ကာဇက်စတန် မငြိမ်သက်မှု - ဆန္ဒပြမှုတွေ ဖြိုခွဲမှုမှာ လူဒါဇင်ချီ သေဆုံး

ဓာတ်ပုံ ရင်းမြစ်, Reuters
အာရှ အလယ်ပိုင်းဒေသ ကာဇက်စတန်နိုင်ငံက အဓိကမြို့ကြီး အယ်လ်မတာမြို့ မှာ ဆန္ဒပြမှု အဓိကရုဏ်းတွေကြောင့် မြို့တည်ငြိမ်ရေးကို ကာဇက်စတန် လုံခြုံရေးတပ်ဖွဲ့တွေက လုပ်ဆောင်ရာမှာ အစိုးရဆန့်ကျင် ဆန္ဒပြသူ ဒါဇင်နဲ့ချီ သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဆန္ဒပြသူတွေက ရဲစခန်းတွေကို ဝင်စီးဖို့ ကြိုးစားတာကြောင့် အခြေအနေတွေကို သူတို့ ထိန်းချုပ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောခွင့်ရသူက ပြောပါတယ်။
ရေနံဓာတ်ငွေ့ရည် (LPG) စျေးတွေ နှစ်ဆတက်ရာက ဖြစ်ခဲ့တဲ့ မငြိမ်သက်မှုတွေရဲ့ အစောပိုင်းမှာ လုံခြုံရေး တပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးခဲ့ပါတယ်။
အခုတော့ ကာဇက် သမ္မတရဲ့ တောင်းဆိုမှုကြောင့် ရုရှားက တပ်ဖွဲ့ဝင်တွေ စေလွှတ်လိုက်ပါပြီ။
ရုရှား၊ ဘယ်လာရုဇ်၊ တာဂျစ်ကစ်စတန်၊ ကာဂျစ်စတန်နဲ့ အာမေးနီးယားတို့ ချုပ်ဆိုထားကြတဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် အဖွဲ့(CSTO) ရဲ့ အဖွဲ့ဝင် နိုင်ငံဖြစ်တာကြောင့် ကာဇက်စတန်နိုင်ငံ "တည်ငြိမ်ရေး" ကို ရုရှားတပ်ဖွဲ့တွေ ကူညီဖို့ စေလွှတ်ချထားခံရတာ ဖြစ်ပါတယ်။
ကားလောင်စာသုံး LPG စျေးနှုန်း ကန့်သတ်ထားတာကို အစိုးရက ဖြေလျှော့လိုက်ရာက ဆန္ဒပြမှုတွေ တနင်္ဂနွေနေ့က စတင်ခဲ့ပါတယ်။ ဒါပေမဲ့ ဆန္ဒပြမှုတွေက အဲဒီကနေ နိုင်ငံရေး မကျေနပ်မှုတွေ အထိပါ ကူးစက်ပျံ့နှံသွားပါတယ်။
ဒီပြဿနာတွေရဲ့ နောက်ကွယ်မှာ ပြည်ပမှာ လေ့ကျင့်ထားတဲ့ "အကြမ်းဖက်ဂိုဏ်းတွေ" ရှိတယ်လို့ စွပ်စွဲထားပြီး ညမထွက်ရ အမိန့်နဲ့ လူစုလူဝေးပြုလုပ်တာ တားမြစ်တာတွေပါတဲ့ တစ်နိုင်ငံလုံး အရေးပေါ်အခြေအနေကို သမ္မတ ကာဆင်ယိုမတ် ကယ်မယ်လူလာ တော်ကာယစ်ဖ်က ကြေညာထားပါတယ်။
သမ္မတ တော်ကာယစ်ဖ်က CSTO အဖွဲ့ထံက အကူအညီ တောင်းထားတယ်လို့ ပြောပြီး CSTO ဥက္ကဋ္ဌ အာမေးနီးယန်း ဝန်ကြီးချုပ် နစ်ကိုးလ် ပါရှစ်ယန်က မဟာမိတ်အဖွဲ့အနေနဲ့ "သတ်မှတ်ချိန်အတွင်း" ထမ်းဆောင်မယ့် ငြိမ်းချမ်းရေး တပ်ဖွဲ့တွေ စေလွှတ်မယ်လို့ အတည်ပြုထားပါတယ်။
ကာဇက်စတန် လွတ်လပ်ရေး ကြေညာခဲ့တဲ့ ၁၉၉၁ နောက်ပိုင်း သမ္မတ တော်ကာယစ်ဖ်ဟာ ဒုတိယမြောက် ကာဇက်စတန် အကြီးအကဲပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ၂၀၁၉ ရွေးကောက်ပွဲက ဒီမိုကရက်တစ်စံနှုန်းတွေ လိုက်နာမှု မရှိဘူးဆိုပြီး ဥရောပလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (OSCE) က ရှုတ်ချထားပါတယ်။
ဒါပေမဲ့ အခု လမ်းပေါ်က ဆန္ဒပြမှု အများအပြားက သူ့ရှေ့က အရင် သမ္မတ နာဆူလ်တန် နာဇာဘိုင်ယစ်ဖ်ကို ရည်ရွယ်ကြပုံ ရပါတယ်။ နာဆူလ်တန် နာဇာဘိုင်ယစ်ဖ်က ရာထူးက ဆင်းပြီးသွားကတည်းက သြဇာကြီးတဲ့ အမျိုးသားလုံခြုံရေး ရာထူးတာဝန်ကို ရယူထားပါတယ်။
ဗုဒ္ဓဟူးနေ့မှာတော့ မငြိမ်သက်မှုတွေ တိုးလာတာကို ဖြေလျှော့ဖို့ သူ ရာထူးက ထုတ်ပယ်ခံရပြီး အစိုးရ တစ်ဖွဲ့လုံးလည်း နုတ်ထွက်သွားကြပါတယ်။
မစ္စတာ နာဇာဘိုင်ယစ်ဖ်ရဲ့ မွေးရပ်မြေ တယ်လ်ဒက်အော်ရဂန်မြို့က သူ့ရဲ့ ကြေးရုပ်တုကြီးကို လှဲချဖို့ ကြိုးစားနေကြချိန်မှာ ဆန္ဒပြသူတွေက မစ္စတာ နာဇာဘိုင်ယစ်ဖ်ရဲ့ နာမည်ကို ကြွေးကြော်နေခဲ့ကြတဲ့ ဗီဒီယိုကို အွန်လိုင်းမှာ ဝေမျှနေကြပါတယ်။
"တစ်နိုင်ငံလုံး အင်တာနက် ပြတ်တောက်နေတယ်" လို့ လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေက ပြောတဲ့ အခြေအနေမှာ ဗဟိုအာရှဒေသက အဲဒီနိုင်ငံမှာ ဖြစ်ပျက်နေတာတွေကို ရှင်းရှင်းလင်းလင်း သိရဖို့က ခက်ခဲပါတယ်။
အယ်လ်မတာမြို့ ရဲတပ်ဖွဲ့ ပြောခွင့်ရ အမျိုးသမီး ဆယ်လ်တန်နတ် အဇာဘက်က ယာယီအားဖြင့် မြို့လူထုကို အိမ်မှာပဲ နေကြဖို့ တိုက်တွန်းထားပြီး အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး ဆက်ပြီးလုပ်နေတယ်လို့ ကြာသပတေးနေ့က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
တိုက်ခိုက်သူတွေက မြို့ထဲက ရဲတပ်ဖွဲ့ အဆောက်အအုံတွေကို ဝင်စီးဖို့ ကြိုးစားကြတဲ့နောက် ဒါဇင်နဲ့ချီတဲ့ တိုက်ခိုက်သူတွေကို "ချေမှုန်းသုတ်သင်" ခဲ့တယ်လို့ သူက ပြောပါတယ်။
ပြီးတော့ လက်နက်တွေလည်း ဆူပူသူတွေက လုယူသွားကြတယ်လို့ သူက ပြောပါတယ်။
ဒီမငြိမ်သက်မှုတွေမှာ လူ ၁၀၀၀ လောက် ဒဏ်ရာရခဲ့တယ်လို့ သတင်းတွေအရ သိရပြီး အဲဒီထဲက လူ ၄၀၀ ကို ဆေးရုံတင်ပို့ထားရပြီး ၆၂ ယောက်ကို အထူးကြပ်မတ်ကုသဆောင်မှာ ပို့ထားရပါတယ်။
အယ်လ်မတာမြို့တော်ဝန်ရဲ့ ရုံးခန်းကို ဆန္ဒပြသူတွေ ဝင်စီးနင်းတဲ့ ဗီဒီယိုကိုလည်း ဆိုရှယ်မီဒီယာမှာ တွေ့မြင်ရပြီး အဲဒီအဆောက်အအုံထဲက မီးခိုးတွေ ထွက်လာတာတွေ၊ သေနတ်သံ ထွက်လာတွေလည်း တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ကာဇက်စတန် အဓိက လေဆိပ်က ဝန်ထမ်းတွေလည်း အစိုးရ ဆန့်ကျင်ဆန္ဒပြသူတွေကြောင့် ထွက်ပြေးကြရပါတယ်။
အနောက်ပိုင်းက အက်တိုဘီမြို့မှာတော့ ဆန္ဒပြသူတွေကို ရေအမြောက်တွေသုံးပြီး ဖြိုခွဲခဲ့ပါတယ်။
နေရာတချို့မှာတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဆန္ဒပြသူတွေဘက်မှာ ရပ်တည်ခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ကြားသိရပါတယ်။









