ကာဇက်စတန် မငြိမ်မသက်မှု - ရုရှားတပ်ဖွဲ့တွေ ချထားတာကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မေးခွန်းထုတ်

ဓာတ်ပုံ ရင်းမြစ်, Russian Defence Ministry
အာရှအလယ်ပိုင်း ကာဇက်စတန်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက် မငြိမ်သက်မှုတွေကို ရုရှား စစ်တပ်အကူအညီနဲ့ ဖြေရှင်းဖို့ ဆုံးချက်ချတဲ့ အပေါ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က မေးခွန်းထုတ်လိုက်ပါတယ်။
လောင်စာဆီစျေးမြင့်တက်ရာက စခဲ့တဲ့ ဆန္ဒပြမှုတွေကြောင့် လူဒါဇင်တွေချီပြီး သေဆုံးခဲ့ရပြီးပါပြီ။
ဒါပေမဲ့ အမေရိကန်ကတော့ ကာဇက်စတန် အစိုးရက ဒါကို သူ့တို့ဘာသာ ဖြေရှင်းနိုင်တယ်လို့ ယုံကြည်ကြောင်း မစ္စတာ ဘလင်ကင်က ပြောပါတယ်။
တပ်ဖွဲ့တွေ စေလွှတ်တာ ဘာကြောင့် ဖြစ်ရတယ်ဆိုတာ မရှင်းလင်းဘူးဆိုပြီး သူက သတင်းထောက်တွေကို ပြောပါတယ်။
ရုရှားဦးဆောင်တဲ့ အင်အား ၂၅၀၀ ရှိတဲ့ တပ်ဖွဲ့တွေထဲက ပထမအသုတ်က ကာဇက်စတန်ကို ရောက်နေပါပြီ။
ရုရှား တာဝန်ရှိသူတွေဘက်ကတော့ ဆိုဗီယက် ပြည်ထောင်စုနိုင်ငံဟောင်း ၅ နိုင်ငံနဲ့ ရုရှားတို့ ပါဝင်တဲ့ ယူရေးရှားဒေသ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု သဘောတူ စာချုပ်(CSTO) အရ စေလွှတ်တဲ့ တပ်တွေ ချထားတာဟာ ယာယီချထားတာ ဖြစ်တယ်လို့ အလေးပေးပြောဆိုပါတယ်။
ကာဇက်စတန်ရဲ့ အကြီးဆုံးမြို့ အယ်လ်မတာ မြို့တော်ဝန် ရုံးခန်းနဲ့ မြို့လေဆိပ်ကို ဆန္ဒပြသူတွေက စီးနင်းဝင်ရောက် ပြီးနောက် သမ္မတ ကာဆင်ယိုမတ် ကယ်မယ်လူလာ တော်ကာယစ်ဖ်က ဒီအကူအညီကို တောင်းခံခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို မစ္စတာ ဘလင်ကင်က ပြောကြားရာမှာ "လတ်တလော သမိုင်းသင်ခန်းစာတစ်ခုကတော့ ခင်ဗျားတို့ အိမ်ထဲ ရုရှားတွေ တစ်ခါရောက်လာပြီးရင် သူတို့ ပြန်ထွက်သွားအောင်လုပ်ဖို့ တစ်ခါတစ်လေ တော်တော်ခက်ပါတယ်"လို့ သတိပေးပါတယ်။
ဒါ့အပြင် အခု ဆန္ဒပြမှုတွေကို ဆန္ဒပြသမားတွေရဲ့ အခွင့်အရေးတွေကို မထိပါးစေဘဲ ဥပဒေနဲ့အညီ ကာဇက်အစိုးရက ဖြေရှင်းနိုင်တဲ့ အခြေအနေ ရှိပုံရတယ်လို့လည်း သူက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တစ်ချိန်တည်းမှာပဲ လက်ရှိ ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေဆဲ အခြေအနေမှာ လုံခြုံရေးစိုးရိမ်ရတဲ့အတွက် အမေရိကန် သံတမန်တွေထဲက မဖြစ်မနေ တာဝန်ထမ်းဖို့လိုသူတွေမှအပ ကျန်သူတွေကို ထွက်ခွာကြဖို့ အမေရိကန်က ညွှန်ကြားထားပါတယ်။
ရုရှား စစ်လက်ရုံးတပ်ဖွဲ့ဝင် တချို့ ကာဇက်စတန်ကို ရောက်နေကြပြီဖြစ်ပြီး မနေ့က သောကြာနေ့မှာ ကာဇက်တပ်တွေက ဆန္ဒပြသူတွေဆီက လေဆိပ်ကို ပြန်လည် ထိန်းချုပ်ရယူတာကို ဝင်ကူခဲ့ပါတယ်။
ဒါ့အပြင် ကာဇက် တပ်တွေဟာ အယ်လ်မတာမြို့ကို ထိန်းချုပ်ရေး လုပ်ငန်းတွေကိုလည်း အပြင်းအထန် ဆောင်ရွက်နေကြပါတယ်။
ဗီဒီယိုတွေမှာ အစိုးရတပ်တွေက ဆန္ဒပြသူတွေကို သေနတ်နဲ့ ပစ်ခတ်တာကို ကြာသပတေးနေ့မှာ ဒေသတွေင်းမီဒီယာတွေက ပြသခဲ့ကြပါတယ်။
ထိပ်တိုက်တွေ့မှုတွေအတွင်း "လက်နက်ကိုင် ရာဇဝတ်သား" ၂၆ ယောက် နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၈ ယောက် သေဆုံးခဲ့ရပြီးပြီလို့ ပြည်ထဲရေးဝန်ကြီးက ပြောပြီး သမ္မတကတော့ ဒီမငြိမ်မသက်ဖြစ်မှုအတွက် သူက ပြည်ပ"အကြမ်းဖက်သမား"လို့ သုံးစွဲသူတွေကို အပြစ်တင်ပါတယ်။
တနင်္ဂနွေနေ့က စတင်ခဲ့တဲ့ ဒီလူအများအပြား ဆန္ဒပြမှုဟာ ကာဇက်စတန်ပြည်သူတွေ သုံးစွဲတဲ့ ကားလောင်စာ ဓာတ်ငွေ့ (LPG)စျေးတွေ နှစ်ဆ တက်သွားရာက စခဲ့တာပါ။
စျေးနှုန်းကန့်သတ်မှုကို ခြောက်လကြာ ပြန်ထိန်းသိမ်းပေးမယ်လို့ အစိုးရက ပြောပေမဲ့ ဒီကြေညာချက်က ဆန္ဒပြမှုတွေကို အဆုံးသတ် မသွားစေဘဲ တခြား နိုင်ငံရေး မကျေနပ်မှုတွေဆီပါ ကူးစက်ကျယ်ပြန့်သွားပါတယ်။

ကာဇက်စတန်မှာ ထိရောက်တဲ့ နိုင်ငံရေး အတိုက်အခံလည်း မရှိဘဲ ရွေးကောက်ပွဲ အများစုမှာ အာဏာရပါတီက ၁၀၀ ရာခိုင်နှုန်း နီးပါး မဲတွေနဲ့ နိုင်လေ့ရှိပါတယ်။
ပြီးခဲ့တဲ့ သမ္မတ နာဆူလ်တန် နာဇာဘိုင်ယစ်ဖ်က နိုင်ငံကို ၂၉ နှစ် အုပ်ချုပ်သွားခဲ့တဲ့အပြင် သူရာထူးက ထွက်ပြီးတဲ့နောက်လည်း အမျိုးသားလုံခြုံရေးနဲ့ဆိုင်တဲ့ရာထူးကို ရယူပြီး သူ့အာဏာကို ထိန်းထားခဲ့ပါတယ်။
အခုတော့ လက်ရှိသမ္မတက သူ့ကို နိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကောင်စီ အကြီးအကဲ ရာထူးကနေ ဖယ်ရှားလိုက်ပါပြီ။
ဒါ့အပြင် ဝန်ကြီးချုပ်ဟောင်းတစ်ဦးလည်းဖြစ်ပြီး လုံခြုံရေး အကြီးအကဲလည်း ဖြစ်တဲ့ ကရင်မ် မာဆီမုဟာ နိုင်ငံသစ္စာဖောက်မှု သံသယနဲ့ တခြားအရာရှိ တချို့နဲ့အတူ ကြာသပတေးနေ့က ဖမ်းဆီးခံရတယ်လို့ စနေနေ့မှာ ထုတ်ပြန်လာပါတယ်။
ဒီဖမ်းဆီးမှုတွေနဲ့ ပတ်သက်ပြီး အသေးစိတ်အခြေအနေတွေကိုတော့ ထုတ်မပြောပါဘူး။








