ဆောင်းဝင်လာတဲ့ မြောက်ကိုရီးယားမှာ အစာရေစာ ရှားပါးလာ

ထွန်ယက် စိုက်ပျိုးနေကြတဲ့ မြောက်ကိုရီးယား လယ်သမားများ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထွန်ယက် စိုက်ပျိုးနေကြတဲ့ မြောက်ကိုရီးယား လယ်သမားများ

မြောက်ကိုရီးယားနဲ့ပတ်သက်လို့ ပြည်တွင်းနဲ့ ပြည်ပက ကြားနေရတဲ့ သတင်းတွေက အားရစရာ မရှိလှပါဘူး။ တောင်ကိုရီးယားမှာ အခြေချနေကြတဲ့ မြောက်ကိုရီးယားက ပြေးလာကြသူတွေက မြောက်ပိုင်းမှာ ကျန်နေခဲ့ကြတဲ့ သူတို့ မိသားစုတွေမှာ ငတ်မွတ်မှုတွေနဲ့ ရင်ဆိုင်နေရပြီလို့ ပြောကြပါတယ်။ ဆောင်းရာသီလည်း ဝင်လာပြီဖြစ်တာကြောင့် အဲဒီက အခြေခံလူတန်းစားတွေမှာ အစာရေစာ ပြတ်တောက်မှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။

Daily NK သတင်းဌာနက အယ်ဒီတာချုပ် အီဆန်ယောင်းက လမ်းမတွေပေါ်မှာ မိဘမဲ့ ကလေးတွေကို ပိုမြင်တွေ့လာရသလို ငတ်မွတ်မှုကြောင့် သေဆုံးရတဲ့ သတင်းတွေလည်း အဆက်မပြတ်ကြားနေရတယ်လို့ ဆိုပါတယ်။ စားနပ်ရိက္ခာ မလုံလောက်မှုတွေဟာ မှန်းထားတာထက် ပိုဆိုးနိုင်တဲ့ အခြေအနေမှာ ရှိနေတဲ့ အတွက် အခြေခံလူတန်းစားတွေဟာ ဘေးဒုက္ခတွေ ပိုပြီး ခံစားလာနေရတယ်လို့ သူက ပြောပါတယ်။

မြောက်ကိုရီးယားထဲက သတင်းအချက်အလက်တွေ ရဖို့ကလည်း ပိုပြီး ခက်ခဲလာနေပါတယ်။ တရုတ်ပြည်က ကိုဗစ် ၁၉ ကူးစက်လာမှာ စိုးရိမ်လို့ ဆိုပြီး ပြီးခဲ့တဲ့ နှစ် ဇန်နဝါရီလ ကတည်းက နယ်စပ်တွေကိုလည်း ပိတ်ထားပါတယ်။ နောက်ပြီး တောင်ကိုရီးယားကို ပြေးခဲ့ကြသူတွေအတွက် မိသားစုနဲ့ မိတ်ဆွေတွေဆီက သတင်းစကားပါးဖို့တောင် တော်တော်ကို အန္တရာယ်ကြီးလာနေပါတယ်။

ခွင့်ပြုချက် မရှိဘဲ မိုဘိုင်းလ်ဖုန်း ကိုင်တာတွေ့ရင် အလုပ်ကြမ်းစခန်းတွေကို အပို့ခံရနိုင်ပါတယ်။ ဒါပေမယ့် ဒီလို အခြေအနေကြားမှာပဲ တချို့ကတော့ ဆိုးလ်မြို့မှာ ရှိကြတဲ့ သတင်းဌာနတွေနဲ့ သူတို့ ချစ်တဲ့သူတွေဆီ စာ၊ အသံဖိုင်၊ စာမက်ဆေ့ချ် စတာတွေပို့နေကြဆဲ ဖြစ်ပါတယ်။ ဒီလို ရလာတဲ့ တချို့ အမည်မဖော်ပြလိုတဲ့ သတင်းရင်းမြစ်တွေကို အခြေခံပြီး မြောက်ကိုရီးယားက အခြေအနေတွေကို ပုံဖော်သိရှိနိုင်ကြတာ ဖြစ်ပါတယ်။

ဆန်တစေ့တိုင်းအတွက်

မြောက်ကိုရီးယားမှာ စားနပ်ရိက္ခာ မလုံလောက်မှုတွေနဲ့ အမြဲ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီတခါတော့ ကပ်ရောဂါပါ ကြားက ဝင်လာတာကြောင့် ခါတိုင်းထက် ပိုဆိုးပါတယ်။ ခေါင်းဆောင် ကင်ဂျုံအွန်းကတောင် လက်ရှိအခြေအနေတွေနဲ့ မြောက်ကိုရီးယားမှာ အဆိုးဆုံး ရင်ဆိုင်ခဲ့ရတဲ့၊ ခက်ခဲကြမ်းတမ်းတဲ့ မတ်လ လို့ သိကြတဲ့ ၁၉၉၀ ပြည့်နှစ်တွေအတွင်းက အခြေအနေတွေနဲ့ နှိုင်းယှဉ်ပြခဲ့ပါတယ်။ အဲဒီတုန်းက လူထောင်ပေါင်းများစွာ ငတ်မွတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရပါတယ်။

အခုတကြိမ်က အဲဒီတုန်းကလောက်တော့ မဆိုးသေးပါဘူး။ နောက်တရုတ်နဲ့ နယ်စပ်ပြန်ဖွင့်ဖို့ ပြင်ဆင်နေတဲ့ အပြုသဘောဆောင်တဲ့ လက္ခဏာတွေကိုလည်း တွေ့နေရပါတယ်။ ဒါပေမယ့် နဂိုတကည်းက နွမ်းပါးမှုနဲ့ အသားကျနေတဲ့ တိုင်းပြည်ရဲ့ ပျက်စီးနေတဲ့ စီးပွားရေးကို ပြန်လည် အသက်သွင်းဖို့ ဘယ်လောက် ကုန်သွယ်ပြီး ဘယ်လောက် အကူအညီတွေ ယူရမယ်ဆိုတာ သဲသဲကွဲကွဲ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ နှစ်က စိုက်ပျိုးတာတွေကလည်း တိုင်ဖွန်းမုန်တိုင်းတွေ ဝင်မွှေသွားတာကြောင့် တချို့တလေ ပျက်စီး ဆုံးရှုံးခဲ့ရပါတယ်။ ဒါကြောင့်လည်း ဒီနှစ် သီးနှံစိုက်ပျိုးမှုတွေ အောင်မြင်ဖို့က အရေးကြီးပါတယ်။ ကုလသမဂ္ဂက မြောက်ကိုရီးယားမှာ အနည်းဆုံး ၂ လကနေ ၃ လ စာလောက် စားနပ်ရိက္ခာ လျော့နည်းနေတယ်လို့ ခန့်မှန်းထားပါတယ်။ ဒါကြောင့်လည်း ဒီနှစ် စိုက်ပျိုးမှုတွေ အောင်မြင်ဖို့အတွက်ဆိုပြီး စစ်တပ် အပါအဝင် လူထောင်ပေါင်းများစွာကို စပါးနဲ့ ပြောင်း စိုက်ခင်းတွေဆီ ပို့ထားပြီ ဖြစ်ပါတယ်။

ကင်ဂျုံအွန်းကလည်း စပါးတစေ့ကအစ အလေအလွင့် မဖြစ်ဖို့ အမိန့်ပေးထားတယ်လို့ ဆိုပါတယ်။ နောက်ပြီး လူတိုင်း စိုက်ပျိုးရေးမှာ လုပ်အားပေးကြရမယ်လို့ ပြောထားပါတယ်။ စိုက်ပျိုးရေးမှာ အလေအလွင့် အနည်းဆုံး ဖြစ်အောင် လုပ်ဖို့ စီစဥ်ထားတာဖြစ်ကြောင်း Daily NK ရဲ့ မစ္စတာ အီဆန်ယောင်းက ပြောပါတယ်။

ခိုးတာ ဝှက်တာမျိုး တွေ့ရင်လည်း ပြင်းပြင်းထန်ထန် အရေးယူတာကြောင့် အကြောက်တရားတွေ ဖုံးလွှမ်းနေတယ်လို့ သူက ဆိုပါတယ်။

မြောက်ကိုရီးယားမှာ အခြေအနေတွေ အတော်ဆိုးနေတာကို ကင်ဂျုံအွန်း လူသိရှင်ကြား အသိအမှတ်ပြုချင်ပုံရပါတယ်။
ဓာတ်ပုံ ပုံစာ, မြောက်ကိုရီးယားမှာ အခြေအနေဆိုးနေတာကို ခေါင်းဆောင် ကင်ဂျုံအွန်း သိနားလည်

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက တောင်ကိုရီးယား ပါလီမန် အတွင်း တံခါးပိတ် ကြားနာမှုကို လုပ်ခဲ့ပြီး အဲဒီ ကြားနာမှုကို တက်ရောက်ခဲ့သူတွေရဲ့ အဆိုအရ မစ္စတာ ကင်က နိုင်ငံ့ စီးပွားရေး အခြေအနေတွေကြောင့် ကြိုးတန်းပေါ် လမ်းလျှောက်နေရသလို ဖြစ်နေပြီလို့ ပြောခဲ့ကြောင်း တောင်ကိုရီးယား အမျိုးသား ထောက်လှမ်းရေး ဌာန NIS ကပြောခဲ့တယ်လို့ သိရပါတယ်။

NIS ရဲ့ အဆိုအရ မြောက်ကိုရီးယားမှာ ဆေးဝါးနဲ့ အရေးကြီး ပစ္စည်းတွေ မလုံလောက်တာကြောင့်

အူရောင်ငန်းဖျားလို ကူးစက်ရောဂါတွေ ကူးစက်မှုနှုန်းက ပိုပြီး မြင့်မားလာနေပါတယ်။

မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာတွေကလည်း စိုက်ပျိုးသီးနှံ အလေ့အလွင့် မရှိရေး အစီအမံတွေကို ဦးစားပေး ဖော်ပြနေသလို အစားအစာ စိုက်ပျိုးထုတ်လုပ်ရေးကို အလေးပေးတဲ့ ပိုစတာတွေ ရိုက်ထုတ်ပြီး ဝါဒဖြန့်နေတာကြောင့် စိုးရိမ်မှုတွေ ပိုများလာနေပါတယ်။

ခေတ်မီ စိုက်ပျိုးရေး

မြောက်ကိုရီးယားမှာ စားနပ်ရိက္ခာနဲ့ ပတ်သက်လို့ ရင်ဆိုင်နေရတဲ့ ပြဿနာကြီး ၂ ခု ရှိပါတယ်။

ပထမတခုက စိုက်ပျိုးပုံ စိုက်ပျိုးနည်းပါ။ ပြုံးယမ်းဟာ စစ်ဘက် ဆိုင်ရာ နည်းပညာသစ်တွေနဲ့ ဒုံးကျည်တွေအတွက် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေပေမယ့် လယ်ယာစိုက်ပျိုးရေး ကဏ္ဍ အောင်မြင်ဖို့အတွက် လိုအပ်တဲ့ ခေတ်မီ စက်ပစ္စည်းတွေတော့ သိပ်မရှိပါဘူးလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

ဒီလို လယ်ယာစိုက်ပျိုးရေး အတွက် လိုအပ်တဲ့ စက်ပစ္စည်းတွေ မပံ့ပိုးပေးနိုင်တာကြောင့် စိုက်ပျိုးထုတ်လုပ်မှု နည်းရတာလို့ Korean Rural Economic Institute က ချွဲ ယောင်ဟိုက ပြောပါတယ်။

ဒီလို အခြေအနေတွေကို ကိုယ်တိုင် မျက်မြင် သိရှိနိုင်ပါတယ်လို့ ဆိုးလ်အခြေစိုက် ဘီဘီစီ သတင်းထောက် လော်ရာဘစ်ကာက ဆိုပါတယ်။

တောင်ကိုရီးယားရဲ့ အနောက်ဘက်စွန်းက တောင်ထိပ်ပေါ်တက်ကြည့်မယ်ဆိုရင် တဘက်မှာ ဆိုးလ်မြို့တော်က မိုးမျှော်တိုက်ကြီးတွေကို မြင်နေရသလို အခြားတဘက်မှာတော့ ဟန်မြစ်ကို ကျော်ပြီး မြောက်ကိုရီးယားကို လှမ်းမြင်ရပါတယ်။

တောင်ကိုရီးယားရဲ့ အနောက်ဘက်စွန်းက တောင်ထိပ်ပေါ်တက်ကြည့်မယ်ဆိုရင် မြောက်ကိုရီးယားထဲကို ကောင်းကောင်း မြင်ရနိုင်ပါတယ်
ဓာတ်ပုံ ပုံစာ, တောင်ကိုရီးယားရဲ့ အနောက်ဘက်စွန်းက တောင်ထိပ်ပေါ်တက်ကြည့်မယ်ဆိုရင် မြောက်ကိုရီးယားထဲကို ကောင်းကောင်း မြင်ရနိုင်ပါတယ်

အဲဒီတောင်ထိပ်ပေါ်ကနေ မြောက်ဘက်ကို မှန်ပြောင်းနဲ့ လှမ်းကြည့်နေတဲ့ ကလေးငယ်တယောက်က ဟိုတဘက်ကမ်းက လူတွေကလည်း သူတို့လို အတူတူပါပဲဆိုပြီး မိခင်ဖြစ်သူကို ပြောနေတာကို တွေ့ခဲ့ရတယ်။

ကျေးရွာသားတချို့ဟာ စပါးစည်းတွေကို ကျောကုန်းပေါ်တင်ပြီး အနီးက ခပ်စုတ်စုတ် လယ်ထွန်စက်ဆီကို သယ်နေကြတာကို သူတို့ မြင်ခဲ့ကြရပါတယ်လို့ လော်ရာဘစ်ကာက ပြောပါတယ်။

နှစ်နိုင်ငံအကြား စည်းခြားထားတဲ့ စစ်မဲ့ဇုန်အနီးက ပါဂျုမှာ နေတဲ့ တောင်ကိုရီးယား လယ်သမား တယောက်က သူ့ စပါးခင်းတွေကို စက်နဲ့ ရိတ်သိမ်းရင် တနာရီလောက်နဲ့ ကိစ္စပြီးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မြောက်ပိုင်းမှာလို လက်နဲ့ ရိတ်သိမ်းရလို့ကတော့ သီတင်းတပတ်လောက် ကြာသွားနိုင်တယ်လို့ ပြောပါတယ်။

စက်ကိရိယာတွေနဲ့ စိုက်ပျိုးရိတ်သိမ်းနေတဲ့ တောင်ကိုရီးယား လယ်သမား
ဓာတ်ပုံ ပုံစာ, စက်နဲ့ စပါးရိတ်သိမ်းနေတဲ့ တောင်ကိုရီးယား လယ်သမား

သဘာဝဘေးရဲ့ ခြိမ်းခြောက်ခံ

မြောက်ကိုရီးယားမှာ ရေရှည်စားနပ်ရိက္ခာ ဖူလုံဖို့အတွက် စိုက်ပျိုးရေး နည်းပညာနဲ့ ခေတ်မီစက်ပစ္စည်းတွေ လုံလုံလောက်လောက် မရှိတာတင် မကဘဲ တခြား ပြဿနာတွေလည်းရှိပါတယ်။ အမေရိကန် ထောက်လှမ်းရေး အေဂျင်စီတွေက မြောက်ကိုရီးယားကို ကမ္ဘာကြီးပူနွေးလာမှုကို အဆိုးဆုံး ရင်ဆိုင်ရနိုင်တဲ့ နိုင်ငံ ၁၁ နိုင်ငံထဲမှာ ထည့်ထားပါတယ်။ အကန့်အသတ်နဲ့ ရှိတဲ့ စိုက်ပျိုးမြေတွေမှာ အဆိုးဆုံး ကြုံတွေ့ရမယ်လို့ ခန့်မှန်းထားကြပါတယ်။

မြောက်ကိုရီးယားရဲ့ ထမင်းအိုးလို့တောင် တင်စားကြတဲ့ အနောက်ဘက် ကမ်းရိုးတန်းဘက်မှာ ဆန်နဲ့ပြောင်း စိုက်ပျိုးရေး မအောင်မမြင်ဖြစ်တာတွေ ပိုများလာနိုင်တယ်လို့ မြောက်ကိုရီးယားရဲ့ အခြေအနေဆိုးတွေအကြောင်း အစီရင်ခံစာ 'Converging Crises in North Korea' ကို ရေးသားသူ တယောက်ဖြစ်တဲ့ Council on Strategic Risks က ကက်သရင်း ဒေးလ်က ပြောပါတယ်။

ဒါကြောင့်လည်း ယူကေက ဂလပ်စဂိုမြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂရဲ့ ၂၆ ကြိမ်မြောက် ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ညီလာခံကို ပြုံးယမ်းက သူတို့ရဲ့ ယူကေဆိုင်ရာ သံအမတ်ကို တက်ရောက်စေခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ချွဲကတော့ မြောက်ကိုရီးယားဟာ ပြင်းထန်တဲ့ သဘာဝဘေးတွေနဲ့လည်း ရင်ဆိုင်ရလေ့ ရှိတယ်၊ မိုးများ ရေကြီးတာတွေအပြင် နှစ်စဥ် တိုင်ဖွန်းမုန်တိုင်းတွေ ဝင်မွှေတတ်လို့ စိုက်ပျိုးရေးမှာ အထိနာရသလို သီးနှံဖျက်ပိုးတွေရဲ့ ပြဿနာတွေလည်း ကြုံရတတ်ကြောင်း ပြောပါတယ်။

မြောက်ကိုရီးယားဟာ သဘာဝဘေးအန္တရာယ်တွေ ခံစားရလေ့ ရှိပါတယ်။
ဓာတ်ပုံ ပုံစာ, မြောက်ကိုရီးယားမှာ သဘာဝဘေးတွေနဲ့ ရင်ဆိုင်ရလေ့ ရှိပါတယ်

'Converging Crises' အစီရင်ခံစာထဲမှာ အဲဒီအခြေအနေဆိုးတွေက နောင်နှစ်တွေမှာ ပိုပြီး ဆိုးလာနိုင်တယ်၊ ဆန်စပါး စိုက်ပျိုး ထုတ်လုပ်ရေး ကဏ္ဍမှာ မိုးခေါင်မှုနဲ့ ရေကြီးမှုတွေကို ပိုရင်ဆိုင်လာရနိုင်တယ်လို့ ဆိုထားပါတယ်။

မြောက်ကိုရီးယားကို ဝင်တဲ့ မုန်တိုင်းတွေက ပိုပြီး အင်အား ပြင်းလာတယ်၊ ပြီးခဲ့တဲ့ ၂၀၂၀ နဲ့ ၂၀၂၁ တိုင်ဖွန်းရာသီကို ကြည့်ရင် သိနိုင်တယ်လို့ မစ္စ ဒေးလ်က ပြောပါတယ်။ နောက်ပြီး ပင်လယ်ရေမျက်နှာပြင်ကလည်း မြင့်တက်လာနေတဲ့အတွက် ကမ်းရိုးတန်း ဒေသတွေမှာ အန္တရာယ်တွေ ပိုများလာနေတယ်လို့ ဆိုပါတယ်။

ပြုံးယမ်းဟာ များသောအားဖြင့် ပြင်ပကမ္ဘာနဲ့ ထိတွေ့ဆက်ဆံမှုနည်းပါးပါတယ်။ ဒါပေမယ့် ရာသီဥတု ပြောင်းလဲမှုနဲ့ သဘာဝပတ်ဝန်းကျင်အရေးတွေမှာတော့ ဒီလို မဟုတ်တာ များပါတယ်။

မြောက်ကိုရီးယားဟာ ကုလသမဂ္ဂရဲ့ သဘာဝပတ်ဝန်းကျင် အစီအစဥ် UNEP နဲ့လည်း ပြီးခဲ့တဲ့ ၂၀၀၃ နဲ့ ၂၀၁၂ အတွင်းက တိုင်းပြည်ရဲ့ အခြေအနေ အသေးစိတ် အစီရင်ခံစာ ထုတ်ပြန်ရေးမှာ လက်တွဲလုပ်ကိုင်ခဲ့ပါတယ်။ နောက်ပြီး ကျိုတို သဘောတူညီမှုနဲ့ ပါရီစာချုပ်လို နိုင်ငံတကာ သဘောတူစာချုပ်တွေမှာလည်း လက်မှတ်ရေးထိုးထားပါတယ်။

ဒီလို ရာသီဥတုပြောင်းလဲမှု ကိစ္စတွေမှာ ပါဝင်နေတဲ့ အကြောင်းရင်းတွေထဲမှာ သူတို့ တိုင်းပြည်ရဲ့ စားနပ်ရိက္ခာ စိုက်ပျိုးထုတ်လုပ်ရေးကဏ္ဍမှာ ရာသီဥတုပြောင်းလဲမှုကြောင့် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကလည်း တချက်ဖြစ်နိုင်ပါတယ်။

ဗီဒီယို ပုံစာ, မြောက်ကိုရီယား သာမန်လူတွေရဲ့ ဘဝအကြောင်း

မြောက်ကိုရီးယားရဲ့ ပျမ်းမျှ အပူချိန်ဟာ ၁၉၁၈ ကနေ ၂၀၀၀ ပြည့်နှစ်တွေအတွင်းမှာ ၁.၉ ဒီဂရီ ဆဲလ်စီးယက်စ် တက်လာခဲ့တယ်လို့ ပြီးခဲ့တဲ့ ၂၀၁၂ က UNEP ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။ ဒါဟာ အာရှဒေသမှာ အမြန်ဆုံး အပူချိန်တက်နှုန်းတခု ဖြစ်ပါတယ်။

၂၀၁၉ က ထုတ်ပြန်ခဲ့တဲ့ Green Climate Fund အစီရင်ခံစာထဲမှာလည်း မြောက်ကိုရီးယားရဲ့ နှစ်စဥ် ပျမ်းမျှအပူချိန် ဟာ လာမယ့် ၂၀၅၀ မှာ ၂.၈ ကနေ ၄.၇ ဒီဂရီ ဆဲလ်စီးယက်စ် အထိ တက်လာမယ်လို့ ခန့်မှန်းထားပါတယ်။

တောင်ကိုရီးယား အနေနဲ့လည်း ဒီပြဿနာဟာ သူတို့ ၂ နိုင်ငံစလုံး ရင်ဆိုင်ရနိုင်တာမို့ ဒါကို ကိုင်တွယ်ဖြေရှင်းဖို့ မြောက်ကိုရီးယားနဲ့ အတူလက်တွဲ လုပ်ကိုင်ရမယ်လို့ ရှုမြင်ထားပါတယ်။

တောင်ကိုရီးယား သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ ဝန်ကြီး ဟန် ဂျီယွန်း အဲက ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကပဲ ဂလပ်စဂို ညီလာခံမှာ မြောက်ကိုရီးယားဝန်ကြီးနဲ့ တွေ့ဆုံပြီး ရာသီဥတုပြောင်းလဲမှု အရေးအတွက် ကိုရီးယားနှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေးဖို့ မျှော်လင့်ထားကြောင်း ပြောခဲ့ပေမယ့် ဖြစ်မလာခဲ့ပါဘူး။

စကော့တလန်မှာ ပြောခဲ့ကြတဲ့ မိန့်ခွန်းတွေကိုသာ မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့က ဂရုတစိုက် နားထောင်ခဲ့ကြမယ်ဆိုရင် မြောက်ကိုရီးယားမှာ ကပ်ရောဂါအတွက် စိုးရိမ်မှုတွေ လျော့ကျပြီး တရုတ်နဲ့ ကုန်သွယ်ရေး ပြန်စ၊ ကုန်စည်တွေ နယ်စပ်ကို ဖြတ်ပြီး ဝင်လာမယ်ဆိုရင်တောင်မှ သူတို့ဆီက နွမ်းပါးတဲ့ အခြေခံ လူတန်းစားတွေ ရင်ဆိုင် ကြုံတွေ့နေရတဲ့ ပြဿနာတွေက ထပ်တိုးလာနေဦးမယ်၊ ဒီလို အခြေအနေမျိုးတွေကို ကျော်လွှားဖို့ အရေးဟာ သူတို့ တနိုင်ငံတည်း လုပ်လို့ ရမှာ မဟုတ်ဘူးဆိုတာကို သဘောပေါက်ကြမှာပဲ ဖြစ်ပါတယ်။