အိုမီခရွန်မျိုးကွဲကိုတိုက်ခိုက်ဖို့ ကာကွယ်ဆေးတွေအလုပ်ဖြစ်နိုင်ကောင်းတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိုမီခရွန်မျိုးကွဲသစ်ကူးစက်ခံရတဲ့သူတွေ ကိုဗစ်အပြင်းအထန်ဖြစ်မယ့်အရေးကို လက်ရှိ ထုတ်လုပ်ပြီးတဲ့ ကာကွယ်ဆေးတွေက အကာအကွယ်ပေးနိုင်ကောင်းတယ် လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က အရာရှိတွေက ပြောပါတယ်။
တောင်အာဖရိကမှာ ဒီမျိုးကွဲသစ်နဲ့ ပတ်သက်ပြီး အစဦးဆုံး ဓာတ်ခွဲခန်း စမ်းသပ်တာ တွေလုပ်ရာမှာ ဖိုင်ဇာ ကာကွယ်ဆေးက တစိတ်တပိုင်း မကာကွယ်နိုင်ဘူးဆိုတာ တွေ့ရှိခဲ့ပြီးတဲ့နောက် အခု ဒီပြောဆိုချက် ပေါ်ထွက်လာတာပါ။
ဖိုင်ဇာကာကွယ်ဆေးကြောင့် လူ့ခန္ဓာကိုယ်တွင်းမှာ ရထားတဲ့ တိုက်ခိုက်အား ပဋိပစ္စည်း(antibodies)တွေက မျိုးကွဲသစ်ကို ဆန့်ကျင်ရာမှာ "အတော်အားပျော့ သွားတယ်"လို့ သုတေသီတွေက ပြောပါတယ်။
ဒါပေမယ့် WHOက ဒေါက်တာ မိုက်ခ် ရိုင်ယန်က တခြားမျိုးကွဲတွေနဲ့ အိုမီခရွန်ကို နှိုင်းစာကြည့်ရင် ကာကွယ်ဆေးကို သူတို့ ရှောင်ထွက်သွားရာမှာ အိုမီခရွန်က ပိုပြီး သာမနေပါဘူးလို့ ပြောပါတယ်။
"မျိုးကွဲတွေအားလုံးကို ကျွန်တော်တို့ ရှိပြီးသား ကာကွယ်ဆေးတွေက တိုက်ခိုက်နိုင်တယ်ဆိုတာကို ကျွန်တော်တို့ သက်သေပြပြီးသားပါ၊ ရောဂါ မပြင်းထန်ဖို့၊ ဆေးရုံတင်တဲ့အဆင့်အထိ မရောက်ဖို့ ကာကွယ်ဆးတွေက စွမ်းပြီး သားပါ၊ အိုမီခရွန်ကိုလည်း အဲဒီလို မဆန့်ကျင် မတိုက်ခိုက်နိုင်စရာ ဘာအကြောင်းမှ မရှိပါဘူး"လို့ WHOရဲ့ အရေးပေါ်ဆိုင်ရာ ညွှန်ကြားရေးမှူး ဒေါက်တာ ရိုင်ယန်က အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။
အိုမီခရွန်ကူးစက်ခံထားရတဲ့ လူနာတွေဟာ ဒဲလ်တာ (Delta)နဲ့ တခြားမျိုးကွဲတွေ ကူးစက်ခံရတာမျိုးထက် ပိုပြီး ဝေဒနာ ပိုဆိုးပြီး ခံရတာမျိုး မရှိဘူးဆိုတာကို ကောက်ယူထားတဲ့ သတင်းအချက်အလက်တွေက ဖော်ပြနေတယ်လို့လည်း သူက ပြောပါတယ်။
"ပြောရရင် သူ (အိုမီခရွန်)က အဲဒါတွေလောက် မဆိုးတဲ့ပုံကို တွေ့နေရတယ်"လို့လည်း သူက ဆိုပါတယ်။
တောင်အာဖရိက သုတေသီတွေ အစဦးတွေ့ရှိချက်က ဖိုင်ဇာ ကာကွယ်ဆေးကြောင့် ရလာတဲ့ ပဋိပစ္စည်းတွေဟာ မူရင်း ကိုဗစ်ပိုးမျိုးကို တိုက်ခိုက်နိုင်တာနဲ့ အိုမီခရွန် မျိုးကွဲသစ်ကို တိုက်ခိုက်နိုင်တဲ့ အားတွေကို ယှဥ်ကြည့်ရင် မျိုးကွဲသစ်ကို တိုက်နိုင်တဲ့အားက အဆ ၄၀ လောက် ကျဆင်းသွားတာကို တွေ့ခဲ့ရတာပါ။

ဒါပေမယ့် ဖိုင်ဇာ ကာကွယ်ဆေးကြောင့်ရထားတဲ့ ပဋိပစ္စည်းတွေကို အိုမီခရွန်က လွတ်မြောက်ကျော်လွှားသွားတာက "လုံးလုံးလျားလျားတော့မဟုတ်ပါဘူး"လို့ အာဖရိက ကျန်းမာရေး သုတေသန အင်စတီကျုက ပါမောက္ခတယောက်ဖြစ်တဲ့ ဒေါက်တာ အဲလက်စ် ဆီဂဲလ်က ပြောပါတယ်။
အရင်က ကိုဗစ်ကူးစက်ခံရဖူးပြီး ကာကွယ်ဆေးထိုးထားသူတွေ မျိုးကွဲသစ်ကို ခံနိုင်ရည်ရှိတယ်လို့ ပါမောက္ခဆီဂဲလ်က ဆိုပါတယ်။ ဆိုလိုတာကတော့ ကာကွယ်ဆေး ၂ ကြိမ် ဒါမှမဟုတ် ၃ ကြိမ် ထိုးထားသူများ အသေအချာ အကျိုးရှိတယ်လို့ ဆိုတာပါ။
အိုမီခရွန်မျိုးကွဲနဲ့ ပတ်သက်ပြီး ဖိုင်ဇာ ကာကွယ်ဆေးက ဘယ်လောက်အထိ ကာကွယ်နိုင်လဲ ဆိုတဲ့ အချက်အလက်တွေက လာမယ့်ရက်ပိုင်းအတွင်းမှာ ပိုပြီး ရလာနိုင်ပါတယ်။
မဒါနားနဲ့ တခြားကာကွယ်ဆေးတွေက မျိုးကွဲသစ်ကို ဘယ်လောက်အထိ အကာအကွယ်ပေးနိုင်လဲ ဆိုတာကို ဖော်ပြတဲ့ သုတေသန သတင်းအချက် အလက်တွေကိုလည်း စောင့်ကြရဦးမှာပါ။
ကူးစက်ရောဂါနဲ့ပတ်သက်ပြီး အမေရိကန် ကျွမ်းကျင် ပညာရှင် ဒေါက်တာ ဖောင်ချီက အစပိုင်း အထောက်အထားတွေအရ အိုမီခရွန်ဟာ ပိုကူးစက် ပျံ့နှံ့လွယ်တာတွေ့ရပြီး ရောဂါလက္ခဏာက အရင်ကမျိုးကွဲတွေမှာလောက် မပြင်းထန် ဘူးလို့ ဆိုပါတယ်။
ဂျွန်ဟော့ကင်း တက္ကသိုလ်က ကောက်ယူထားတဲ့ အချက်အလက်တွေအရ ကမ္ဘာမှာ ကိုဗစ်ကူးစက်ခံရသူ ၂၆၇ သန်းကျော်ရှိခဲ့ပြီး လူပေါင်း ၅ သန်းကျော် အသက်ဆုံး ခဲ့ရပြီး ဖြစ်ပါတယ်။








