ဆွီဒင်ရဲ့ ပထမဆုံး အမျိုးသမီး၀န်ကြီးချုပ် ရာထူးခန့်အပ်ခံရပြီး နာရီပိုင်းအတွင်း နုတ်ထွက်

ဓာတ်ပုံ ရင်းမြစ်, Reuters
ဆွီဒင်နိုင်ငံရဲ့ ပထမဦးဆုံးသော အမျိုးသမီး၀န်ကြီးချုပ်ဟာ ရာထူးခန့်အပ်ခံရပြီး နာရီပိုင်း အတွင်းမှာပဲ ရာထူးကနေ နုတ်ထွက်သွားပါတယ်။
ဗုဒ္ဓဟူးနေ့က မက်ဒဲလ်လီနာ အင်ဒါဆင်ကို နိုင်ငံ့ခေါင်းဆောင်အဖြစ် ကြေညာခဲ့ကြ ပေမယ့် သူ့ရဲ့ ညွန့်ပေါင်းအစိုးရအတွင်းကနေ မိတ်ဖက်ပါတီကထွက်သွားတာ၊ သူ့ရဲ့ နိုင်ငံအတွက် ဘတ်ဂျက်တင်ပြမှု မအောင်မမြင်ဖြစ်ခဲ့ရတာ စတာတွေဖြစ်ခဲ့တဲ့နောက် သူရာထူးကနေ နုတ်ထွက်သွားပါတယ်။
ရွှေ့ပြောင်း၀င်ရောက်မှုတွေကိုဆန့်ကျင်တဲ့ လက်ယာစွန်းတွေအပါအ၀င် အတိုက်အခံ ပါတီတွေက ရေးဆွဲထားတဲ့ ဘတ်ဂျက်ကတော့ လွှတ်တော်မှာ မဲဆန္ဒပေးပြီး အတည်ပြု သွားနိုင်ခဲ့ပါတယ်။
"လွှတ်တော်ဥက္ကဋ္ဌ ကို ကျွန်မနုတ်ထွက်ချင်တယ်လို့ ပြောလိုက်တယ်"လို့ မစ္စ အင်ဒါဆင်က သတင်းထောက်တွေကို ပြောပါတယ်။
သူ့ရဲ့မိတ်ဖက် ဂရဲန်းပါတီ (Green Party) က 'လက်ယာစွန်းတွေနဲ့ ပထမဦးစွာ ပူးတွဲပြီး မူကြမ်းရေးထားတဲ့' ဘတ်ဂျက်ကို လက်မခံနိုင်ဘူးလို့ ဆိုပါတယ်။
မစ္စ အင်ဒါဆင်က ပါတီတခုတည်းကပဲ အစိုးရဖွဲ့နိုင်ပြီး အဲဒီအစိုးရရဲ့ ၀န်ကြီးချုပ် ဖြစ်လာအောင် သူ ဆက်ကြိုးစားသွားဖို့ ရည်စူးထားတယ်လို့ ပြောပါတယ်။
"ညွန့်ပေါင်းအစိုးရထဲက ပါတီတခုက နုတ်ထွက်ရင် အဲဒီညွန့်ပေါင်းအစိုးရ နုတ်ထွက်ပေးသင့်တယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ဆိုထားပါတယ်"လို့ ဆိုရှယ်ဒီမိုကရက်ပါတီ ခေါင်းဆောင် မစ္စအင်ဒါဆင်က ပြောပါတယ်။ "တရား၀င်ရဲ့လားလို့ မေးခွန်းထုတ်ခံရမယ့် အစိုးရကို ကျွန်မ ဦးမဆောင်ချင်ပါဘူး။"
နောက်တဆင့်အနေနဲ့ ဘာဆက်လုပ်ကြမလဲဆိုတာကို သူ နိုင်ငံရေးပါတီ ခေါင်းဆောင် တွေနဲ့ ဆက်သွယ်လုပ်ကိုင်သွားမယ်လို့ လွှတ်တော်ဥက္ကဋ္ဌက ပြောပါတယ်။
မစ္စ အင်ဒါဆင် အနေနဲ့ ၀န်ကြီးချုပ်ရာထူးယူတာကို အမတ်အများစုက မကန့်ကွက် ကြဘူးဆိုရင် ဆွီဒင်ဥပဒေအရ ရာထူးရယူနိုင်တဲ့အတွက် တစ်မဲအသာတည်းနဲ့ ဗုဒ္ဓဟူးနေ့က ၀န်ကြီးချုပ် အဖြစ် သူ ရွေးချယ်တင်မြှောက်ခံခဲ့ရတာပါ။
ဆွီဒင်အမျိုးသမီးတွေ မဲပေးပိုင်ခွင့်ရခဲ့တဲ့နှစ် ၁၀၀ မြောက်မှာ အသက် ၅၄ နှစ်အရွယ် ဆိုရှယ်ဒီမိုကရက်ခေါင်းဆောင်ဟာ ဆွီဒင်လွှတ်တော် (Riksdag) မှာ ၀န်ကြီးချုပ် အဖြစ် ရွေးချယ်ခံရပြီး အမတ်တွေက မတ်တပ်ရပ် လက်ခုပ်တီးကာ ဂုဏ်ပြုခဲ့ကြ ပါတယ်။
သူဟာ ဆွီဒင်နိုင်ငံသားအများအပြားနဲ့ ဆိုင်တဲ့ အငြိမ်းစား ပင်စင်လစာ တိုးမြှင့်ရေးကို အတိုက်အခံ လက်၀ဲပါတီနဲ့ အပေးအအယူလုပ် ဆွေးနွေးခဲ့ကြပြီး ၁၁ နာရီ အကြာမှာ မိတ်ဖက်ပါတီဂရဲန်းပါတီနဲ့ ပေါင်းကာ ညွန့်ပေါင်းအစိုးရကို ဖွဲ့နိုင်ခဲ့ပါတယ်။
တက္ကသိုလ်တွေအများအပြားရှိတဲ့ အူဆာလာမြို့ကနေ အငယ်တန်းအမျိုးသမီး ရေကူးချန်ပီယံဖြစ်ခဲ့တဲ့သူဟာ ၁၉၉၆ ခုနှစ်မှာ သူ့ရဲ့နိုင်ငံရေး အလုပ်တွေကို စခဲ့ပါတယ်၊ အဲဒီတုန်းက သူဟာ အဲဒီအချိန်က ၀န်ကြီးချုပ် ဂိုရန် ပါစ်ဆင်ရဲ့ နိုင်ငံရေးဆိုင်ရာ အကြံပေးတာ၀န်ကိုယူခဲ့ပါတယ်။နောက်ပိုင်း သူဟာ ဘဏ္ဍာရေး ၀န်ကြီး တာ၀န်ကို ၇ နှစ်ကြာထမ်းဆောင်ခဲ့ပါတယ်။
စကဲန်ဒီနေးဗီးယန်းနိုင်ငံတွေထဲမှာ အမျိုးသမီး ၀န်ကြီးချုပ် မရှိခဲ့တဲ့နိုင်ငံဟာ ဆွီဒင် တနိုင်ငံတည်းဖြစ်ပြီး အခု မစ္စမက်ဒဲလ်လီနာ အင်ဒါဆင် ၀န်ကြီးချုပ်ဖြစ်ပြီး မကြာခင် မှာပဲ နုတ်ထွက်သွားရတဲ့ အဖြစ်ပါ။








