစ်, BBC; GETTY IMAGE; NASA
- ရေးသားသူ, ဝန်ယုစွန်နဲ့ ဂျာနာတာဆချင်ကီ
- ရာထူးတာဝန်, ဘီဘီစီသတင်း
တရုတ်နိုင်ငံ အာကာသစခန်းသစ်မှာ အလုပ်လုပ်မယ့် တရုတ်အာကာယာဉ်မှူး သုံး ဦးရဲ့ ခြောက်လကြာခရီးစဉ် စတင်လိုက်ပါပြီ။
ဒီခရီးစဉ်က ရှေ့ဆယ်စုနှစ်တွေအတွင်းမှာ တရုတ်နိုင်ငံကို ထိပ်တန်း အာကာသ အင်အားကြီးနိုင်ငံ ဖြစ်လာစေဖို့ အတွက် နောက်ဆုံးခြေလှမ်း ဖြစ်ပါတယ်။
ထျန်းကုန်းအာကာသစခန်းဆိုတာ ဘယ်လိုမျိုးလဲ
အရင်နှစ်က တရုတ်နိုင်ငံက သူတို့ရဲ့ ထျန်းကုန်း သို့မဟုတ် "ကောင်းကင်နန်းတော်" အာကာသစခန်းရဲ့ ပထမဆုံး အပိုင်းကို အာကာသပတ်လမ်းကြောင်းထဲကို လွှတ်တင်ခဲ့ပါတယ်။အဲ့ဒီမှာ အခုနှစ်ကုန်ကျရင် မန်းထျန်း သိပ္ပံဓာတ်ခွဲခန်းလို အပိုင်းတွေ ထပ်ဖြည့်ဖို့ အစီအစဉ််ရှိပါသေးတယ်။
လာမယ့်နှစ်မှာလည်း ရွှန်းထျန်း လို့ခေါ်တဲ့ အာကာသမှန်ပြောင်းကို လွှတ်တင်မှာ ဖြစ်ပါတယ်။ အဲ့ဒီမှန်ပြောင်းက အာကာသစခန်းအနီးမှာ ရှိနေမှာဖြစ်ပြီး ဝန်ဆောင်မှုနှင့် ဆီဖြည့်ဖို့အတွက် အထိုင်ချထားမှာပါ။
ထျန်းကုန်း အာကာသစခန်းမှာ ကိုယ်ပိုင်စွမ်းအင်စနစ်၊ တွန်းကန်အားပေးစနစ် ၊ အသက်ကယ်ထောက်ပံ့မှုစနစ်တွေနဲ့ လူနေအပိုင်းတွေ ရှိပါတယ်။
တရုတ်နိုင်ငံဟာ ဆိုဗီယက်ယူနီယံ (အခု ရုရှား) နှင့် အမေရိကန်တို့ပြီးရင် အာကာသထဲကို အာကာသယာဉ်မှူးတွေပို့နိုင်တာနဲ့ အာကာသစခန်းတည်ဆောက်နိုင်တဲ့ သမိုင်းတစ်လျှောက် တတိယ မြောက်နိုင်ငံ ဖြစ်ပါတယ်။

ထျန်းကုန်း အာကာသစခန်းအတွက် တရုတ်မှာကြီးမားတဲ့ ရည်မှန်းချက်ရှိပြီး ၂၀၃၁ ခုနှစ်မှာ ရပ်နားတော့မယ့် နိုင်ငံတကာ အာကာသစခန်း (ISS) နေရာမှာ အစားထိုးနိုင်ဖို့ မျှော်လင့်ထားပါတယ်။
လက်ရှိမှာလည်း အမေရိကန် အာကာသအေဂျင်စီ နာဆာက သတင်းအချက်အလက်တွေကို တရုတ်နိုင်ငံနဲ့ မမျှဝေဖို့ အမေရိကန်က တားမြစ်ထားတာကြောင့် တရုတ်အာကာသယာဉ်မှူးတွေလည်း နိုင်ငံတကာအာကာသစခန်း ISSက ဖယ်ထုတ်ခံထားရပါတယ်။
လကမ္ဘာနဲ့ အင်္ဂါဂြိုဟ်သွား ခရီးစဥ်တွေ
လနဲ့ အင်္ဂါဂြိုဟ်ကို ရောက်အောင်သွားဖို့ စီစဉ်ထားတဲ့ တရုတ်နိုင်ငံရဲ့ ရည်မှန်းချက်တွေက အဲဒီမှာတင် အဆုံးသတ်သွားမှာ မဟုတ်ပါဘူး။
လွန်ခဲ့နှစ်အနည်းငယ်ကနေ အခုအချိန်အထိ ကမ္ဘာမြေအနီးက ဂြိုဟ် သိမ်ဂြိုဟ်မွှားတွေက လွင့်စင်လာတဲ့ အစိတ်အပိုင်းနမူနာတွေကို တရုတ်က လိုချင်နေတာပါ။
၂၀၃၀ ခုနှစ်မှာ သူတို့ရဲ့ ပထမဆုံးအာကာသယာဉ်မှူးတွေကို လပေါ်မှာထားဖို့ တရုတ်က ရည်မှန်းထားပြီး အင်္ဂါဂြိုဟ်နဲ့ ကြာသပတေးဂြိုဟ်တို့က နမူနာတွေကို စုဆောင်းဖို့အတွက်လည်း အာကာသယာဉ်တွေ စေလွှတ်သွားဖို့ ရည်မှန်းထားပါတယ်။

တခြားနိုင်ငံတွေကရော ဘာလုပ်နေကြလဲ
တရုတ်နိုင်ငံက အာကာသမှာ ချဲ့ထွင်လာနေတဲ့အလားတူ တခြားနိုင်ငံတွေကလည်း လပေါ်ရောက်ဖို့ ရည်မှန်းချက်ထား လုပ်ဆောင်နေကြပါတယ်။
နာဆာကလည်း ၂၀၂၅ ခုနှစ်ကစပြီး အမေရိကန်နဲ့အခြားနိုင်ငံတွေက အာကာသယာဉ်မှူးတွေနဲ့ အတူ လပေါ်ပြန်သွားဖို့ စီစဉ်ထားပြီး သူတို့ရဲ့ ဧရာမ SLS ဒုံးပျံအသစ်ကို ကနေဒီအာကာသစခန်းမှာ ရွှေ့ထားပြီးပြီ ဖြစ်ပါတယ်။
ဂျပန်၊ တောင်ကိုရီးယား၊ ရုရှား၊ အိန္ဒိယ၊ အာရပ်စော်ဘွားများ ပြည်ထောင်စုတို့ကလည်း သူတို့ရဲ့ လသွားအစီအစဉ်တွေကို အသီးသီး လုပ်ဆောင် နေကြပါတယ် ။
အိန္ဒိယနိုင်ငံဟာ သူတို့ရဲ့ ဒုတိယမြောက် လသွားအစီအစဉ်ကို စတင်လုပ်ဆောင်နေပြီဖြစ်ပြီး ၂၀၃၀ မှာကိုယ်ပိုင်အာကာသစခန်းထားရှိဖို့လည်း ဆန္ဒရှိနေပါတယ်။
တစ်ချိန်တည်းမှာပဲ လသွားခရီးစဥ်တွေကို နာဆာနဲ့တွဲလုပ်နေတဲ့ ဥရောပအာကာသအေဂျင်စီက အာကာသယာဉ်မှူးတွေ ကမ္ဘာနဲ့ ဆက်သွယ်ရလွယ်ကူစေဖို့ လကမ္ဘာဂြိုဟ်တုကွန်ရက်တစ်ခု တည်ဆောက်လည်း ဖို့စီစဉ်နေပါတယ်။
အာကာသအတွက် စည်းမျဉ်းတွေကို ဘယ်သူက ချမှတ်တာလဲ
- ၁၉၆၇ ခုနှစ် ကုလသမဂ္ဂအာကာသဆိုင်ရာ သဘောတူစာချုပ်အရ အာကာသထဲက ဘယ်နေရာကိုမှ ဘယ်နိုင်ငံကမှ တောင်းဆိုတာကို ခွင့်မပြု
- ၁၉၇၉ ခုနှစ် ကုလသမဂ္ဂ လကမ္ဘာဆိုင်ရာ သဘောတူညီချက်အရ အာကာသကို စီးပွားရေးအရ အသုံးချခွင့်မပြုသင့်ဘူးလို့ ဆိုထားပေမယ့် အဲ့ဒီအဆိုပြုချက်ကို သဘောတူလက်မှတ်ထိုးဖို့ အမေရိကန်၊ တရုတ်နဲ့ ရုရှားတို့က ငြင်းဆိုထား
- လက်ရှိအချိန်မှာ အမေရိကန်က သူတို့ရဲ့ Artemis သဘောတူညီချက်ကို လူတွေလက်ခံလာအောင်မြှင့်တင်နေပြီး အဲ့ဒီထဲမှာ နိုင်ငံတွေက လကမ္ဘာက ဓာတ်သတ္တုတွေကို ထုတ်ယူခွဲ၀ေ သုံးစွဲနိုင်တဲ့နည်းလမ်းကို ရှင်းလင်းဖော်ပြထား
- အမေရိကန်နိုင်ငံအနေနဲ့ အာကာသဆိုင်ရာစည်းမျဉ်းတွေကို ချမှတ်ပိုင်ခွင့်မရှိဘူးလို့ ပြောနေကြပြီး ရုရှားနဲ့ တရုတ်တို့ကလည်း အဲဒီ သဘောတူညီချက်ကို လက်မှတ်ရေးထိုးကြမှာ မဟုတ်
တရုတ်ရဲ့ အာကာသသမိုင်းကြောင်း
တရုတ်နိုင်ငံဟာ ယဉ်ကျေးမှုတော်လှန်ရေးရဲ့ ကြီးမားတဲ့ အနှောက်အယှက် အခက်အခဲတွေ ဖြတ်သန်းပြီးခဲ့တဲ့နောက် သူတို့နိုင်ငံရဲ့ ပထမဆုံးဂြိုဟ်တုကို ၁၉၇၀ ခုနှစ်မှာမှ ကမ္ဘာပတ်လမ်းကြောင်းထဲ လွှတ်တင်နိုင်ခဲ့ပါတယ်။
အဲဒီအခြေအနေမှာ အာကာသထဲ လှုပ်ရှားမှုတွေ လုပ်နေနိုင်တဲ့ နိုင်ငံတွေက အမေရိကန်၊ ဆိုဗီယက်ယူနီယံ၊ ပြင်သစ်နဲ့ ဂျပန်တို့ပဲ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်းမှာတော့ တရုတ်နိုင်ငံက ဒုံးပျံအစင်း ၂၀၀ ကျော် လွှတ်တင်ခဲ့ပါတယ်။
လကမ္ဘာထဲက ကျောက်နမူနာတွေ စုဆောင်းပြီး ပြန်သယ်လာဖို့ ချန်အီ-၅ လို့ခေါ်တဲ့ လူမပါတဲ့ မောင်းသူမဲ့ခရီးစဥ်တစ်ခုကိုလည်း တရုတ်က စေလွှတ်ခဲ့ပြီး ဖြစ်ပါတယ်။
ပြီးတော့ အရင်က အမေရိကန်အလံတွေ စိုက်ထူထားတာထက် တမင်ပိုကြီးထားတဲ့ တရုတ်အလံကို လမျက်နှာပြင်ပေါ်မှာ စိုက်ထားခဲ့ပါတယ်။
ရှန်ကျိုး-၁၄ လွှတ်တင်မှုနဲ့အတူ တရုတ်နိုင်ငံက အာကာသယာဉ်မှူး ၁၄ ဦးကိုလည်း အာကာသထဲကို စေလွှတ်ပို့ဆောင်ခဲ့ပြီး ဖြစ်ပါတယ်။ အမေရိကန်ကတော့ အာကာသယာဉ်မှူး ၃၄၀ နဲ့ ဆိုဗီယက်ယူနီယံ (ယခု ရုရှား) က ၁၃၀ ကျော် ပို့ထားနိုင်ခဲ့ကြပါတယ်။
ဒါပေမယ့် အဆင်မပြေမှုတွေလည်း ရှိခဲ့ပါတယ်။၂၀၂၁ခုနှစ်မှာ တရုတ်ဒုံးပျံတစ်စင်း ဂြိုဟ်ပတ်လမ်းက ပြုတ်ကျပြီး အတ္တလန္တိတ်သမုဒ္ဒရာထဲ ပျက်ကျခဲ့သလို ၂၀၂၀ခုနှစ်တုန်းက လွှတ်တင်မှုနှစ်ကြိမ်မှာလည်း အောင်မြင်မှုမရခဲ့ပါဘူး။

တရုတ်အာကာသအစီအစဥ်အတွက် ဘယ်သူငွေပေးနေလဲ
တရုတ်နိုင်ငံရဲ့ အာကာသစီမံကိန်းတွေမှာ အနည်းဆုံး လူ ၃၀၀,၀၀၀ လောက် အလုပ်လုပ်နေကြတယ်လို့ တရုတ်အစိုးရပိုင် မီဒီယာ ဆင်ဟွာက ဖော်ပြခဲ့ပါတယ်။ အဲ့ဒီအရေအတွက်က နာဆာမှာ အလုပ်လုပ်နေတဲ့ လူအရေအတွက်ထက်တောင် ၁၈ဆ နီးပါးပို များပါတယ်။
တရုတ်အမျိုးသား အာကာသစီမံကွပ်ကဲမှုအဖွဲ့ကို ကနဦး နှစ်စဉ်အသုံးစရိတ် ယွမ်နှစ်ဘီလီယံ (ဒေါ်လာသန်း ၃၀၀၊ ပေါင်သန်း ၂၄၀)နဲ့ ၂၀၀၃ ခုနှစ်က တည်ထောင်ခဲ့ပါတယ်။
ဒါပေမယ့် ၂၀၁၆ ခုနှစ်မှာ တရုတ်နိုင်ငံက သူတို့ရဲ့ အာကာသလုပ်ငန်းထဲမှာ ပုဂ္ဂလိကကုမ္ပဏီတွေကို လုပ်ပိုင်ခွင့်ဖွင့်ပေးခဲ့ပြီး အခုအချိန်မှာ တစ်နှစ်ကို ယွမ် ၁၀ ဘီလီယံ (ဒေါ်လာ ၁.၅ ဘီလီယံ၊ ပေါင် ၁.၂ ဘီလီယံ)ကျော် ရင်းနှီးမြှုပ်နှံနေတယ်လို့ တရုတ်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဘာကြောင့် တရုတ်က အာကာသထဲကို သွားတာလဲ
တရုတ်နိုင်ငံက သူတို့နိုင်ငံရဲ့ ဂြိုဟ်တုနည်းပညာ ဖွံ့ဖြိုးရေးကို စိတ်အားထက်သန်နေပြီး ဆက်သွယ်ရေး၊ လေကြောင်း သွားလာမှု စီမံခန့်ခွဲရေး၊ မိုးလေဝသခန့်မှန်းချက်၊ လမ်းညွှန်စနစ်နဲ့ အခြားအရာတွေ အတွက် သုံးချင်နေတာပါ။
ဒါပေမဲ့ သူတို့ ဂြိုဟ်တုအများအပြားမှာ စစ်ရေးရည်ရွယ်ချက်တွေလည်း ရှိပါတယ် ။အဲ့ဒီဂြိုလ်တုတွေက ပြိုင်ဘက်အင်အားကြီးနိုင်ငံတွေကို ထောက်လှမ်းတာမှာ သုံးနိုင်ပြီး တာဝေးပစ်ဒုံးကျည်တွေကို လမ်းညွှန်ပေးနိုင်ပါတယ်။
တရုတ်နိုင်ငံဟာ လူသိများတဲ့ အာကာသခရီးစဥ်တွေကိုတင် အာရုံစိုက်ရုံတာမဟုတ်ဘဲ "အာကာသ ကဏ္ဍပေါင်းစုံမှာလည်း ထူးချွန်တယ်။ သူတို့မှာ နိုင်ငံရေး စေ့ဆော်မှုတွေနဲ့ သူတို့ရဲ့ အစီအစဉ်တွေကို ရန်ပုံငွေရဖို့ အရင်းအမြစ်တွေလည်း ရှိတယ်"လို့ ပို့စ်မောက်တက္ကသိုလ် အာကာသ စီမံကိန်း မန်နေဂျာ လူစင် ဒါ ကင်းက ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ လသွားခရီးစဥ်တွေမှာ လမျက်နှာပြင်က ရှားပါးသတ္တုတွေကို ထုတ်ယူဖို့ အခွင့်အလမ်း တစ်စိတ်တစ်ပိုင်း လှုံ့ဆော်မှုတွေလည်း ရှိနေပါတယ်။
လကမ္ဘာကို ထပ်ခါတလဲလဲ တူးဖော်ရေးခရီးတွေ စေလွှတ်ဖို့ တရုတ်နိုင်ငံက အကုန်ကျခံမှာမဟုတ်ဘူးလို့ လန်ဒန်တက္ကသိုလ်က အာကာသပေါ်လစီနဲ့ ဥပဒေရေးရာ လန်ဒန်အင်စတီကျုရဲ့ ဒါရိုက်တာ ပါမောက္ခ ဆာအိဒ် မိုတက်စ်ဟာက ပြောပါတယ်။
အဲ့ဒီအစား တရုတ်နိုင်ငံရဲ့ အာကာသအစီအစဉ်က ကျန်တဲ့ကမ္ဘာ့နိုင်ငံတွေကို အထင်ကြီးစေမယ့်ဆန္ဒနဲ့ တွန်းအားပေးနေတာလို့ သူက ပြောပါတယ်။
"ဒါဟာ တန်ခိုးအာဏာကြီးလာဖို့အတွက်မှန်းဆပြီး နည်းပညာတိုးတက်မှုကို ပြတဲ့ လက္ခဏာပါ။"
ဂျရမီဟောင်းဝဲလ်နဲ့ တင်ဘိုလာတို့က ဖြည့်စွက်သတင်းတင်ဆက်ထားပါတယ်။









