ဆွီဒင်ဘုရင်က သူ့နိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ်အရေးဆောင်ရွက်ပုံ 'မအောင်မြင်' ဟုဆို

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဆွီဒင်ဘုရင် ကားလ် ၁၆ ဂုစတပ်ဖ်က ၂၀၂၀ ခုနှစ်ဟာ အလွန်ဆိုးရွားတဲ့ နှစ်ပဲလို့ပြောပြီး ဆွီဒင်ရဲ့ ကိုရိုနာဗိုင်းရပ်စ်အရေးဆိုင်ရာ ဗျူဟာက မအောင်မြင်ဘူးလို့ ဆိုပါတယ်။
ဘုရင့်မိသားစုက ဒီနှစ်ကိုပြန်သုံးသပ်တဲ့ တီဗီအစီအစဉ်ထဲမှာ ဘုရင်က အဲဒီမှတ်ချက်စကားကို ပြောခဲ့တာပါ။
ကမ္ဘာ့ကပ်ကို ဆွီဒင်အစိုးရက ကိုင်တွယ်ဆောင်ရွက်ရာမှာ ညွှန်ကြားချက်တွေထုတ်ပြန်တာမျိုးကို ပိုဦးစားပေးပြီး လော့ခ်ဒေါင်းချမှတ်တာမျိုးတွေ လုံးဝမလုပ်ခဲ့တဲ့ နည်းလမ်းတွေနဲ့ ဆောင်ရွက်ခဲ့ တာပါ။ အဲဒီလိုမျိုး အများနဲ့မတူပြီး ကွဲထွက်နေတဲ့နည်းနာသုံးတာနဲ့ ပတ်သက်ပြီး ဆွီဒင်နိုင်ငံကို ဝေဖန်မှုတွေရှိလာနေခဲ့ပါတယ်။
လူဦးရေ ၁၀ သန်းကျော်ရှိတဲ့ အဲဒီနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၃၅၀,၀၀၀ နီးပါးရှိပြီး လူ ၇,၈၀၀ သေဆုံးပြီးပါပြီ။
"ကျွန်တော်ထင်တာ ကျွန်တော်တို့ မအောင်မြင်ဘူး။ ကျွန်တော်တို့ လူတွေအများကြီးသေဆုံးတာကို တွေ့ရတယ်။ ဒါဟာ အလွန်ကိုဆိုးရွားပါတယ်" လို့ ဘုရင်က အဲဒီအစီအစဉ်ထဲမှာ ပြောပါတယ်။
"ဆွီဒင်ပြည်သူတွေအနေနဲ့ ဆိုးရွားလှတဲ့ အခြေအနေတွေကို ကြုံခဲ့ကြရတယ်။ သေဆုံးသွားကြတဲ့ သူတို့မိသားစုဝင်တွေကို နှုတ်တောင်မဆက်ရနိုင်တဲ့ ကျန်ရစ်မိသားစုတွေ အကြောင်းကို တွေးကြည့် ကြည့်ပါ။ နွေးနွေးထွေးထွေး ကြင်ကြင်နာနာနဲ့ နှုတ်ဆက်လို့ မရနိုင်ခဲ့တဲ့ အဖြစ်ဟာ သိပ်ကို နာကျင် စရာ၊ ထိခိုက်စရာကောင်းတယ်လို့ ကျွန်တော်ထင်တယ်"
အသက် ၇၄ နှစ် အရွယ်ရှိတဲ့ ဘုရင့်ကို ကိုဗစ် ၁၉ ရောဂါကူးစက်ခံရမှာကို ကြောက်လားလို့ မေးတဲ့ အခါ သူက "ခုတစ်လော ပိုဆိုးလာတာကို ခံစားရတယ်၊ ကိုယ့်ဆီရောက်ဖို့ ပိုနီး နီးလာတယ် ဆိုတာ မျိုးပေါ့၊ အဲဒါမျိုး ဘယ်သူမှ မလိုချင်ကြဘူးမို့လား"
ဥပဒေပြဋ္ဌာန်းပြီး လိုက်နာအောင်ဆောင်ရွက်စေတာမျိုးအစား ဆွီဒင်အနေနဲ့ သူ့ပြည်သူတွေကို တာဝန်သိကြဖို့၊ နိုင်ငံသား တဦးအနေတဲ့ တာဝန်ယူကြဖို့ကို တိုက်တွန်းပြီး အကြံပြု ညွှန်ကြား တာမျိုးသာ လုပ်ခဲ့ပါတယ်။ မလိုက်နာရင် ဘယ်လိုအရေးယူ ဆောင်ရွက်မယ်ဆိုတာမျိုး မရှိပါဘူး။

ဆွီဒင်မှာ လော့ခ်ဒေါင်းချမှတ်တာ၊ နှာခေါင်းစည်းတွေ တပ်ခိုင်းတာမျိုး စတဲ့စည်းမျဉ်းတွေ ဘယ်တော့မှ မချမှတ်ခဲ့သလို၊ ဘားတွေ၊ စားသောက်ဆိုင်တွေကိုလည်း အမြဲတမ်းဖွင့်ထား ပေးပါတယ်။
ဒါပေမဲ့ ဒီသီတင်းပတ်အစောပိုင်းမှာတော့ စတော့ဟုမ်းတစ်ဝိုက်က ကျောင်းတွေအတွက် အသက် ၁၃ နှစ်နဲ့ ၁၅ နှစ်ကြားအရွယ် ကျောင်းသူကျောင်းသားတွေ ကျောင်းမှာလာပြီး စာသင်ကြားမယ့်အစား အဝေးသင်အနေနဲ့ သင်ကြားကြတဲ့စနစ်ကို ဖြစ်နိုင်သမျှ အမြန်ဆုံးပြောင်းကြဖို့ ပထမဆုံးအကြိမ် တိုက်တွန်းလိုက်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေ တက်လာနေတဲ့အပေါ် တုံ့ပြန်ဆောင်ရွက် တဲ့အနေနဲ့ ဒီဆောင်ရွက်ချက်ကို လုပ်ဆောင်တာပါ။
နိုင်ငံတစ်ဝန်းက အသက် ၁၆ နှစ်ကျော် ကျောင်းသူကျောင်းသားတွေ အဝေးသင်ပညာရေးနဲ့ပဲ သင်ယူဖို့ ဆုံးဖြတ်ချက်ကို ဒီဇင်ဘာ ၇ ရက်မှာ ကြေညာအပြီး သီတင်းတစ်ပတ်အကြာမှာ အဆိုပါ ဆောင်ရွက်ချက်ထပ်ထွက်လာတာပါ။
အရင်အချိန်ကာလတွေမှာ ဒေသအလိုက် သီးခြား ညွှန်ကြားချက်တွေ ထုတ်တာမျိုးအစား လာမယ့် ခရစ်စမတ်ကာလအတွက် နိုင်ငံတစ်ဝန်းလိုက်နာရမယ့် လူတွေ ခပ်ခွာခွာနေရမယ့် အကြံပြုချက်တွေ ကို တနင်္လာနေ့တုန်းက ချမှတ်ခဲ့ပါတယ်။
ဆွီဒင်ပြည်သူပြည်သားတွေ ခရစ်စမတ်ကာလမှာ လူ ၈ ယောက်ပဲ အများဆုံးစုဝေးဖို့၊ တတ်နိုင်သမျှ အပြင်မှာပဲ တွေ့ဆုံကြဖို့၊ ဘတ်စကားတွေ၊ ရထားတွေ နဲ့ ခရီးသွားတာကို ရှောင်ကြဉ်ကြဖို့အကြံပြုထားပါတယ်။
လူ ၈ ယောက်ထက် ပိုပြီး အပြင်မှာမစုဝေးကြဖို့ဆိုတာကို ဆက်လက်အကြံပြုထားတဲ့အတွက် စင်တင် ဖြေဖျော်ပွဲတွေ၊ အားကစားပွဲတွေ၊ ဆန္ဒပြပွဲတွေကို လုပ်လို့မရသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Reuters
မိမိဆန္ဒအရ
ဆွီဒင်အစိုးရရဲ့ ကူးစက်ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေးဆိုင်ရာ အကြီးအကဲ အန်ဒါ့ တဂ်နဲလ်က သူတို့ ဗျူဟာက ဥပဒေကြောင်းအရ လိုက်နာစေတာနဲ့ မိမိဆန္ဒအရ လိုက်ပါဆောင်ရွက်စေတာ စတဲ့ နည်းနာ ၂ မျိုးကို ပေါင်းစပ်ထားတာလို့ နိုဝင်ဘာလအတွင်းက ရှင်းပြခဲ့ပါတယ်။
ဆွီဒင်နိုင်ငံအခြေအနေမှာ "ဒီလို ပေါင်းစပ်ထားတဲ့နည်းက အကောင်းဆုံးလို့ ကျွန်တော်တို့ တကယ့်ကို ယုံကြည်တယ်"လို့ အဲဒီ ဗျူဟာနဲ့ပတ်သက်ပြီး သူက ဘီဘီစီကို ပြောခဲ့ပါတယ်။
ဒီသီတင်းပတ်အစောပိုင်းတုန်းကထွက်လာတဲ့ အစိုးရအစီရင်ခံစာ တစ်ခုအရ အဲဒီ ဗျူဟာဟာ ဘိုးဘွားရိပ်သာမှာရှိတဲ့ အသက်ကြီးသူတွေကို အကာအကွယ်မပေးနိုင်ခဲ့ဘဲ မအောင်မြင်ဖြစ်ခဲ့ကြောင်း သိရပါတယ်။ အဲဒီ ဘိုးဘွားရိပ်သာမှာ ဆုံးရှုံးခဲ့ရတာတွေနဲ့ ပတ်သက်ပြီးလည်း အစိုးရက သူတို့မှာ တာဝန်ရှိတဲ့အကြောင်း ဝန်ခံခဲ့ပါတယ်။
ကိုဗစ်ရောဂါနဲ့ ဆက်နွှယ်ပြီး သေဆုံးခဲ့ရတဲ့ လူတွေထဲက ၉၀% ကျော်ဟာ အသက် ၇၀ နဲ့ အထက်လူကြီးတွေ ဖြစ်ပြီး ကိုဗစ်ရောဂါကြောင့် သေဆုံးသူ စုစုပေါင်းရဲ့ တစ်ဝက်လောက်ဟာ ဘိုးဘွားရိပ်သာက ဖြစ်တယ်လို့ အစိုးရက ပြောပါတယ်။
ဆွီဒင်ဟာ လူဦးရေအချိုးအစားနဲ့ နှိုင်းစာရင် ကမ္ဘာပေါ်မှာ ကိုဗစ်ကြောင့်သေဆုံးမှုနှုန်း အမြင့်မားဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံလို့ ဆိုရမှာဖြစ်ပြီး၊ သူ့နိုင်ငံမှာ သေဆုံးသူအရေအတွက်ဟာ ကျန်တဲ့ စကင်ဒီနေးဗီးယန်းနိုင်ငံတွေက သေဆုံးသူ အားလုံးပေါင်းထက် ပိုများပါတယ်။ ဒါကြောင့်မို့ သူ့အိမ်နီးချင်းနိုင်ငံတွေ ဖြစ်ကြတဲ့ နော်ဝေး၊ ဒိန်းမတ်၊ ဖင်လန် စတဲ့နိုင်ငံတွေက တင်းတင်းကျပ်ကျပ် သိပ်မရှိတဲ့ နည်းနာတွေကြောင့် ဖြစ်ရတာလို့ ဆွီဒင်နိုင်ငံကို ဝေဖန်ကြပါတယ်။
ဆွီဒင်ဝန်ကြီးချုပ် စတက်ဖင် လော့ဖ်ဗန်က ဒုတိယလှိုင်းကို ကျွမ်းကျင် ပညာရှင် အတော်များများက လျှော့တွက်ခဲ့ကြပုံရတယ်လို့ ပြောပါတယ်။
Aftonbladet နေ့စဉ် သတင်းစာနဲ့ မေးမြန်းခန်းတစ်ခုမှာ သူက "ပညာရှင်အများစုက ဒီလို လှိုင်း လာတော့မယ်ဆိုတာမျိုးကို မမြင်ခဲ့ကြဘူး၊ အဲဒီအစား ဒါတွေက မတူတဲ့နေရာတွေမှာ အစုလိုက် အစုလိုက် ရောဂါပြန့်ပွားကူးစက်နေကြတာလို့ မြင်ခဲ့ကြတယ်" လို့ ဆိုပါတယ်။








