ဘင်္ဂလားဒေ့ရှ် ပေါက်ကွဲမှု လူ ၄၀ ထက်မနည်း သေဆုံး

သိုလှောင်ရုံ၀င်းထဲက နေရာတချို့ ဆက်လက်မီးလောင်ကျွမ်းနေဆဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သိုလှောင်ရုံ၀င်းထဲက နေရာတချို့ ဆက်လက်မီးလောင်ကျွမ်းနေဆဲ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့အနီးက ပစ္စည်းသိုလှောင်ရုံ၀င်းတခုအတွင်း မီးလောင်ကျွမ်းခဲ့ပြီး ပြင်းထန်တဲ့ ပေါက်ကွဲမှုတခု ဖြစ်ခဲ့လို့ လူ ၄၉ ယောက် ထက်မနည်း သေဆုံးပြီး လူပေါင်းရာနဲ့ချီ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

စီတာခွန်ဒါမြို့က သိုလှောင်ရုံ၀င်းတခုမှာ သင်္ဘောကုန်သေတ္တာတွေ ပေါက်ကွဲမှု ဖြစ်ချိန်မှာ မီးငြှိမ်းသတ်ဖို့ လူပေါင်းရာနဲ့ချီ အဲဒီကို ရောက်လာကြပါတယ်။

အဲဒီက တချို့ကုန်သေတ္တာတွေထဲမှာ ဓာတုပစ္စည်းတွေ သိုလှောင်ထားတယ်လို့လည်း ယူဆရပါတယ်။

ဘေးအန္တရာယ်ဆိုင်ရာ စည်းမျဥ်းစည်းကမ်းတွေ လိုက်နာမှု အားနည်းလို့ စက်ရုံ အလုပ်ရုံတွေ မီးလောင်ကျွမ်းမှုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မကြာခဏဆိုသလို ဖြစ်လေ့ရှိပါတယ်။

ထိခိုက်ဒဏ်ရာရသူ အများအပြားဟာ စိုးရိမ်ရတဲ့ အခြေအနေဖြစ်လို့ လူသေဆုံးမှုတွေ ဒီထပ်ပိုများလာနိုင်တယ်လို့လည်း တွက်ဆရပါတယ်။

အဲဒီက ဆေးရုံတွေမှာလည်း လူနာတွေ ပြည့်ကျပ်နေပြီး လူအများအပြားလည်း ကုသဖို့ စောင့်ဆိုင်းနေရပါတယ်။

သွေးလှူဒါန်းမှုတွေ တောင်းခံနေရပြီး စစ်ဘက်ဆိုင်ရာ ဆရာဝန်တွေလည်း ဒဏ်ရာရသူတွေကို ကူညီကုသပေးနေရပါတယ်။

သေဆုံးသူတွေလည်း ဆက်တိုက်ရှိနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သေဆုံးသူတွေလည်း ဆက်တိုက်ရှိနေ

ဒေသစံတော်ချိန် စနေနေ့ ည ၉ နာရီလောက်မှာ မီးစတင်လောင်ကျွမ်းခဲ့ပြီး မီးသတ်သမား ရာနဲ့ချီ၊ ရဲဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းတွေလည်း မီးလောင်ရာနေရာကို အမြန်အဆန် ရောက်လာကြပါတယ်။

မီးကို ကြိုးစားငြှိမ်းသတ်နေစဥ်အဲဒီနေရာတခုလုံး တုန်ခါသွားခဲ့တဲ့ ပေါက်ကွဲမှုက ကယ်ဆယ်ရေးသမားအများအပြား မီးတောက်မီးလျှံတွေကြား ရောက်သွားခဲ့ပြီး အပျက်အစီးတွေနဲ့ လူတွေကို လေထဲ မြောက်တက်သွားခဲ့ကြပါတယ်။

“ပေါက်ကွဲမှုကြောင့် ကျွန်တော်ရပ်နေတဲ့ နေရာကနေ ၁၀ မီတာလောက် ရွေ့သွားတယ်။ လက်တွေနဲ့ ခြေထောက်တွေ မီးလောင်သွားတယ်” လို့ ကုန်တင်ကား မောင်းသမား တော့ဖ်အဲလ် အာမက်က အေဖက်ပီ သတင်းဌာနကို ပြောပါတယ်။

စေတနာ့ဝန်ထမ်းတွေ၊ တချို့ဆို ကြိုးသိုင်းဖိနပ်တွေပဲ ၀တ်ဆင်ထားသူတွေဟာ တနင်္ဂနွေမနက်အထိ တငွေ့ငွေ့ထောင်ကျွမ်းနေတဲ့ အပျက်အစီးပုံထဲကနေ ရုပ်အလောင်းတွေကို ဆက်လက်သယ်ယူခဲ့ကြရပါတယ်။

မီးသတ်သမား ငါးယောက်ထက်မနည်း မီးထဲ ပါသွားခဲ့ပြီး အများအပြားလည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

လူအများအပြားလည်း ဆက်လက် ပျောက်ဆုံးနေဆဲဖြစ်ပြီး အဲဒီထဲမှာ ပေါက်ကွဲမှု မဖြစ်ခင် မီးလောင်မှုအကြောင်း သတင်းယူနေတဲ့ သတင်းထောက်တချို့လည်း ပါပါတယ်။

ပေါက်ကွဲမှုဟာ အင်မတန်ပြင်းထန်ပြီး အကွာအဝေး ခပ်လှမ်းလှမ်း ကီလိုမီတာ အနည်းငယ်ကနေတောင် ကြားခဲ့ရသလို အနီးပတ်၀န်းကျင် အဆောက်အအုံတွေရဲ့ ပြတင်းပေါက်တွေလည်း အစိတ်စိတ်အမြွှာမြွှာ ကွဲသွားခဲ့ပါတယ်။

ကုန်သေတ္တာပေါင်း ၄၀၀၀ ထားရှိထားတဲ့ သိုလှောင်ရုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကုန်သေတ္တာပေါင်း ၄၀၀၀ ထားရှိထားတဲ့ သိုလှောင်ရုံ

အပျက်အစီးတခုဟာ ကီလိုမီတာ၀က်လောက် လွှင့်စင်ခဲ့ပြီး သူ့ရေကန်ထဲ ကျခဲ့တယ်လို့ အဲဒီက စျေးဆိုင်ပိုင်ရှင်တဦးက သတင်းထောက်တွေကို ပြောပါတယ်။

ပေါက်ကွဲမှုနောက်ပိုင်းထွက်လာတဲ့ မီးလုံးတွေဟာ မိုးရေစက်တွေလိုပဲ ကျရောက်တာကို မြင်ရတယ်လို့လည်း သူက ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်ပြည်သူ အများအပြားကတော့ ဒီပေါက်ကွဲမှုဟာ ၂၀၂၀ ခုနှစ်တုန်းက ဘေရွတ်မှာ ဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုကြီးနဲ့ နှိုင်းယှဥ်ပြောဆိုနေကြတယ်လို့ ဒါကာမြို့က ဘီဘီစီ သတင်းထောက် အက်ဘာ ဟူစိန်က ပြောပါတယ်။

ဒီပေါက်ကွဲမှုကြီးကို မိုင်ပေါင်း ၂၅ မိုင်လောက်က ကြားခဲ့ရတယ်လို့ ပြည်သူတွေက ပြောဆိုတဲ့အကြောင်း သူက ဆိုပါတယ်။

ပြိုကျပျက်စီးသွားတဲ့ သိုလှောင်ရုံတခုရဲ့ ခေါင်မိုးနဲ့ သတ္ထုကုန်သေတ္တာတွေရဲ့ အကြွင်းအကျန်တွေဟာ သိပ်မူမမှန်တာကို မီးလေင်ပြီးနောက်ပိုင်း ဓာတ်ပုံတွေမှာ တွေ့ရပါတယ်။ အဲဒီက သတင်းထောက်တဦးကတော့ လေထဲမှာ အနံစူးစူးတခု ရတယ်လို့ ဘီဘီစီကို ပြောပါတယ်။

မီးသတ်သမားတွေဟာ တနင်္ဂနွေနေ့အထိ မီးငြှိမ်းသတ်ဖို့ ဆက်လက်ရုံးကန်နေရပြီး ပေါက်ကွဲမှုတွေ ထပ်ဖြစ်နေလို့ ပိုပြီး အခက်ကြုံစေတယ်လို့ မီးသတ်ဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

“ဓာတုပစ္စည်းတွေ ရှိနေလို့ မီးကို မထိန်းချုပ်နိုင်သေးဘူး” ဘင်္ဂလားဒေ့ရှ် မီးသတ်ဌာန အကြီးအကဲ မိန်း အူဒင်က ပြောပါတယ်။

ဓာတုပစ္စည်းတွေ ပင်လယ်ထဲမျောသွားမှာကို တားဆီးဖို့အတွက် စစ်တပ်ကိုလည်း အဲဒီမှာ တပ်ဖြန့်ချထားပါတယ်။

စီတာခွန်ဒါမြို့ဟာ စစ်တကောင်းမြို့နဲ့ ၂၅ မိုင်သာ ဝေးပြီး အဲဒီက ဆေးရုံတခုမှာဆို မီးလောင်ဒဏ်ရာနဲ့ လူတွေပဲ ပြည့်နေပါတယ်။

စစ်ဘက်ဆိုင်ရာ ဆရာဝန်တွေလည်း ဒဏ်ရာရသူတွေကို ကုသရာမှာ ကူညီနေကြပါတယ်။

စီတာခွန်ဒါမြို့က ပစ္စည်းသိုလှောင်ရုံဝင်းထဲမှာ ကုန်သေတ္တာအလုံးပေါင်း ၄၀၀၀ လောက် သိုလှောင်ထားပါတယ်။

ဒီမြို့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဒုတိယအကြီးဆုံး စစ်တကောင်းမြို့ ဆိပ်ကမ်းကိုဖြတ်ပြီး ကုန်သေတ္တာတွေ အတင်အချလုပ်တဲ့ မြို့လည်း ဖြစ်ပါတယ်။

အနောက်နိုင်ငံတွေက ကုန်စည်ဖြန့်ချီရေးလုပ်ငန်းတွေဆီကို တင်ပို့ဖို့ စောင့်ဆိုင်းနေတဲ့ အ၀တ်အထည်တွေ ဒေါ်လာသန်းနဲ့ချီ ဒီသိုလှောင်ရုံထဲမှာ ရှိတယ်လို့ ဒေသန္တရအစိုးရက ပြောပါတယ်။

A pile of burned containers at the depot

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အနောက်နိုင်ငံတွေကို အ၀တ်အထည်တွေ အဓိက တင်သွင်းတဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး ပြီးခဲ့တဲ့ ဆယ်စုနှစ်တခုအတွင်း ကမ္ဘာ့ ဒုတိယအကြီးဆုံး အထည်အလိပ်တင်သွင်းတဲ့ နိုင်ငံအထိ ဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ ဘေးအန္တရာယ်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကို မကြာခဏဆိုသလို မျက်ကွယ်ပြုခဲ့ကြပြီး ဥပဒေပြဋ္ဌာန်းမှု ညံ့ဖျင်းမှုတွေလည်း ရှိခဲ့ပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ နှစ်တွေအတွင်း အကြီးအကျယ် မီးလောင်ကျွမ်းမှု တချို့ ပေါက်ပေါက်ခဲ့သလို စက်ရုံတွေမှာလည်း မီးလောင်ကျွမ်းတာတွေ ရှိခဲ့ပါတယ်။

မီးလောင်ကျွမ်းမှု၊ အဆောက်အအုံပြိုကျမှုနဲ့ ဓာတုပစ္စည်း ယိုစိမ့်မှုတွေအပါအဝင် စက်မှုလုပ်ငန်းဆိုင်ရာ ဘေးအန္တရာယ် ၁၂ ခုကြောင့် ၂၀၀၅ ခုနှစ်နောက်ပိုင်း လူပေါင်း ၁၀၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ Dhaka Tribune က တနင်္ဂနွေနေ့မှာ ထုတ်ပြန်ထားပါတယ်။