ကာဇက်စတန် မငြိမ်မသက်မှု - လုံခြုံရေးတပ်ဖွဲ့တွေ ကြိုတင်သတိပေးစရာမလိုဘဲ ပစ်မိန့်ရထား

ဓာတ်ပုံ ရင်းမြစ်, Reuters
အစိုးရ ဆန့်ကျင်ဆန္ဒပြသူတွေကို အင်အားသုံး ဖြေရှင်းနေချိန်မှာ ကာဇက်စတန် အာဏာရှင် ခေါင်းဆောင်က လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ "ကြိုတင်သတိပေးစရာမလိုဘဲ "ပစ်ခတ်ဖို့ ခွင့်ပြုထားတယ်လို့ ပြောပါတယ်။
လောင်စာဆီစျေးတွေ မြင့်တက်သွားရာကနေ စတင်ခဲ့တဲ့ ဆန္ဒပြမှုတွေနောက် အာရှအလယ်ပိုင်း အဲဒီနိုင်ငံရဲ့ အဓိက မြို့ကြီး အယ်လ်မတာကို "ဥပဒေမဲ့ လူရမ်းကား၂၀,၀၀၀" က တိုက်ခိုက်ခဲ့တယ်လို့ သမ္မတ ကာဆင်ယိုမတ် ကယ်မယ်လူလာ တော်ကာယစ်ဖ်က ပြောပါတယ်။
သက်သေအထောက်အထားမပြပေမဲ့ ဒီဖြစ်စဥ်တွေအတွက် နိုင်ငံခြားကလေ့ကျင့်ထားတဲ့ "အကြမ်းဖက်သမားတွေ" ကြောင့်ဆိုပြီး သမ္မတက အပြစ်ဖို့ပါတယ်။
ဒီအကြမ်းဖက်မှုတွေကြောင့် အခုချိန်အထိ လက်နက်ကိုင် ရာဇဝတ်သား ၂၆ ယောက်နဲ့ လုံခြုံရေး တပ်ဖွဲ့ဝင် ၁၈ ဦး သေဆုံးခဲ့ပြီး ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။
သူ့ရဲ့တောင်းဆိုမှုကြောင့် ရုရှားနဲ့ အိမ်နီးချင်းနိုင်ငံတွေက လွှတ်လိုက်တဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေ ရောက်လာပြီဖြစ်ပြီး လုံခြုံရေးအတွက် အချိန်အတိုင်းအတာတစ်ခုအထိ အဲဒီတပ်ဖွဲ့တွေ နိုင်ငံထဲမှာ ရှိနေမယ်လို့ ရုပ်သံကပြောတဲ့ မိန့်ခွန်းမှာ မစ္စတာ တော်ကာယစ်ဖ်က ပြောပါတယ်။
ရုရှားဦးဆောင်တဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် အဖွဲ့(CSTO) မှာ တပ်ဖွဲ့ ဝင် ၂,၅၀၀ ရှိပါတယ်။
တပ်ဖွဲ့တွေ စေလွှတ်ပေးတဲ့အတွက် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကို "အထူးကျေးဇူးတင်ကြောင်း" မစ္စတာ တော်ကာယစ်ဖ်က ပြေပါတယ်။
ဆန္ဒပြသူတွေနဲ့ ဆွေးနွေးဖို့ တောင်းဆိုကြတာကို သမ္မတက ငြင်းပယ်ထားပြီး လက်နက်မချသူတွေကို "ချေမှုန်း" သွားမယ်လို့ ပြောပါတယ်။ "ရာဇဝတ်သားတွေ၊ လူသတ်သမားတွေနဲ့ ဘာပြောစရာ ရှိမလဲ" လို့ သူက ပြောပါတယ်။
"လက်နက်ကိုင်ထားပြီး သေချာပြင်ဆင်ထားတဲ့ ပြည်တွင်းပြည်ပ ဥပဒေမဲ့ လူရမ်းကား တွေကို ကျွန်တော်တို့ ရင်ဆိုင်နေရတာ။ ပိုရှင်းရှင်း ပြောရရင် သူတို့က အကြမ်းဖက်သမားတွေပဲ။ အဲဒါကြောင့် သူတို့ကို သုတ်သင်ချေမှုန်းပစ်ရမှာပဲ။ အဲဒါလည်း မကြာခင် ရှင်းပြီးမှာပါ" လို့ သူက ပြောပါတယ်။

သောကြာနေ့ အစောပိုင်းမှာ အယ်လ်မတာမြို့က ဗဟို ရင်ပြင်နားမှာ သေနတ်သံတွေ ထပ်ကြားရပါတယ်။
တနင်္ဂနွေနေ့က စတင်ခဲ့ ဆန္ဒပြမှုတွေဟ ကာဇက်စတန်ကလူတွေ အဓိကသုံးတဲ့ ကားလောင်စာ ဓာတ်ငွေ့ (LPG) စျေး နှစ်ဆ မြင့်တက်သွားရာက စတင်ခဲ့ပြီး ဆန္ဒပြသူတွေ လမ်းတွေပေါ် ထွက်လာစေပါတယ်။
စျေးနှုန်းကန့်သတ်မှုကို ခြောက်လကြာ ပြန်ထိန်းသိမ်းပေးမယ်လို့ အစိုးရက ပြောပါတယ်။
ဒါပေမဲ့ ဒီကြေညာချက်က ဆန္ဒပြမှုတွေကို အဆုံးသတ် မသွားစေဘဲ တခြား နိုင်ငံရေး မကျေနပ်မှုတွေဆီပါ ကူးစက်ကျယ်ပြန့်သွားပါတယ်။
ကာဇက်စတန်နိုင်ငံကို အာဏာရှင်ဆန်ဆန် အုပ်ချုပ်တဲ့ နိုင်ငံလို့ အများအားဖြင့် ပြောကြပါတယ်။ ရွေးကောက်ပွဲတွေ အားလုံးနီးပါးကလည်း အာဏာရပါတီက ၁၀၀ ရာခိုင်နှုန်းနီးပါး မဲတွေနဲ့ အနိုင်ရလေ့ ရှိပါတယ်။ ပြီးတော့ ပြောပလောက်တဲ့ နိုင်ငံရေး အတိုက်အခံလည်း မရှိပါဘူး။








