သီရိလင်္ကာ-ဆူပူအုံကြွမှုတွေရဲ့ အဓိကလက်သည် ရာဂျာပက်ခ်ရှာ မိသားစုရဲ့ ဘဝဇာတ်ကြောင်း

သီရိလင်္ကာ၊ ရာဂျာပက်ခ်ရှာ၊ မိသားစု၊ နိုင်ငံရေး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သီရိလင်္ကာ သမ္မတ ဂိုတာဘာယာ ရာဂျာပက်ခ်ရှာ (ဝဲ) နဲ့ သူအစ်ကို ဝန်ကြီးချုပ်ဟောင်း မဟင်ဒါ ရာဂျာပက်ခ်ရှာ (ညာ)

"ခင်ဗျားတို့နိုင်ငံက လူတွေအားလုံးရဲ့ မိသားစုနာမည်က ရာဂျာပက်ခ်ရှာ ပဲလား။"

ဒီမေးခွန်းက သီရိလင်္ကာမှာ ရေပန်းစားတဲ့ ဟာသပြက်လုံးတစ်ခု ဖြစ်ပါတယ်။ သီရိလင်္ကာကို လာလည်တဲ့ တရုတ်အစိုးရ တာ၀န်ရှိပုဂ္ဂိုလ် တစ်ဦးက သူ့နဲ့ တွေ့ဆုံတဲ့ သီရိလင်္ကာအစိုးရ တာဝန်ရှိပုဂ္ဂိုလ်တိုင်းရဲ့ နာမည်က ရာဂျာပက်ခ်ရှာ နဲ့ပဲ ဆုံးတာ တွေ့ရလို့ အံ့သြတကြီးနဲ့ အခုလို မေးခဲ့တာပါ။ ဒါပေမဲ့ ဒီမေးခွန်းက ဟာသပြက်လုံး ဘာ့ကြောင့် ဖြစ်သွားခဲ့ရသလဲ ဆိုတာကတော့ အလွယ်တကူပဲ တွေးကြည့်လို့ ရပါတယ်။ ရာဂျာပက်ခ်ရှာ မိသားစု၀င်တွေ အားလုံးက သီရိလင်္ကာနိုင်ငံကို ပြီးခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုလောက်ကို အခိုင်အမာ ချုပ်ကိုင်ထားကြလို့ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီလို ကြီးစိုးချုပ်ကိုင်ထားမှုဟာ အခုချိန်မှာတော့ ခြိမ်းခြောက်မှုဒဏ် ခံနေရပါပြီ။ သီရိလင်္ကာနိုင်ငံဟာ ဗြိတိန်ဆီက လွတ်လပ်ရေး ရခဲ့တဲ့ ၁၉၄၈ ခုနှစ်ကတည်းက အဆိုးရွားဆုံးလို့ ဆိုရမယ့် စီးပွားရေး အကျပ်အတည်းကြီးနဲ့ ရင်ဆိုင်နေရပြီး လက်ရှိပြဿနာတွေဟာ အစိုးရရဲ့ ကိုင်တွယ်ပုံ ညံ့ဖျင်းတဲ့အတွက် ဖြစ်ရတာလို့ ကျွမ်းကျင်သူအများပြားက အပြစ်ပုံချနေကြပါတယ်။

သီရိလင်္ကာ၊ ရာဂျာပက်ခ်ရှာ၊ မိသားစု၊ နိုင်ငံရေး

ဓာတ်ပုံ ရင်းမြစ်, BBC/Getty Images

ဓာတ်ပုံ ပုံစာ, မဟင်ဒါ ရာဂျာပက်ခ်ရှာ ဟာ ၂၀၀၅ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ် သမ္မတ သက်တမ်း နှစ်ကြိမ် တာဝန် ထမ်းဆောင်ခဲ့

ထိခိုက်သေဆုံးသူ အရေအတွက်ကလည်း သိသိသာသာ တိုးလာနေပါတယ်။ ဧပြီလအစောပိုင်းကတည်းကစလို့ နိုင်ငံတဝန်း ကန့်ကွက် ဆန္ဒပြမှုတွေ နေရာအနှံ့ ပျံ့နှံ့လာခဲ့ပြီး မေလ ၉ ရက် တနင်္လာနေ့မှာ ဝန်ကြီးချုပ် (သမ္မတဟောင်း) မဟင်ဒါ ရာဂျာပက်ခ်ရှာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

မဟင်ဒါဟာ လက်ရှိသမ္မတ ဂိုတာဘာယာ ရာဂျာပက်ခ်ရှာ ရဲ့ အစ်ကို ဖြစ်ပါတယ်။

နိုင်ငံရေးလောကမှာ အစနှေးခဲ့

သူ ရာထူးက နုတ်ထွက်သွားခဲ့တာဟာ အံ့အားသင့်စရာ ကောင်းတဲ့ ဖြစ်ရပ်တစ်ခုလို့ ပြောလို့ရပါတယ်။

"မဟင်ဒါ ရာဂျာပက်ခ်ရှာ ရာထူးက နုတ်ထွက်သွားခဲ့တာဟာ သီရိလင်္ကာနိုင်ငံမှာ သြဇာအညောင်းဆုံးသူ တစ်ဦးရဲ့ ကံကြမ္မာ ရုတ်တရက်ကြီး ပြောင်းလဲသွားတယ် ဆိုတာကို ဖော်ပြနေတာပါ လို့ ဘီဘီစီ သတင်းဌာန အာရှဒေသ ဆိုင်ရာ ဝက်ဆိုက်အယ်ဒီတာ အေရှီယာ ပီရီရာ က ပြောပါတယ်။

နိုင်ငံရေးလောကထဲ အင်တိုက်အားတိုက် မပါခဲ့ဖူးတဲ့ မိသားစုတစ်ခုမှာ သမ္မတဟောင်း မဟင်ဒါဟာ အကျော်ကြားဆုံး မိသားစုဝင် ဖြစ်လာခဲ့တာပါ။

သူတို့မိသားစုဟာ နိုင်ငံတောင်ပိုင်း ဟမ်ဘန်တိုတာ ခရိုင်က မြေပိုင်ရှင် မျိုးရိုးက ဆင်းသက်လာခဲ့တာ ဖြစ်ပြီး မဟင်ဒါဟာ အသက်အငယ်ဆုံး လွှတ်တော်အမတ်အဖြစ် ၁၉၇၀ ခုနှစ်မှာ ပါလီမန်မှာ ပထမဆုံး ရွေးကောက်ခံခဲ့ရပါတယ်။ အဲဒီနောက် ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ မဟင်ဒါ ရော၊ သူ့အစ်ကို ချမားလ်ပါ ပါလီမန်မှာ ရွေးကောက်ခံခဲ့ရပါတယ်။

သီရိလင်္ကာ၊ ရာဂျာပက်ခ်ရှာ၊ မိသားစု၊ နိုင်ငံရေး
ဓာတ်ပုံ ပုံစာ, ရာဂျာပက်ခ်ရှာ မိသားစု ရာဇဝင်

၁၉၈၇-၁၉၈၉ ခုနှစ်တွေအတွင်း ဖြစ်ပွားခဲ့တဲ့ လက်ယာဝါဒီတွေရဲ့ တော်လှန်ရေးကာလ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မဟင်ဒါက ဝေဖန်ရှုတ်ချခဲ့ပြီး ကုလသမဂ္ဂက ကြားဝင်ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့ရာမှာ သူ့ကို လူကြိုက်များလာခဲ့ပါတယ်။

၁၉၉၄ ခုနှစ်မှာ သီရိလင်္ကာရဲ့ သမ္မတသစ် ချန်ဒရီကာ ကူမာရာတွန်ဂါက သူ့ကို အလုပ်သမားဝန်ကြီး အဖြစ် ခန့်အပ်ခဲ့ပါတယ်။

၁၀ နှစ်အကြာမှာ မဟင်ဒါ ရာဂျာပက်ခ်ရှာ ဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ သမ္မတရွေးကောက်ပွဲမှာ ပွတ်ကာသီကာနဲ့ အနိုင်ရခဲ့ပါတယ်။

မဟင်ဒါဟာ ၂၀၅ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိ သမ္မတသက်တမ်း နှစ်ကြိမ် ထမ်းဆောင်ခဲ့ပါတယ်။ တမီလ် ကျားသူပုန်တွေနဲ့ နှစ်ပေါင်း ၃၀ နီးပါး ကြာ ဖြစ်ခဲ့တဲ့ ပြည်တွင်းစစ်ကို ၂၀၀၉ ခုနှစ်မှာ သွေးထွက်သံယိုနဲ့ အောင်ပွဲခံ နိုင်အောင် မဟင်ဒါက ဦးဆောင် ကွပ်ကဲခဲ့ပါတယ်။

စစ်ပွဲမှာ သူအနိုင်ရခဲ့ပေမဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အထူးသဖြင့် နိုင်ငံလူဦးရေ ၇၅ ရာခိုင်နှုန်းက ဆင်ဟာလီလူမျိုး ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တဲ့ သီရိလင်္ကာမှာ လူနည်းစု လူမျိုးတွေ၊ ဘာသာဝင်တွေ အပေါ် အခွင့်အရေး ချိုးဖောက်မှု၊ အဂတိလိုက်စားမှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် အကြီးအကျယ် နာမည်ပျက်ခဲ့ပါတယ်။

မဟင်ဒါကတော့ ဒီစွပ်စွဲချက်တွေကို ခါးခါးသည်းသည်း ငြင်းဆိုခဲ့ပါတယ်။

နိုင်ငံရေးလောကကို မိသားစု လက်ဝါးကြီးအုပ်ထား

ဒီလို အငြင်းပွား စွပ်စွဲပြောဆိုမှုတွေကြောင့်တော့ ရာဂျာပက်ခ်ရှာ မိသားစု သီရိလင်္ကာ နိုင်ငံရေးလောကကို လက်ဝါးကြီးအုပ် ကြီးစိုးထားတာကို မတားဆီးနိုင်ခဲ့ပါဘူး။

ညီငယ်ဖြစ်သူ ဂိုတာဘာယာ က ကာကွယ်ရေးဝန်ကြီးဌာနမှာ ထိပ်တန်းအဆင့် ရာထူးတစ်ခုကို ကိုင်ထားပြီး ပြည်တွင်းစစ်မှာ သူ့ရဲ့ ကိုင်တွယ်ခဲ့ပုံကို တချို့က ချီးကျူးခဲ့ကြပါတယ်။

အစ်ကို အကြီး ချမားလ် ရာဂျာပက်ခ်ရှာက စိုက်ပျိုးရေး၊ ငါးမွေးမြူရေးနဲ့ ဆည်မြောင်းလို ဝန်ကြီးဌာနတွေမှာ တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး နောက် ညီတစ်ယောက်ဖြစ်တဲ့ ဘယ်ဆေလ်ကလည်း ဘဏ္ဍာရေးနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနတွေမှာ ခေတ္တ တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။

သီရိလင်္ကာ၊ ရာဂျာပက်ခ်ရှာ၊ မိသားစု၊ နိုင်ငံရေး

ဓာတ်ပုံ ရင်းမြစ်, BBC/Getty Images

ဓာတ်ပုံ ပုံစာ, သမ္မတရာထူး ဆက်ခံခဲ့တဲ့ ဂိုတာဘာယာ ရာဂျာပက်ခ်ရှာ ဟာ သီရိလင်္ကာ ပြည်တွင်းစစ် အဆုံးသတ်သွားမှုမှာ သြဇာညောင်းတဲ့ အခန်းကဏ္ဍက ပါခဲ့

သူတို့ညီအစ်ကို လေးယောက်ရဲ့ တခြားမိသားစု ဆွေမျိုး အများအပြားလည်း အစိုးရရုံးဌာနတွေမှာ ရာထူးတွေ အသီးသီး ရခဲ့ကြပါတယ်။ မဟင်ဒါရဲ့ သားတစ်ဦးဖြစ်တဲ့ နမာလ် က မကြာသေးခင်က အားကစားဝန်ကြီးရာထူး ယူခဲ့သလို နောက်သားတစ်ဦးဖြစ်တဲ့ ယိုရှီသာ ကလည်း သူ့ဖခင် ရာထူးက နုတ်ထွက်သွားတဲ့အချိန်အထိ ဝန်ကြီးချုပ်ရုံး အကြီးအကဲ အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ၂၀၁၅ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ မဟင်ဒါ မမျှော်လင့်ဘဲ ရှုံးနိမ့်ခဲ့စဉ်မှာတော့ ရာဂျာပက်ခ်ရှာ မိသားစုအတွက် အနှောင့်အတား ဖြစ်ခဲ့ရပါတယ်။

လေးနှစ်အကြာမှာ အာဏာပြန်ရယူနိုင်ခဲ့ပြီး ဒီတစ်ကြိမ်မှာတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတဟောင်း မဟင်ဒါ ရွေးကောက်ပွဲမှာ ဝင်အရွေးခံခွင့် မရှိတာကြောင့် ညီငယ် ဂိုတာဘာယာက ဝင်အရွေးခံ အနိုင်ရခဲ့ပါတယ်။

၂၀၁၉ ခုနှစ် ဧပြီလမှာ အစ္စလာမစ်နိုင်ငံအဖွဲ့နဲ့ ဆက်နွှယ်နေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေအတွင်း လူ ၂၅၀ ကျော် သေဆုံးခဲ့ရာမှာ သမ္မတသစ် ဂိုတာဘာယာက မျိုးချစ်ဝါဒ လှုပ်ရှားမှု အစီအစဉ်တွေ ချပြပြီး ဥပဒေစိုးမိုးရေး လုပ်ဆောင်မှုတွေကို သူ့မိသားစုဝင်တွေနဲ့အတူ လုပ်ဆောင်ပြခဲ့ပါတယ်။

အဂတိလိုက်စားမှု စွပ်စွဲချက်တွေ

ရာဂျာပက်ခ်ရှာ မိသားစုက အဂတိလိုက်စားမှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေကတော့ ပျောက်မသွားခဲ့ပါဘူး။ ကိုဗစ်ကာလအပြီး စီးပွားရေး အကျပ်အတည်းကြောင့် ပေါ်ပေါက်လာတဲ့ လတ်တလော ကန့်ကွက် ဆန္ဒပြမှုတွေအတွင်း ဒီစွပ်စွဲချက်တွေ တစ်ကျော့ပြန် ပေါ်ထွက်လာခဲ့ပြန်ပါတယ်။

သီရိလင်္ကာ၊ ရာဂျာပက်ခ်ရှာ၊ မိသားစု၊ နိုင်ငံရေး

ဓာတ်ပုံ ရင်းမြစ်, BBC/Getty Images

ဓာတ်ပုံ ပုံစာ, ဘယ်ဆေလ် ရာဂျာပက်ခ်ရှာ ဟာ အရေးပါတဲ့ အစိုးရရာထူး အများအပြား ယူခဲ့ပြီး အခုနောက်ဆုံး ဘဏ္ဍာရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့

"မဟင်ဒါ ရာဂျာပက်ခ်ရှာဟာ နိုင်ငံပိုင်ငွေတွေကို သူ့မိသားစုကိုယ်ကျိုးအတွက် လမ်းခင်း လုပ်ဆောင်ပေးခဲ့တယ် ဆိုပြီး လူအတော်များများက ယုံကြည်နေကြတယ်" လို့ အေရှီယာ ပီရီရာက ပြောပါတယ်။

"ခိုးထားတဲ့ နိုင်ငံပိုင်ငွေတွေကို ပြန်ပေး" ဆိုပြီး ရာဂျာပက်ခ်ရှာ မိသားစုကို တောင်းဆိုတဲ့ နဖူးစည်းစာတမ်းတွေ၊ ကြွေးကြော်သံတွေကို သီရိလင်္ကာနိုင်ငံတဝန်းက ဆန္ဒပြပွဲတွေမှာ အမြဲလိုလို တွေ့နေရပါတယ်။

ရာဂျာပက်ခ်ရှာ မိသားစုရဲ့ နာမည်ဂုဏ်သိက္ခာ ကျဆင်းလာမှုကနေ မိသားစုအတွင်း သဘောကွဲလွဲမှုတွေ ဖြစ်လာခဲ့ရပါတယ်။ ဧပြီလနှောင်းပိုင်းလောက်မှာ မဟင်ဒါနဲ့ ဂိုတာဘာယာတို့ ညီအစ်ကိုအကြား အဆင်မပြေမှုက ပိုကြီးထွားလာခဲ့ပြီး အဆုံးမှာ သူတို့အပေါ် ထောက်ခံနေသူတွေကို ထိန်းချုပ်နိုင်ဖို့ သူတို့နှစ်ဦးအကြား အာဏာလွန်ဆွဲမှု တစ်ခု ဖြစ်လာခဲ့ပါတယ်။

ဂိုတာ ထွက်တော့

စီးပွားရေး အကြပ်အတည်းကြီး ဖြစ်လာခဲ့အပြီးမှာ ဂိုတာဘာယာကို ထောက်ခံမဲ ပေးခဲ့သူ အတော်များများက အခုအခါ ဂိုတာ ထွက်တော့ ဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ပြီး လမ်းမပေါ် ထွက်ဆန္ဒပြခဲ့ကြပါတယ်။ ဂိုတာ ဆိုတာက ဂိုတာဘာယာကို အတိုကောက် ခေါ်တဲ့ နာမည်ပါ။

သီရိလင်္ကာ၊ ရာဂျာပက်ခ်ရှာ၊ မိသားစု၊ နိုင်ငံရေး

ဓာတ်ပုံ ရင်းမြစ်, BBC/Getty Images

ဓာတ်ပုံ ပုံစာ, ချမားလ် ရာဂျာပက်ခ်ရှာဟာ ဆည်မြောင်းဝန်ကြီးအဖြစ် နောက်ဆုံးတာဝန်ယူခဲ့

ဝန်ကြီးချုပ်ရဲ့ နေအိမ်နားမှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသူတွေရှိရာ နေရာတစ်ခုကို အစိုးရ ထောက်ခံသူတွေ ဝင်ရောက် တိုက်ခိုက်ခဲ့အပြီးမှာ အစိုးရ ဆန့်ကျင်တဲ့ ဆန္ဒပြသူတွေက ဝန်ကြီးချုပ် နေအိမ်ဝင်းထဲ စီးနင်းဝင်ရောက်ဖို့ ကြိုးစားခဲ့ကြပါတယ်။

အဲဒီနောက် မကြာခင်မှာပဲ နိုင်ငံတဝန်း ထိပ်တိုက်ရင်ဆိုင်မှုတွေ ပျံ့နှံ့သွားခဲ့ပြီး ဒေါသထွက်နေကြတဲ့ ဆန္ဒပြသူတွေက ဟမ်ဘန်တိုတာမြို့မှာရှိတဲ့ ရာဂျာပက်ခ်ရှာ ဘိုးဘွားပိုင်အိမ် အပါအဝင် မိသားစုပိုင် နေအိမ် အဆောက်အအုံ အများအပြားကို မီးရှို့ ဖျက်ဆီးခဲ့ကြပါတယ်။

ဒါ့အပြင် ရာဂျာပက်ခ်ရှာ မိဘတွေရဲ့ အုတ်ဂူတွေနဲ့ အမှတ်တရ ဗိမာန်ကိုလည်း ဆန္ဒပြသူတွေက ဖျက်ဆီးခဲ့ကြပါတယ်။ ဂိုတာဘာယာ ဟာ သမ္မတ ရာထူးရှိစဉ်မှာ နိုင်ငံပိုင်ငွေတွေကို အလွဲသုံးစား လုပ်ပြီး အဲဒီ အမှတ်တရ ဗိမာန်ဆောက်ခဲ့တာလို့ စွပ်စွဲခံထားရပါတယ်။

သူ့ရဲ့ ဝန်ကြီးတွေ အားလုံးနီးပါး နုတ်ထွက်သွားခဲ့ကြပြီး အမတ်အတော်များများကလည်း သူ့အစိုးရအဖွဲ့အပေါ် ထောက်ခံအားပေးမှုတွေ မရှိတော့ပေမဲ့ သမ္မတ ဂိုတာဘာယာကတော့ သူ ရာထူးက နုတ်ထွက်မှာ မဟုတ်ဘူးလို့ ပြောနေပါတယ်။

သီရိလင်္ကာနိုင်ငံတဝန်း စျေးဆိုင်တွေ၊ စီးပွားရေးလုပ်ငန်းတွေ ပိတ်ပြီး အထွေထွေသပိတ်ကြီး လုပ်ခဲ့အပြီး တစ်လအတွင်း ဒုတိယအကြိမ်မြောက်အဖြစ် မေလ ၆ ရက် သောကြာနေ့တုန်းက ဂိုတာဘာယာက အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။

ရာဂျာပက်ခ်ရှာ မိသားစုဟာ လောလောဆယ် အာဏာ လက်မလွှတ်ပဲ ဆက်ကိုင်စွဲထားကောင်း ထားနိုင်ပေမဲ့ သူတို့ အမြဲ ချုပ်ကိုင်လာခဲ့တဲ့ သီရိလင်္ကာ နိုင်ငံရေးလောကကိုတော့ ဆက်ထိန်းချုပ်နိုင်မယ့်ပုံ မရှိတော့ပါဘူး။