ယူကရိန်းကို ရုရှားကျူးကျော်မှု - ၁၁ ရက်မြောက်နေ့ နောက်ဆုံးရသတင်းများ

no tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

ယူကရိန်းတိုက်ပွဲ ၁၁ ရက်မြောက်နေ့ နောက်ဆုံးအခြေအနေ

ယူကရိန်းနိုင်ငံ အနောက်မြောက်ပိုင်းက ကိယက်ဗ်မြို့တော်ကို အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်တာ ခံနေရတယ်လို့ ယူကရိန်း အာဏာပိုင်တွေက ပြောပါတယ်။

ဘူချာ၊ ဟော့စ်တိုမဲလ်နဲ့ အီယာပင် မြို့တွေမှာ ရုရှားတပ်ဖွဲ့နဲ့ တိုက်ပွဲတွေ ပြင်းထန်နေပြီး မိနစ်တိုင်းလိုလို ပေါက်ကွဲမှုတစ်ခု ဖြစ်နေတယ်လို့ အဲဒီမှာ ရှိတဲ့ သတင်းထောက်တစ်ဦးက ပြောပါတယ်။

အီယာပင်မြို့မှာ ထွက်ပြေးဖို့ ကြိုးစားနေကြတဲ့ အရပ်သားတွေအပေါ် ရုရှားတပ်ဖွဲ့တွေက မော်တာအမြောက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့တယ်လို့ အဲဒီက သတင်းမီဒီယာတွေမှာ ဖော်ပြနေကြပါတယ်။

ရုရှားတပ်ဖွဲ့တွေရဲ့ ရက်ပေါင်းများစွာ ပိတ်ဆို့ခံထားရတဲ့ ယူကရိန်း ဒုတိယအကြီးဆုံး ခါကိဗ်မြို့မှာလည်း အရပ်ဘက် အဆောက်အအုံတွေကို ပစ်မှတ်ထားပြီး အမြောက်တွေနဲ့ ပြင်းပြင်းထန်ထန် ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်နေတယ်လို့ နောက်ထပ် သတင်းတွေ ထွက်ပေါ်နေပါတယ်။

ရုရှားတပ်ဖွဲ့တွေဟာ အိုဒက်ဆာမြို့ကို ဗုံးကြဲတိုက်ခိုက်ဖို့ ပြင်နေတယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီး က ပြောခဲ့သလို ယူကရိန်းနိုင်ငံကို ပင်လယ်နက်ဒေသနဲ့ အဆက်ဖြတ်ဖို့ ရုရှားတပ်ဖွဲ့တွေက စီစဉ်နေတယ်လို့ ယူကရိန်းအစိုးရ တာဝန်ရှိသူတွေကလည်း သတိပေးထားပါတယ်။

ရုရှားရဲ့ ကျူးကျော်မှုဒဏ်ကို ကြံ့ကြံ့ခံပြီး ဆက်လက်တိုက်ပွဲဝင်ကြဖို့ ယူကရိန်းနိုင်ငံသားတွေကို သမ္မတ ဗိုလိုဒီမာ ဇာလင်းစကီးက ယူကရိန်းနိုင်ငံသားတွေကို တိုက်တွန်းပြောကြားခဲ့ပါတယ်။

မြို့တော်ကိယဗ် အပြင်ဘက်မှာ မိုင် ၄၀ (၆၄ ကီလိုမီတာ) ကျော် ရှည်လျားတဲ့ ရုရှားစစ်ယာဉ်တန်းကြီး ဟာမြို့အပြင်ဘက်မှာ ရပ်တန့်နေဆဲဖြစ်ပြီးတော့ သူတို့ တတ်နိုင်သမျှ ပစ်မှတ်တွေကို တိုက်ခိုက်နေကြတယ်လို့ ယူကရိန်း ကာကွယ်ရေးအရာရှိတွေက ပြောပါတယ်၊

ကိယက်ဗ်မြို့ အနောက်မြောက်ဘက်ရှိ အီယာပင်မြို့အနီးက မဟာဗျူဟာကျတဲ့ ဟော့စ်တိုမဲလ် လေယာဉ်ကွင်းအနီးမှာ ရုရှားယာဉ်တန်းတွေနဲ့ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေခဲ့ပါတယ်။

အဲ့ဒီနေရာ အနီးကအရပ်သားတွေကတော့ တိုက်ပွဲကြောင့် ဘေးလွတ်ရာကို ခြေလျင်ထွက်ပြေးလာကြပါတယ်။

ကိယက်ဗ်မြို့တော်က ပေါက်ကွဲမှုနဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြသူများ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကိယက်ဗ်မြို့တော်က ပေါက်ကွဲမှုနဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးလာကြသူများ

ယူကရိန်းနိုင်ငံ တောင်ပိုင်း မာရီယူပိုလ်မြို့ အခြေအနေ

ရုရှားတပ်ဖွဲ့တွေရဲ့ ပိတ်ဆို့ထားတာ ခံနေရတဲ့ ယူကရိန်းနိုင်ငံ တောင်ပိုင်း မာရီယူပိုလ်မြို့ကနေ အရပ်သားတွေကို ကယ်ထုတ်သွားရေး အစီအစဉ် စလုပ်ဖို့ အချိန် အခုအခါ ကျော်လွန်သွားပြီဖြစ်ပြီး ဒီအစီအစဉ် ဆက်လုပ်မလား မလုပ်ဘူးလားဆိုတာလည်း ဘာမှမသိရဘဲ ဖြစ်နေပါတယ်။

အပစ်အခတ် ရပ်စဲရေးအတွက် ကတိပြုထားသလားဆိုတာနဲ့ ပတ်သက်လို့ မော်စကိုမြို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနဆီကနေ ဘာအတည်ပြုချက်မှ မရသေးပါဘူး။

အပစ်အခတ် ရပ်စဲရေးကို လိုက်နာဖို့ ရုရှားတို့ဘက်က ပျက်ကွက်ခဲ့တယ်လို့ ယူကရိန်းအစိုးရက ပြောခဲ့ပြီး စနေနေ့တုန်းက အဲဒီမြို့ကနေ အရပ်သားတွေ ကယ်ထုတ်ဖို့ စီစဉ်ထားတာကို ဆိုင်းငံ့ခဲ့ပါတယ်။

နိုင်ငံတောင်ပိုင်း ဗိုလ်နိုဗာခါမြို့ထဲကနေလည်း အရပ်သားတွေကို ကယ်ထုတ်သွားဖို့ နောက်ထပ် အစီအစဉ် မရှိဘူးလို့ ယူကရိန်း ပါလီမန်အမတ်တစ်ဦး ဖြစ်တဲ့ ဒီမစ်ထရို လူဘီနက်စ် က ပြောပါတယ်။

စနေနေ့တုန်းက မြို့ထဲကနေ ထွက်ခွာဖို့ လူတွေ စုရုံးနေချိန်မှာ အရပ်သားတွေ ထွက်ပြေးဖို့ သတ်မှတ်ထားတဲ့ လမ်းကြောင်းကို ရုရှားတပ်ဖွဲ့တွေက အမြောက်တွေနဲ့ စပစ်ခတ်ခဲ့တယ်လို့ သူက ပြောပါတယ်။

ရုရှားနိုင်ငံဟာ သူတို့ရဲ ယူကရိန်း အပေါ် ကျူးကျော်မှုအောင်မြင်ရေးအတွက် ယူကရိန်းတောင်ပိုင်းကို အရေးပါတယ်လို့ယူဆပြီး ယူကရိန်းတောင်ပိုင်း အိုဒက်ဆာမြို့ ဆိပ်ကမ်းက လူတွေကတော့ ပင်လယ်ပြင်ကနေ ရုရှားတပ်တွေ တိုက်ခိုက်လာမှာကိုလည်း ကြောက်ရွံ့နေကြပါတယ်၊

ယူကရိန်းအရှေ့ပိုင်းက ခါကိဗ်နဲ့ ဆူမီမြို့တွေ ကလည်း ထပ်မံ ဗုံးကြဲတိုက်ခိုက်မှုတွေ ခံနေရဆဲဖြစ်ပါတယ်။

ဒွန်ဘာ့စ်ဒေသမှာ မြို့ရွာအများအပြားကို သိမ်းပိုက်ပြီး ၇ ကီလိုမီတာ (လေးမိုင်) အထိ ရုရှားတပ်တွေ စစ်ကြောင်းရှေ့တိုးလာနိုင်ခဲ့ကြောင်း ရုရှား ဘက်ကပြောပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

Visa နဲ့ Mastercard တွေရှရားမှာလုပ်ငန်းတွေရပ်

ယူကရိန်းကို ရုရှားနိုင်ငံက ကျူးကျော်မှုကို ကန့်ကွက်တဲ့အနေနဲ့ နိုင်ငံတကာ အွန်လိုင်းငွေပေးချေမှုလုပ်ငန်းကြီးတွေဖြစ်တဲ့ Visa နဲ့ Mastercard တို့ဟာ ရုရှားနိုင်ငံထဲက လုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်ပါတယ်။

ဒီ ကုမ္ပဏီနှစ်ခုဟာ တရုတ်နိုင်ငံပြင်ပရှိ ကမ္ဘာပေါ်က အကြွေးဝယ်ယူမှုနဲ့ ငွေပေးချေမှုတွေရဲ့ ၉၀ ရာခိုင်နှုန်း ခန့်ကို ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။

ရုရှားဘဏ်တွေက ထုတ်ပေးထားတဲ့ Visa နှင့် Mastercard ဘဏ်ကတ် တွေကတော့ ရုရှား နိုင်ငံထဲမှာ ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နေမှာဖြစ် တယ်လို့ ရုရှားဗဟိုဘဏ်က ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ရုရှားကထုတ်ပေးထားတဲ့ Mastercard ဒါမှ မဟုတ် Visa ကတ်တွေဟာ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်မှာမဟုတ်တဲ့အပြင် နိုင်ငံခြားက ထုတ်ပေးထားတဲ့ ကတ်တွေဟာလည်း နိုင်ငံအတွင်းမှာ အလုပ်လုပ်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

ခါကိဗ်မြို့မှာ ထပ်မံ ဗုံးကြဲတိုက်ခိုက် ခံရ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ခါကိဗ်မြို့မှာ ထပ်မံ ဗုံးကြဲတိုက်ခိုက် ခံရ

ယူကရိန်းမှာ ကျန်းမာရေးဝန်ထမ်းနဲ့ ကျန်းမာရေးအဆောက်အအုံတွေ တိုက်ခိုက်ခံရ

ယူကရိန်းနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကျန်းမာရေးအဆောက်အအုံတွေအပေါ် တိုက်ခိုက်မှုတွေ အများအပြား ရှိနေတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။

စစ်ပွဲ စဖြစ်တဲ့ ပထမသီတင်းပတ်အတွင်း တိုက်ခိုက်မှု ၆ ခု ဖြစ်ခဲ့တယ်လို့ WHO အဖွဲ့က အတည်ပြု ပြောခဲ့ပြီး အဲဒီထဲက တိုက်ခိုက်မှု အတော်များများဟာ လက်နက်ကြီးတွေကို သုံးပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် လူ ၆ ဦး သေဆုံးခဲ့ပြီး ၁၁ ဦး ဒဏ်ရာ ရခဲ့တယ်လို့ WHO က ပြောပါတယ်။

ဘယ်သူဘယ်ဝါက လုပ်ခဲ့တဲ့ တိုက်ခိုက်မှုတွေ ဆိုပြီး သတ်သတ်မှတ်မှတ် ဖော်ပြ ပြစ်တင်တာမျိုး မလုပ်ခဲ့ပေမဲ့ ဒီတိုက်ခိုက်မှုတွေကို လုပ်ခဲ့သူတွေဟာ နိုင်ငံတကာ စည်းမျဉ်းဥပဒေကို ချိုးဖောက်ခဲ့တာ ဖြစ်ကြောင်းနဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆေးရုံတွေနဲ့ အရေးပေါ် လူနာတင်ကားတွေကို ဘယ်တော့မှ ပစ်မှတ်ထား တိုက်ခိုက်တာမျိုး မလုပ်သင့်ကြောင်းကို အလေးအနက် ပြောသွားခဲ့ပါတယ်။

A protester is taken away by police

ဓာတ်ပုံ ရင်းမြစ်, Reuters

ရုရှားက ယူကရိန်းကျုးကျော်မှု ဆန္ဒပြသူ ၆၀၀ ကျော် အဖမ်းခံရ

အဖမ်းခံထားရတဲ့ ရုရှားအတိုက်အခံခေါင်းဆောင် အလက်ဇီနာဗာညီက ရုရှားနိုင်ငံက ယူကရိန်းကို ကျုးကျော်မှုကို ဆန့်ကျင် ဆန္ဒပြဖို့ တောင်းဆိုခဲ့ပြီးနောက်မှာ ရှရှားမြို့ကြီး ၂၁ မြို့က ယူကရိန်းစစ်ပွဲကို ဆန့်ကျင်ဆန္ဒပြသူ ၆၀၀ ကျော်ဖမ်းဆီးခံလိုက်ရတယ်လို့ စောင့်ကြည့်လေ့လာရေးအဖွဲ့ OVD ကပြောပါတယ်။

ဆိုင်ဘေးရီးယန်းဒေသ နိုဗိုဆီဘီယာ့စ်ခ်မြို့မှာ လူ၂၀၀ နီးပါး ထိန်းသိမ်း ခံခဲ့ရပါတယ်။

ရုရှားနိုင်ငံတွင်းက မြို့ကြီးအတော်များများမှာလည်း စစ်ဆန့်ကျင်ရေး ကန့်ကွက် ဆန္ဒပြမှုတွေကို ရုရှားရဲတွေက ထပ်မံ လူစုခွဲခဲ့ကြပါတယ်။

ရုရှားနိုင်ငံကအစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ အစုလိုက်အပြုံလိုက် အစုလိုက်အပြုံလိုက် ဖမ်းဆီးထိန်းသိမ်းမှုတွေဟာ စံနမူနာဖြစ်လာပါတယ်။

မွန်းလွဲချိန်မတိုင်ခင်မှာပဲရုရှား မြို့ကြီး ၁၉ မြို့မှာ ဆန္ဒပြသူ ၄၂၀ ကျော် ကို ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ သီးခြားလွတ်လပ်တဲ့ သတင်းဌာန တစ်ခုဖြစ်တဲ့ Moscow time သတင်းဌာနက ပြောပါတယ်။

ကိယက်ဗ်မြို့ အနောက်မြောက်ဘက်ရှိ အာရ်ပင်မြို့ကနေ စစ်ဘေးရှောင်လာသူ သက်ကြီးရွယ်အို တစ်ဦး

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ကိယက်ဗ်မြို့ အနောက်မြောက်ဘက်ရှိ အီယာပင်မြို့ကနေ စစ်ဘေးရှောင်လာသူ သက်ကြီးရွယ်အို တစ်ဦး

စစ်ဘေးရှောင် ဒုက္ခသည် တစ်သန်းခွဲ အထိရှိလာ

ရုရှားက ယူကရိန်းကို စစ်ရေးအရ ကျုးကျော်တဲ့ ၁၀ ရက်မြောက်နေ့မှာ ယူကရိန်းကနေ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးလာသူ စစ်ဘေးရှောင် ဒုက္ခသည် အရေအတွက်ဟာ တစ်သန်းခွဲ ခန့်ရှိလာပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရှာ ကော်မရှင်နာမင်းကြီး ဖိလစ်ပို ဂရန်ဒီက ပြောပါတယ်။

ဒါဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ အလျင်အမြန်ကြီးထွားလာတဲ့ ဒုက္ခသည်အကျပ်အတည်းဖြစ်လာပါတယ်။

စုစုပေါင်း လူ လေးသန်းအထိ နိုင်ငံကနေ ထွက်ခွာဖို့ ကြိုးစားနိုင်တယ်လို့ ဥရောပသမဂ္ဂက ခန့်မှန်းထားပါတယ်။

ပဋိပက္ခစတင်ကတည်းက ရုရှားနဲ့နယ်နိမိတ်ခြင်းထိစပ်နေတဲ့ ပိုလန်ကို ယခုအချိန်အထိ လူပေါင်း ၆ သိန်းကျော်ဝင်ရောက်လာခဲ့တယ် ပိုလန်နယ်ခြားစောင့်အေဂျင်စီက ပြောပါတယ်။

ယူကရိန်းက ဒုက္ခသည်တွေဟာ ပိုလန်၊ ရိုမေးနီးယား၊ စလိုဗက်ကီးယား၊ ဟန်ဂေရီနဲ့ မော်လ်ဒိုဗာ အပါအဝင် အနောက်ဘက်ရှိ အိမ်နီးချင်းနိုင်ငံတွေကို နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လျက်ရှိနေပါတယ်။

ယူကရိန်းနိုင်ငံ စစ်ပွဲကနေ ထွက်ပြေးလာတဲ့ လူတွေကို ကူညီဖို့ ဒေါ်လာ ၁ ဒဿမ ၇ ဘီလီယံ အရေးပေါ် အကူအညီပေးကြဖို့ ကုလသမဂ္ဂအဖွဲ့က ပန်ကြားထားပါတယ်။

ယူကရိန်းနိုင်ငံကနေ ထွက်ပြေးလာကြသူတွေကို နိုင်ငံထဲမှာ နေထိုင်ခွင့်၊ အလုပ်လုပ်ကိုင်ခွင့်၊ ကျန်းမာရေး ကုသစောင့်ရှောက်မှုနဲ့ ပညာသင်ကြားခွင့် အနည်းဆုံး တစ်နှစ် ပေးဖို့ စတဲ့ ယာယီကာကွယ်စောင့်ရှောက်မှု ပေးနိုင်ရေး အဆိုပြုချက်တွေကို အီးယူ ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေက ပြည်ထဲရေး ဝန်ကြီးတွေ ဘရပ်ဆဲလ်စ်မြို့မှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းက ဆွေးနွေးခဲ့ကြပါတယ်။

ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်မှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ စနေနေ့က ကမ္ဘာတဝန်းမှာ ဖြစ်ပွားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်မှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ စနေနေ့က ကမ္ဘာတဝန်းမှာ ဖြစ်ပွားခဲ့ပါတယ်။

ယူကရိန်းကျုးကျော်မှုကို ဂျပန်မှာ ဆန္ဒပြ

ဂျပန်နိုင်ငံမှာလည်း နျူကလီးယား အဏုမြူဗုံးဒဏ်က လွတ်မြောက်ခဲ့သူတွေက ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်ခဲ့တာ အပေါ် ဦးဆောင်ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

နာဂါဆာကီမြို့က ငြိမ်းချမ်းရေးအထိမ်းအမှတ် ဗိမာန်မှာ ပြုလုပ်တဲ့ အဲဒီ ဆန္ဒပြပွဲကို လူရာနဲ့ချီ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

ယူကရိန်းနိုင်ငံက နျူကလီးယားစက်ရုံတစ်ခုကို ရုရှားက တိုက်ခိုက်ခဲ့ပြီး ရုရှားပိုင် နျူကလီးယားလက်နက်တွေကို အသင့်အနေအထား ပြင်ထားတာဟာ ရက်စက်ယုတ်မာတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဂျပန် အဏုမြူဗုံးဒဏ်က လွတ်မြောက်ခဲ့သူများ အဖွဲ့ရဲ့ အကြီးအကဲက ဝေဖန် ပြစ်တင်ခဲ့ပါတယ်။

အဏုမြူဗုံးဒဏ်ကနေ အသက်ရှင် လွတ်မြောက်ခဲ့သူ အသက် ၉၀ အရွယ် ဂျပန်အမျိုးသမီးကြီးတစ်ဦးက သူ့ရဲ့ တွစ်တာ လူမှုကွန်ရက် စာမျက်နှာ ကနေ ယူကရိန်းစစ်ပွဲအကြောင်း ဝေဖန်ရေးသားထားတာကို လူအများ အပြား ပြန်ဝေမျှနေပါတယ်။

တိုမီကို မိုရီတာ ဆိုတဲ့ အဲဒီ အမျိုးသမီးကြီးဟာ ၁၉၄၅ ခုနှစ်တုန်းက နာဂါဆာကီမြို့ကို အမေရိကန်က အဏုမြူဗုံးကြဲခဲ့စဉ်က သူ့မိဘနှစ်ပါး စလုံးနဲ့ မောင်နှစ်မတွေကို ဆုံးရှုံးခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက အခြေအနေနဲ့ အခုလက်ရှိ ဖြစ်နေတဲ့အခြေအနေကို နှိုင်းယှဉ်ပြထားတဲ့ သူ့ရဲ့ တွစ်တာပို့စ်ကို လူသောင်းချီ likes လုပ်ခဲ့ ကြပါတယ်။

ဂျပန်ပိုင်နက် နယ်မြေမှာ အမေရိကန်တွေကို နျူကလီးယား မစ်ဆိုင်းဒုံးတွေ လာထားခိုင်းမလား ဆိုတာနဲ့ ပတ်သက်လို့ လောလောဆယ် ဂျပန် ထိပ်တန်း နိုင်ငံရေးခေါင်းဆောင်တွေ အကြား ဆွေးနွေးပြောဆိုမှုတွေ စလုပ်နေပါတယ်။ ဂျပန်ဝန်ကြီးချုပ်ကတော့ ဖူမီယို ကီရှီဒါကတော့ ဒီကိစ္စကို သူ့အနေနဲ့ ကန့်ကွက်တယ်လို့ ပြောနေပါတယ်။