တောင်ကိုရီးယားစစ်တပ်ရဲ့ အမှောင်ခြမ်းကို ဇာတ်လမ်းတွဲတခုက ဖော်ထုတ်

ဓာတ်ပုံ ရင်းမြစ်, Netflix
နက်ဖလစ်က ရိုက်ကူးတဲ့ DP ခေါ်တောင်ကိုရီးယားဇာတ်လမ်းတွဲတခုက တောင်ကိုရီးယားစစ်တပ်အတွင်း ဖြစ်ခဲ့တဲ့ ဆိုးဝါးမှုတွေကို ထုတ်ဖော်ရာမှာ မဖြစ်မနေ ယာယီ စစ်မှုထမ်း ဥပဒေအရ ရောက်ရှိလာတဲ့ တပ်သားသစ်တွေကို ရာထူးမြင့်တပ်ဖွဲ့ဝင်တွေက မျက်နှာ အပါအဝင် ထင်သလို ရိုက်နှက်တာတွေလည်း ရှိခဲ့တာကို တွေ့မြင်ခဲ့ကြရပါတယ်။
လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာကတော့ အဲဒီ ဇာတ်လမ်းတွဲဟာ ဖြစ်ရပ်မှန်တွေကို ချဲ့ကားထားတာသာဖြစ်ပြီး တောင်ကိုရီးယားစစ်တပ်အတွင်း အခြေအနေတွေက ပြီးခဲ့တဲ့ ဆယ်စုနှစ်ကာလအတွင်း ပိုမို ကောင်းမွန်လာခဲ့တယ်ဆိုတဲ့ ငြင်းခုံပြောဆိုမှုတွေလည်း ရှိနေတာကိုလည်း တွေ့ရပါတယ်။
ဒါပေမဲ့လည်း လက်တွေ့အနေအထားကို လေ့လာရာမှာတော့ တပ်သားသစ်တွေကို ရောက်ခါစ ထုံးစံသဖွယ် နှိပ်ကွပ်မှုနဲ့ တပ်တွင်း မိမိကိုယ်ကိုယ် သတ်သေမှုတွေကတော့ ခေါင်းကြီးသတင်းတွေမှာ တက်လာနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ် အောက်တိုဘာလဆန်း အတွင်းမှာပဲ လေတပ်အရာရှိ လိင်ပြောင်း အမျိုးသမီးတဦးဟာ လိင်ပိုင်း ကျူးလွန်ခံရတယ် ဆိုပြီး နောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ်သတ်သေ သွားတဲ့အတွက် ဒါနဲ့ ဆက်စပ်တဲ့ လူ ၁၅ ဦး တရားစွဲဆို ခံခဲ့ရပါတယ်။
အခုလို တပ်အတွင်း အမှန်တကယ် နှိပ်ကွပ်ခံရဖူးသူတွေ အနေနဲ့ကတော့ DP ဇာတ်လမ်းတွဲကို ကြည့်ရတဲ့အခါမှာ ယခင် ရခဲ့ဖူးတဲ့ စိတ်ဒဏ်ရာတွေကို ပြန်ပေါ်လာပြီး အိပ်မက်ဆိုးတွေလည်း ပြန်မက်လာတဲ့အတွက် ဆက်မကြည့်နိုင်တော့အောင် ဖြစ်ရတယ်လို့လည်း ယူကျူ့မှာ မှတ်ချက်ရေးထားတာကို တွေ့မြင်ခဲ့ရပါတယ်။
DP ဇာတ်လမ်းတွဲကို ရေးသား စီစဉ်သူ ကင်ဘိုတောင်ကတော့ သူ့အနေနဲ့ တပ်ထဲမှာ အခြေအနေတွေ ပိုကောင်းလာပြီဆိုတဲ့ ယုံမှားမှုတွေကို ရပ်တန့်ဖို့အတွက် အခုလို ဇာတ်လမ်းတွဲကို ဖန်တီးရတာလို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထုံးစံဖြစ်နေတဲ့ နှိပ်ကွပ်မှု
တောင်ကိုရီးယားနိုင်ငံဟာ နျူကလီးယားလက်နက်ရှိနေတဲ့ မြောက်ကိုရီးယားနဲ့ တရားဝင်အရ စစ်ဖြစ်နေတဲ့ ဆိုတဲ့ အနေအထားက ဆက်ရှိနေရာမှာ တောင်ကိုရီးယားရဲ့ ကျန်းမာသန်စွမ်းသူ အမျိုးသားတိုင်း ၁၈ လ စစ်မှုထမ်းဖို့ လိုအပ်တာ ဖြစ်ပါတယ်။
အနုပညာရှင်အချို့နဲ့တကွ နိုင်ငံတကာပြိုင်ပွဲတွေမှာ ဆုရတဲ့ အားကစားသမားတွေသာလျှင် ရှားရှားပါးပါး ကင်းလွတ်ခွင့် ရတတ်ပြီး ပြည်တွင်းမှာ အခုလို စစ်မှုထမ်းရမှုကို မကြိုက်ကြသလို တချို့ကလည်း နှစ်နဲ့ချီပြီး အချိန်တွေ အလကားကုန်ရတဲ့ အလုပ်တခုအဖြစ် ယူဆကြပါတယ်။
အခု DP ဇာတ်လမ်းတွဲရဲ့ အမည်ကတော့ တပ်ပြေး ရှာဖွေဖမ်းဆီးရေး တပ်ဖွဲ့ရဲ့ အတိုကောက် စကားလုံးဖြစ်ပြီး စီစဉ်ရေးသားသူ မစ္စတာ ကင်ဟာ အဲဒီတပ်ဖွဲ့ဝင် ဖြစ်ခဲ့ဖူးရာမှာ သူ့ရဲ့ တကယ့်အတွေ့အကြုံတွေကိုလည်း အခြေခံ ရေးသားထားတယ်လို့ ဆိုပါတယ်။
ဇာတ်လမ်းတွဲထဲက အခုလို တပ်ပြေးဖြစ်သွားသူတွေမှာ အကြောင်းပြချက် အမျိုးမျိုးရှိကြပြီး အဓိက အကြောင်းကတော့ တပ်တွင်း အကြမ်းဖက်မှုတွေကြောင့် ဆိုတာကို တွေ့ရပါတယ်။
တောင်ကိုရီးယား သရုပ်ဆောင် မော်ဒယ် ကန်အွန်းက သူဟာ ဒီဇာတ်လမ်းတွဲထဲမှာ လူဆိုးနေရာလုပ်သူက တပ်သားသစ်တဦးရဲ့ လည်ပင်းကို ရိုက်နှက်ခံရတဲ့ အခန်းကို ကြည့်မိတဲ့အခါမှာ သူလည်း အဲဒီအတိုင်း အကြိမ် ၂၀ လောက် ဆက်တိုက် အရိုက်ခံခဲ့ရဖူးတဲ့အတွက် ကြည့်နေတာကို ခဏရပ်ထားလိုက်ရတယ်လို့ ဘီဘီစီ ကိုရီးယားဌာနကို ပြောဆိုခဲ့ပါတယ်။
အခုလို ရိုက်နှက်မှု ခံရတယ်လို့ဆိုတဲ့ ကန်အွန်းဟာ ၂၀၁၂ ကနေ ၂၀၁၄ အတွင်း စစ်မှုထမ်းခဲ့သူဖြစ်ပြီး DP ဇာတ်လမ်းတွဲကလည်း အမှန်တကယ် လက်တွေ့မှာလည်း တပ်တွင်း နှိပ်စက်မှု ခေါင်းကြီးပိုင်း သတင်းတွေ များခဲ့တဲ့ ၂၀၁၄ ကာလမှာ အခြေတည်ထားတာကို တွေ့ရပါတယ်။
၂၀၁၄ ဧပြီလမှာဆိုရင် ယွန်ဆောင်ဂျူး ဆိုတဲ့ တပ်သားတဦးဟာ အစာမကျွေးတာ၊ အိပ်ချိန်မပေးတာတွေ ခံရပြီး ရာထူးကြီးသူတွေက ရိုက်နှက်ခံရမှုကြောင့် သေဆုံးခဲ့ရာမှာ အရပ်သားဦးဆောင်တဲ့ အဖွဲ့တခုက လပေါင်း များစွာကြာမှ ဖော်ထုတ်နိုင်ခဲ့တာကို တွေ့ရပါတယ်။
အခုလို ဖြစ်အပြီး ၂၀၁၄ ခုနှစ်အတွင်းမှာပဲ တပ်သားတဦးက သူ့ကို အနိုင်ကျင့်မှုကြောင့် ဆိုပြီး အခြား စစ်သား ငါးယောက်ကို ပစ်သတ်မှု၊ ဖမ်းဆီးခံရမှုဆိုင်ရာ လေ့ကျင့်ခန်းမှာ ခေါင်းစွပ်ခံ၊ လက်ပြန်ကြိုး တုပ်ခံထားရတဲ့ တပ်သားနှစ်ဦး အသက်ရှူကြပ် သေဆုံးမှုတွေလည်း ထပ်ဖြစ်ခဲ့ပြီး အများပြည်သူ ဒေါသထွက်ခဲ့ကြတဲ့အတွက် အဲဒီအချိန်က သမ္မတ ပတ်ဂယွန်ဟေးက တပ်တွင်း ပြောင်းလဲမှုတွေ လုပ်ပေးခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Netflix
တပ်တွင်းပြောင်းလဲမှုတွေမှာ အဓိကကျတဲ့ လက်ကိုင်ဖုန်းရဲ့ အခန်းကဏ္ဍ
တောင်ကိုရီးယား စစ်တပ်အတွင်းမှာ အထူးသဖြင့် လက်ကိုင် စမာ့ဖုန်း အသုံးပြုခွင့်ရလာမှုက တပ်တွင်း အထီးကျန်ခံစားရမှုတွေကို သက်သာစေခဲ့တယ်လို့ ဆိုကြပြီး ပြီးခဲ့တဲ့နှစ် ဇူလိုင်လကမှ တနှစ်လောက် အမှုဖြစ်အပြီးမှာ အခုလို တရားဝင် အသုံးပြုခွင့် ရလာတာ ဖြစ်ပါတယ်။
လက်ကိုင်ဖုန်းတွေရဲ့ ပိုအရေးပါတဲ့ အသုံးဝင်မှုကတော့ နှိပ်စက်ခံရတာတွေကို မှတ်တမ်းတင်နိုင်သွားတာဖြစ်ပြီး တပ်သားသစ်တွေက သူတို့ရဲ့ ရပိုင်ခွင့်တွေကို အွန်လိုင်းမှာ ပြန်လည် လေ့လာခွင့်နဲ့ အချင်းချင်း အတွေ့အကြုံ ဖလှယ်ခွင့်တွေ ရသွားတာကလည်း အကျိုးရှိစေတယ်လို့ တပ်တွင်းလူ့အခွင့်အရေးဆိုင်ရာ စင်တာ ဆိုတဲ့ အရပ်သား အဖွဲ့အစည်းရဲ့ ညှိနှိုင်းရေးမှူး တဦးဖြစ်သူ ချိုကျူဆတ် က ပြောပါတယ်။
လက်ရှိ ၂၀၂၁ ခုနှစ်အစောပိုင်းမှာတော့ တရားဝင် တားမြစ်ထားမှုရှိနေတဲ့ကြားက တပ်တွင်း စားရတဲ့ အစားအသောက်ကို ရိုက်ထားတဲ့ ဓာတ်ပုံ ထွက်ပေါ်လာခဲ့ပြီး ထမင်း၊ နွမ်းနေတဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ ချဉ်ဖတ်တချို့သာ ပါရှိတာကို အများပြည်သူက တွေ့မြင်သွားကြရာမှာ တပ်တွင်း အစားအသောက်စရိတ်ကို ၂၀ ရာခိုင်နှုန်းလောက် တိုးမြှင့်ပေးတဲ့ ပြောင်းလဲမှုတွေလည်း တပ်ဘက်က လုပ်ပေးခဲ့ရပါတယ်။
တပ်တွင်း အကြမ်းဖက်မှုတွေ ဖြစ်ပွားနှုန်းကတော့ လတ်တလောနှစ်တွေမှာ လျော့နည်းလာတာကို တွေ့ရပြီး ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ ၁၉၈၀ တဝိုက်မှာ တနှစ်ကို ရာနဲ့ချီတဲ့ သတ်သေမှုတွေ ရှိခဲ့ရာကနေ ၂၀၂၀ မှာတော့ ၄၂ ဦးသာ ရှိတော့တဲ့အထိ ကျဆင်းလာခဲ့ပါတယ်။
ဒါပေမဲ့ မစ္စတာချိုကတော့ နောက်ထပ် ပြောင်းလဲမှုတွေ ထပ်လုပ်ဖို့ လိုအပ်နေတယ်လို့ ပြောဆိုခဲ့ပြီး အထူးသဖြင့် ကျား၊မ မှအပ ဖြစ်တဲ့ လိင်တိမ်းညွတ်မှု ခံယူသူ LGBTQ တွေအပေါ် တောင်ကိုရီးယားစစ်တပ်က ခွဲခြား ဆက်ဆံနေမှုအပေါ် ထောက်ပြခဲ့ပါတယ်။ တောင်ကိုရီးယား အရပ်သားတွေမှာ လိင်တူ ဆက်ဆံခွင့်ရှိပေမယ့် ဒါကို တပ်အတွင်းမှာ တားမြစ်ထားတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လမှာ ဆိုရင် တောင်ကိုရီးယားရဲ့ ပထမဆုံး လိင်ပြောင်း စစ်သားဟာ သူ့ရဲ့ လိင်ပြောင်းလဲရေး ခွဲစိပ်မှု လုပ်အပြီးမှာ အတင်းအကျပ် တပ်ထဲက အထုတ်ခံခဲ့ရပြီး နောက်ပိုင်းမှာ သေဆုံးနေတာကိုလည်း တွေ့ခဲ့ကြရပါတယ်။
အဲဒီအမှုမှာ အခုလို တပ်တွင်း အထုတ်ခံရတဲ့ ဘယွန်ဟီဆိုးဟာ တရားမဝင် ခွဲခြား ဆက်ဆံခံရလို့ အထုတ်ခံရတယ်လို့ တရားရုံးက သတ်မှတ်ပြီး အထုတ်ခံရမှုကို ပယ်ဖျက်ပေးခဲ့တာက ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့ကမှ ဖြစ်ပါတယ်။
အခုလို အခြေအနေတွေ ဆက်ရှိနေသေးတဲ့အချိန်မှာ DP ဇာတ်လမ်းတွဲရဲ့ အခန်းကဏ္ဍက ဖျော်ဖြေမှု ပေးတာထက် ပိုပြီး တပ်တွင်း အကြမ်းဖက်မှုတွေ ဆက်ရှိနေတာကို စောင့်ကြည့် သိရှိဖို့နဲ့ အမှတ်ရနေဖို့အတွက်လည်း အရေးပါတယ်လို့ ဒါကို ရိုက်ကူးတဲ့ ဒါရိုက်တာ ဟန်ဂျွန်ဟီးက မေးမြန်းခန်းတခုမှာ ပြောဆိုခဲ့ပါတယ်။
ဒီဇာတ်လမ်းတွဲကို ရေးသား စီစဉ်သူ ကင်ဘိုတောင်ကလည်း ၂၀၁၂ ခုနှစ်အတွင်းက တပ်တွင်း အကြမ်းဖက်မှုကြောင့် သေဆုံးသူတဦးရဲ့ ဇနီးဖြစ်သူက ပေးပို့ခဲ့တဲ့ စာတစောင်ကို အင်စတယ်ဂရမ်မှာ ဝေငှဖော်ပြခဲ့ပါတယ်။
အဲဒီ စာမှာ ဒီအမျိုးသမီးက “ကျွန်မ ကျေးဇူးတင်တယ်ဆိုတာ ပြောချင်လို့ပါ၊ အခုလို ဇာတ်လမ်းတွဲကို ကြည့်ရတဲ့အတွက် ကျွန်မတို့လို ဒီအခြေအနေတွေရဲ့ အကျိုးဆက်တွေကို ခံစားခဲ့ရသူတွေ အမေ့ပျောက် မခံရတော့ဘူးလို့ ခံစားရပြီး ဒါကို လူများများ ကြည့်ခြင်းအားဖြင့်လည်း အဲဒီ တပ်တွင်း ထုံးစံတွေကို သိလာကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဆိုပြီး ပြောဆိုခဲ့တာကို တွေ့ရပါတယ်။








