ဒေါ်လာလေးသိန်းနဲ့ ရောင်းလိုက်ရတဲ့ အက်ပဲလ်ရဲ့ ပထမဆုံးကွန်ပြူတာ

ဓာတ်ပုံ ရင်းမြစ်, John Moran Auctioneers, Inc.
အက်ပဲလ်ကုမ္ပဏီကို စတည်ထောင်သူ စတိဗ်ဝေါ်ဇနီယက်နဲ့ စတိဗ်ဂျော့ဗ်စ်တို့ ၁၉၇၆ မှာ ပထမဆုံးတည်ဆောက် ထုတ်လုပ်ခဲ့တဲ့ အက်ပဲလ်ကွန်ပြူတာကို အမေရိကန်က လေလံပွဲတစ်ခုမှာ ဒေါ်လာလေးသိန်းနဲ့ ရောင်းလိုက်ရပါတယ်။
အခုအထိ အလုပ်လုပ်နေဆဲဖြစ်တဲ့ အက်ပဲလ်-၁ ကွန်ပြူတာကို ဟာဝိုင်ယီ ကိုအာသစ်သားအိမ်နဲ့ ဆောက်လုပ်ထားပြီး အဲဒီတုန်းက အလုံး ၂၀၀ ပဲ ထုတ်လုပ်ခဲ့တာပါ။
အခုရောင်းလိုက်တဲ့ ကွန်ပြူတာဟာ ပိုင်ရှင်နှစ်ဦး လက်ထဲမှာပဲ ရှိခဲ့တယ်လို့ ကယ်လီဖိုးနီးယားက ဂျွန်မော်ရန်လေလံကုမ္ပဏီက ပြောပါတယ်။ မူလစက်ကို တက္ကသိုလ်ပါမောက္ခတစ်ဦးက ပိုင်ခဲ့ပြီး နောက်ပိုင်းမှာ သူက တပည့်တစ်ယောက်ကို ဒေါ်လာ ၆၅၀ နဲ့ ရောင်းခဲ့တာလို့ သိရပါတယ်။
အခုရောင်းချတဲ့အထဲမှာ ကွန်ပြူတာကို သုံးစွဲနည်းလမ်းညွှန်စာအုပ်နဲ့ ကွန်ပြူတာမှာ ထည့်သုံးဖို့ အက်ပဲလ်ဆော့ဝဲတွေကို ကက်ဆက်တိပ်ခွေနှစ်ခုနဲ့ ထည့်ပေးထားတာလည်း ပါဝင်ပါတယ်။
ဒီကွန်ပြူတာဟာ ရှေးဟောင်းနည်းပညာသုံးပစ္စည်းတွေ စုဆောင်းသူတွေအတွက်တော့ တကယ့်ကို ရခဲတဲ့ရတနာမျိုးပါပဲလို့ အက်ပဲလ်-၁ ကွန်ပြူတာအကြောင်း ကျွမ်းကျင်သူ ကိုရီကိုဟင်က လော့စ်အိန်ဂျလိစ်တိုင်းမ်စ် သတင်းစာကို အင်္ဂါနေ့မှာ လုပ်မယ့် လေလံပွဲမတိုင်ခင်က ပြောခဲ့ပါတယ်။
အခုရောင်းခဲ့တဲ့ အမျိုးအစားကွန်ပြူတာတွေမှာ တပ်ထားတဲ့ ကိုအာ သစ်သားအိမ်ကို ကယ်လီဖိုးနီးယားမှာရှိတဲ့ လက်လီအရောင်းဆိုင် ByteShop က ထပ်တပ်ခဲ့တာလို့ သိရပါတယ်။ အဲဒီဆိုင်က အဲဒီအချိန်က အက်ပဲလ်-၁ ကွန်ပြူတာအလုံး ၅၀ မှာယူခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, John Moran Auctioneers, Inc.
ရှိတာထုတ်ရောင်းပြီး ကွန်ပြူတာထုတ်ခဲ့ကြ
ဂျော့ဗ်စ်၊ ဝေါ်ဇနီယက်နဲ့ ရော်နယ်ဝိန်းတို့က အက်ပဲလ်ကုမ္ပဏီကို ကယ်လီဖိုးနီးယားက ကားဂိုဒေါင်တစ်ခုထဲမှာ ၁၉၇၆ ခု ဧပြီလ ၁ရက်နေ့က တည်ထောင်ခဲ့ကြတာပါ။
ပထမဆုံး စထုတ်တဲ့ အက်ပဲလ်-၁ အတွက်လိုအပ်တဲ့ငွေတွေရဖို့ စတိဗ်ဂျော့ဗ်စ်က သူ့ရဲ့ VW မိုက်ခရိုဘတ်စ်ကားကို ရောင်းခဲ့ပြီး ဝေါ်ဇနီယက်ကတော့ သူ့မှာရှိတဲ့ HP-65 ဂဏန်းပေါင်းစက်ကို ဒေါ်လာ ၅၀၀ နဲ့ ရောင်းပြီး သုံးစွဲခဲ့ကြပါတယ်။
၁၉၇၆ တုန်းကတော့ အက်ပဲလ်-၁ ကွန်ပြူတာတွေကို တစ်လုံးကို ၆၆၆.၆၆ ဒေါ်လာနဲ့ရောင်းခဲ့ကြပါတယ်။ အဲဒီ ပမာဏကို ဘာလို့သတ်မှတ်ခဲ့တာလဲဆိုတော့ ဝေါ်ဇနီယက်က အခုလို ဂဏန်းတူတွေကို ကြိုက်လို့လို့ တချို့က ပြောခဲ့တာ ရှိပါတယ်။
အခုအထိ သုံးလို့ရနေသေးတဲ့ အက်ပဲလ်-၁ ကွန်ပြူတာ အလုံး ၂၀ လောက် ကမ္ဘာမှာ ရှိနေနိုင်သေးတယ်လို့ ယူဆရပါတယ်။
အခု လေလံတင်ခဲ့တဲ့ အက်ပဲလ်-၁ ကွန်ပြူတာက သူ့အမျိုးအစားထဲမှာ စျေးအမြင့်ဆုံးရခဲ့တာတော့ မဟုတ်ပါဘူး။ ၂၀၁၄ ခုနှစ်က နယူးယောက်မှာ လုပ်ခဲ့တဲ့ ဘွန်ဟမ်လေလံပွဲမှာ အလုပ် ကောင်းကောင်းလုပ်နေဆဲ အက်ပဲလ်-၁ ကွန်ပြူတာတစ်လုံးကို ဒေါ်လာ ကိုးသိန်းငါးထောင်နဲ့ ရောင်းချခဲ့ရဖူးပါတယ်။








