မြောက်ကိုရီးယားရဲ့ ဒုံးကျည်နည်းပညာ ဘယ်လောက်အထိ တိုးတက်လာတာလဲ

ဓာတ်ပုံ ရင်းမြစ်, KCNA
မြောက်ကိုရီးယားနိုင်ငံရဲ့ လတ်တလော ဒုံးကျည်သစ်တွေ စမ်းသပ် ပစ်ခတ်မှုအရ နည်းပညာတိုးတက်လာတာကို တွေ့ရပြီး အထူးသဖြင့် သူတို့ရဲ့ ပဲ့ထိန်း ဒုံးကျည်တလုံး စမ်းသပ်ပစ်ခတ်မှုမှာဆိုရင် အခုလို တိုးတက်မှုက သိသာတယ်လို့ ဆိုပါတယ်။
အခုလို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၃ ရက်နေ့က စမ်းသပ်ခဲ့တဲ့ တာဝေးပစ် အဝေးထိန်း အနိမ့်ပျံ အမျိုးအစား (cruise missile) အဲဒီ ဒုံးကျည်ဟာ ကီလိုမီတာ ၁၅၀ဝ (မိုင် ၉၃၀) အထိ ရောက်ရှိအောင် ပစ်ခတ်နိုင်တယ်လို့ မြောက်ကိုရီးယားအစိုးရ သတင်းဌာနက ကြေညာခဲ့ပါတယ်။
အဲဒီအကွာအဝေးအရ ဆိုရင် ဒီဒုံးကျည်ဟာ ဂျပန်နိုင်ငံ တနိုင်ငံလုံးနီးပါး ဘယ်နေရာမဆို ရောက်အောင် ပစ်နိုင်တဲ့ ပမာဏ ဖြစ်ပြီး မြောက်ကိုရီးယားဘက်ကတော့ သူတို့ အခုလို စမ်းသပ်ရတာဟာ အမေရိကန်နိုင်ငံက ကျူးကျော်တိုက်ခိုက်လာရင် ခုခံနိုင်ဖို့အတွက် ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
လက်ရှိ ၂၀၂၁ ခုနှစ်စ ဇန်နဝါရီအတွင်း အမေရိကန်မှာ ဂျိုးဘိုင်ဒန် တရားဝင်သမ္မတ ဖြစ်မလာခင် ရက်ပိုင်းအလိုမှာပဲ မြောက်ကိုရီးယားနိုင်ငံက သူတို့ရဲ့ စစ်ရေးပြ အခမ်းအနားတခုမှာ ရေငုပ်သင်္ဘောကတဆင့် ပစ်ခတ်ရတဲ့ ကနဦး တွန်းကန်အားသုံး (ballistic missile) ဒုံးကျည်အမျိုးအစားအသစ် တမျိုးကို ပြသခဲ့ပြီး “ဒါဟာ ကမ္ဘာပေါ်မှာ စွမ်းအားအကြီးဆုံး လက်နက်တခု” ဖြစ်တယ်လို့လည်း ကြေညာခဲ့ပါသေးတယ်။
အဲဒီ ဒုံးကျည်ရဲ့ စွမ်းပကားကတော့ မြောက်ကိုရီးယားက စမ်းသပ်ပြတာကို နိုင်ငံတကာက မမြင်ရသေးတဲ့အတွက် အသေအချာ မသိရသေးပါဘူး။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းကတော့ နိုင်ငံရဲ့ နျူးကလီးယား လက်နက်စွမ်းပကားနဲ့ စစ်အင်အား စွမ်းပကားတို့ကို ဆက်လက် ချဲ့ထွင်မယ်လို့ ကတိပြု ပြောဆိုခဲ့ပြီး ဆက်လက် ထုတ်လုပ်ဖို့ ရည်ရွယ်ထားတဲ့ လက်နက်စာရင်းကိုပါ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
အမှန်တကယ် လက်တွေ့မှာဆိုရင်လည်း မြောက်ကိုရီးယားနိုင်ငံဟာ စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှုတွေ ခံနေရတဲ့ကြားက သူတို့ရဲ့ စစ်လက်နက်တွေကို သိသိသာသာ အဆင့်မြှင့်နိုင်နေတာကို တွေ့နေရပါတယ်။
အမေရိကန်အထိ ရောက်အောင် ပစ်နိုင်တဲ့ မြောက်ကိုရီးယားဒုံးကျည်
၂၀၁၇ ခုနှစ်အတွင်း မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်မှုတွေ အများအပြားပြုလုပ်ခဲ့ရာမှာ သူတို့ရဲ့ စစ်ရေးနည်းပညာတွေ အရှိန်အဟုန်နဲ့ တိုးတက်လာတာကို တွေ့ခဲ့ရပါတယ်။
အဲဒီအချိန်က သူတို့ စမ်းသပ်ခဲ့တဲ့ ဟွာဆောင်း-၁၂ ဒုံးကျည်ဆိုရင် ကီလိုမီတာ ၅၄၀ဝ (မိုင်၂၈၀ဝ)အထိ ရောက်ရှိနိုင်တယ်လို့ ယူဆရပြီး အဲဒီအကွာအဝေးအရ ပစိဖိတ်သမုဒ္ဒရာထဲက ဂူအမ်ကျွန်းမှာရှိတဲ့ အမေရိကန်စစ်စခန်းတွေအထိရောက်အောင် ပစ်ခတ်နိုင်ခြေ ရှိမှာ ဖြစ်ပါတယ်။
အဲဒီနောက်ပိုင်း ထပ်မံ စမ်းသပ်ခဲ့တဲ့ ဟွာဆောင်း-၁၄ ဒုံးကျည်ဆိုရင်တော့ အင်အားအကုန်သုံး ပစ်ခတ်မယ်ဆိုရင် ကီလိုမီတာ ၈၀ဝ၀ ကနေ ၁၀ဝ၀ဝ လောက်အထိတောင် ရောက်ရှိအောင် ပစ်ခတ်နိုင်လောက်တာ စွမ်းပကား ရှိနေတာကို လေ့လာမှုတွေအရ သိခဲ့ရပါတယ်။
အဲဒီလောက် အကွာအဝေးအထိသာ ရောက်အောင် ပစ်ခတ်နိုင်မယ်ဆိုရင် မြောက်ကိုရီးယားဟာ အမေရိကန်နိုင်ငံ နယူးယောက်မြို့အထိ လှမ်းပစ်နိုင်ခြေရှိတဲ့ လက်နက်ကို သူတို့အတွက် ပထမဆုံး ပိုင်ဆိုင်ရသလို ဖြစ်သွားနိုင်ပါတယ်။
အဲဒီကာလက မြောက်ကိုရီးယားတို့ နောက်ဆုံး စမ်းသပ်ခဲ့တဲ့ ဟွာဆောင်း-၁၅ ဒုံးကျည်ဆိုရင်တော့ မိုးပေါ်ကို ထောင်ပြီး စမ်းသပ် ပစ်ခတ်ခဲ့ရာမှာ ကီလိုမီတာ ၄၅၀ဝ အမြင့်အထိ ရောက်ရှိခဲ့တာကို တွေ့ရပြီး ဒီအမြင့်ဟာ ကမ္ဘာကို ပတ်နေတဲ့ နိုင်ငံတကာအာကာသစခန်း ISS ရှိနေတဲ့ အမြင့်ထက် ဆယ်ဆ လောက်မြင့်တာကိုလည်း တွေ့ခဲ့ရပါတယ်။
အခုလို ကမ္ဘာ့ဆွဲငင်အားကို လွန်ဆန်ပြီး မိုးပေါ်ကို ပစ်ခတ်ရတဲ့ အနေအထားမှာ အဲဒီလောက် အကွာအဝေးရောက်ခဲ့တယ်ဆိုရင် မြေပြင်ညီ အနေအထားနဲ့ ပစ်ခတ်လိုက်တဲ့အခါမှာ အများဆုံး အကွာအဝေးအနေနဲ့ ကီလိုမီတာ ၁၃၀ဝ၀ အထိ ရောက်ရှိနိုင်မှာ ဖြစ်တဲ့အတွက် ဒါဟာ အမေရိကန်တနိုင်ငံလုံးက ဘယ်နေရာကိုမဆို လှမ်းပစ်နိုင်ခြေရှိတဲ့ ဒုံးကျည်စွမ်းပကားလည်း ဖြစ်နေပါတယ်။

၂၀၂၀ မှာဆိုရင်လည်း မြောက်ကိုရီးယားဟာ ကနဦး တွန်းကန်အားသုံး ဒုံးကျည် အမျိုးအစားသစ်တခုကို ပြသခဲ့ရာမှာ ဟွာဆောင်း-၁၅ ရဲ့ နည်းပညာနဲ့ တူညီပေမယ့် ပိုမို အရွယ်အစားကြီးမားတဲ့အပြင် အဲဒီ ဒုံးကျည်ရဲ့ ထိပ်မှာ နေရာအသီးသီး ခွဲဖြာ ပစ်ခတ်နိုင်တဲ့ ဖောက်ခွဲရေး ထိပ်ဖူးတွေ တပ်ဆင်နိုင်ခြေရှိတာကို တွေ့ခဲ့ရပါတယ်။
မြောက်ကိုရီးယားဟာ အဲဒီ ဒုံးကျည် အမျိုးအစားသစ်ကို အမည်မပေးရသေးတဲ့အပြင် စမ်းလည်း မစမ်းသပ်ပြသေးပေမယ့် လက်နက်ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်အရ အဲဒီဒုံးကျည်ဟာ နျူးကလီးယားဖောက်ခွဲရေး ထိပ်ဖူးတင်ဆောင်ပြီး အမေရိကန်နိုင်ငံအတွင်း မည်သည့်နေရာကိုမဆို လှမ်းပစ်နိုင်တဲ့အထိ အရွယ်အစားရှိတာကို တွေ့ရလို့ အဲဒီ ကျွမ်းကျင်သူတွေ အံ့အားသင့်ခဲ့ကြပါတယ်။
၂၀၂၁ ခုနှစ် အစပိုင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က သမ္မတအဖြစ် မကျိန်ဆိုခင်မှာ မြောက်ကိုရီးယားက ပြသခဲ့တဲ့ ဒုံးကျည်သစ်ကတော့ သူတို့ရဲ့ စစ်အင်အား တိုးပွားလာမှုကို တက်လာမယ့် အမေရိကန်သမ္မတသစ်ကို ပြသလိုတဲ့ ရည်ရွယ်ချက် ရှိနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
မြောက်ကိုရီးယားဟာ ဒီနှစ် မတ်လအတွင်းမှာလည်း နည်းဗျူဟာမြောက် ပဲ့ထိန်း ဒုံးပျံတခုကို စမ်းသပ်ခဲ့ပြီး ဖောက်ခွဲရေးထိပ်ဖူး အလေးချိန် ၂.၅ တန်အထိ တင်ဆောင်နိုင်တယ်လို့ ဆိုတဲ့အတွက် ဒါဟာ နျူးကလီးယား ထိပ်ဖူး တင်ဆောင်နိုင်လောက်တဲ့ ပမာဏလည်း ဖြစ်ပါတယ်။
အဲဒီ ဒုံးပျံအသစ်ကို တရားဝင် အတည်ပြု မှတ်တမ်းမယူနိုင်သေးပေမယ့် ဂျိမ်းစ်မာတင် လက်နက်မပြန့်ပွားရေး လေ့လာမှုဌာနက သုတေသီတွေကတော့ ဒါဟာ ယခင် မြောက်ကိုရီးယားက စမ်းသပ်ပြခဲ့ဖူးတဲ့ KN-23 ဒုံးကျည်ကို အဆင့်မြှင့်ထားတာ ဖြစ်နိုင်ပြီး အချို့ ပညာရှင်တွေကလည်း ဒီဒုံးပျံက လမ်းကြောင်းပြောင်းရ လွယ်ကူအောင် လုပ်ထားတဲ့အတွက် ပစ်ခတ်လိုက်ကြောင်းဖမ်းယူဖို့ ခက်အောင် လုပ်ထားတဲ့ နည်းပညာလည်း ပါဝင်နိုင်တယ်လို့ ဆိုပါတယ်။
မြောက်ကိုရီးယားက အခု နောက်ဆုံး လတ်တလော စမ်းသပ်လိုက်တဲ့ တာဝေးပစ် အဝေးထိန်း အနိမ့်ပျံ ဒုံးကျည်ကတော့ ယခင် မြောက်ကိုရီးယားက စမ်းသပ်ခဲ့တဲ့ ဒုံးကျည်တွေထက် ကာကွယ်ဖို့ ပိုမို ခက်ခဲနိုင်ပါတယ်။
ဒီဒုံးကျည်တွေဆိုရင် ပစ်မှတ်တည့်တည့်ကို မျက်နှာမူပြီး ပစ်စရာ မလိုပဲ ပစ်မှတ်ကို ရောက်တဲ့အထိ ထိန်းကြောင်းပေးတဲ့ တွန်းကန်အား တောက်လျှောက် ရှိတာကြောင့် ဒုံးကျည် လမ်းကြောင်းကို ပြန်လည် ထိန်းညှိပစ်ခတ်နိုင်တဲ့အပြင် ပစ်ခတ်လိုက်မှန်း မသိရအောင် လမ်းကြောင်းဆွဲထားနိုင်တဲ့ အမျိုးအစား ဖြစ်တယ်လို့လည်း လေ့လာမှုတွေက ဆိုပါတယ်။
အဲဒီ ဒုံးကျည်ကို ဘယ်လို ထိန်းကျောင်း ပစ်ခတ်တာလဲ ဆိုတာနဲ့ နျူးကလီးယားထိပ်ဖူး သယ်နိုင်ခြေကိုတော့ မခန့်မှန်းနိုင်သေးပေမယ့် မြောက်ကိုရီးယားဟာ နျူးကလီးယား ဖောက်ခွဲရေး ထိပ်ဖူးကို အရွယ်အစား သေးငယ်အောင် ပြုလုပ်ပြီး ဒုံးကျည်အသေးစားတွေမှာ တပ်ဆင်နိုင်တဲ့ နည်းပညာရှိတယ်ဆိုတဲ့ ယူဆချက်တွေလည်း ရှိနေပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီက လက်ရှိ မြောက်ကိုရီးယားကို ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့ချက်တွေမှာ ကနဦး တွန်းကန်အားသုံး ballistic ဒုံးကျည်တွေ စမ်းသပ်မှုကို တားမြစ်ထားပေမယ့် အဝေးထိန်း အနိမ့်ပျံ cruise ဒုံးကျည် စမ်းသပ်မှုကို ကန့်သတ်တဲ့ တားမြစ်ချက်တော့ မပါဝင်တာကို တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KCNA
အပူချိန်မြှင့် ဖျက်အားပြင်း နျူးကလီးယားဗုံး စမ်းသပ်မှု
၂၀၁၇ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့မှာ မြောက်ကိုရီးယားနိုင်ငံဟာ လက်ရှိ အချိန်အထိ သူတို့ စမ်းသပ်သမျှထဲမှာ အကြီးဆုံး နျူးကလီးယားဗုံး စမ်းသပ်မှုကို သူတို့ရဲ့ ပန်ဂီယီ စမ်းသပ်စခန်းမှာ ပြုလုပ်ခဲ့ပါတယ်။
အခုလို ဖောက်ခွဲခဲ့တဲ့ ဗုံးအား ဖျက်အားဟာ ၁၀ဝ ကနေ ၃၇၀ အထိ ကီလိုတန် ရှိနိုင်ပြီး ကီလိုတန် ၁၀ဝ ရှိတဲ့ အဖျက်အား ဆိုတာဟာ ၁၉၄၅ ခုနှစ်မှာ အမေရိကန်နိုင်ငံက ဟီရိုရှီးမားမြို့ပေါ်ကို ကြဲချခဲ့တဲ့ နျူးကလီးယားဗုံးထက် ၆ ဆ လောက် ပြင်းမယ့် ပမာဏလည်း ဖြစ်ပါတယ်။
ဒါဟာ သူတို့ရဲ့ ပထမဆုံး အပူချိန်မြှင့် ဖျက်အားပြင်း နျူးကလီးယားဗုံး စမ်းသပ်မှု ဖြစ်တယ်လို့ မြောက်ကိုရီးယားက ကြေညာခဲ့ပြီး ဒီဗုံးအမျိုးအစားဟာ ပေါက်ကွဲတဲ့အချိန်မှာ ထွက်တဲ့ အပူချိန်ပိုမြင့်အောင် လုပ်ပြီး ဒုတိယအကြိမ် ဓာတ်ပြုမှု ထပ်ဖြစ်စေကာ ပိုပြီး ပေါက်ကွဲအားပြင်းအောင် ပြုလုပ်ထားတဲ့ နျူးကလီးယားဗုံး ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ် ဧပြီလမှာတော့ မြောက်ကိုရီးယားက သူတို့ နျူးကလီးယားဗုံးတွေရဲ့ ဖျက်အားကို “အတည်ပြုနိုင်ပြီ” ဖြစ်တဲ့အတွက် ဆက်လက် မစမ်းသပ်တော့ဘဲ ဆိုင်းငံ့ထားမယ်လို့ ကြေညာခဲ့ပါတယ်။
၂၀၁၈ ခုနှစ်အတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ မတွေ့ဆုံကြခင်မှာ မြောက်ကိုရီးယားဘက်က အဲဒီ ပန်ဂီယီ စမ်းသပ်စခန်းကို ဖျက်သိမ်းပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။
အခုလို ပြောဆိုခဲ့တဲ့အတိုင်း ၂၀၁၈ မေလမှာ အဲဒီစခန်းမှာ ဆောက်လုပ်ထားတဲ့ စမ်းသပ်ရေး လိုဏ်ခေါင်းတွေကို နိုင်ငံတကာ စာနယ်ဇင်းသမားတွေရှေ့မှာ ဖျက်စီးပြခဲ့ပေမယ့် နိုင်ငံတကာ ကျွမ်းကျင်သူတွေတော့ ရှိမနေခဲ့ပါဘူး။
အဲဒီ ၂၀၁၈ ခုနှစ်အတွင်းမှာပဲ ကင်ဂျုံအွန်းနဲ့ ဒေါ်နယ် ထရမ့်တို့ရဲ့ ဆွေးနွေးချက်တွေအရ မြောက်ကိုရီးယားက သူတို့ရဲ့ နျူးကလီးယား သန့်စင်တဲ့ စခန်းတွေကိုလည်း ဖျက်သိမ်းပေးမယ်လို့ ကြေညာခဲ့ပါတယ်။
ဒါပေမဲ့လည်း အမေရိကန်နဲ့ မြောက်ကိုရီးယားတို့ ဆက်လက် ဆွေးနွေးမှုတွေ အဆင်မပြေဖြစ်ခဲ့ပြီး ၂၀၁၈ ခုနှစ် သြဂုတ်လအရောက်မှာ ကုလသမဂ္ဂ နျူးကလီးယား အေဂျင်စီရဲ့ ဂြိုဟ်တုဓာတ်ပုံ မှတ်တမ်းတွေအရ မြောက်ကိုရီးယားက သူတို့ရဲ့ လက်နက်ထုတ်လုပ်နိုင်တဲ့ သန့်စင် ပလူတိုနီယံ အဓိက ထုတ်လုပ်ရာ ယောင်ဗြွန်း နျူးကလီးယား စက်ရုံကို ပြန်လည် လည်ပတ်နေနိုင်တာကို တွေ့ရှိခဲ့ရပါတယ်။
၂၀၁၈ ခုနှစ် စက်တင်ဘာလမှာတော့ နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ (IAEA) က မြောက်ကိုရီးယားရဲ့ နျူးကလီးယား စီမံကိန်းတွေဟာ အပြည့်အဝ ပြန်လည် လုပ်ကိုင်နေတာ တွေ့ရပြီး ပလူတိုနီယံ ဓာတ်ခွဲတာ၊ ယူရေနီယံ သန့်စင်တာနဲ့ အခြား ဆက်စပ် လုပ်ငန်းတွေ ဆက်သွားနေတယ်လို့ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားရဲ့ စစ်သည်အင်အား အခြေအနေ
မြောက်ကိုရီးယား စစ်တပ်ရဲ့ အင်အားဟာ ကမ္ဘာပေါ်က အများဆုံးတွေထဲမှာ အပါအဝင် ဖြစ်ပြီး အမြဲတမ်းစစ်သည်အင်အား တသန်းကျော်နဲ့ အရန်တပ်ဖွဲ့ဝင် ခြောက်သိန်းရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။
အဲဒီ စစ်သည်တွေရဲ့ လက်နက်အများစုကတော့ ဟောင်းနွမ်းနေတဲ့ လက်နက်တွေ ဖြစ်ပေမယ့် တောင်ကိုရီးယားနဲ့ စစ်ဖြစ်လာရင်တော့ တောင်ကိုရီးယားဘက်မှာ အကြီးအကျယ် ထိခိုက်နိုင်စွမ်းတော့ ရှိနေတဲ့ လက်နက်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
မြောက်ကိုရီးယားစစ်တပ်အတွင်းမှာ သောင်းနဲ့ချီတဲ့ အထူးတပ်ဖွဲ့ဝင်တွေကိုလည်း လေ့ကျင့်ပေးထားပြီး တောင်ကိုရီးယားနဲ့ စစ်ဖြစ်လာရင် နယ်မြေကျူးကျော်ဝင်ရောက်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့လည်း ဆိုပါတယ်။
မြောက်ကိုရီးယားရဲ့ နောက်ထပ် ခြိမ်းခြောက်နိုင်တဲ့ လက်နက်တွေကတော့ တောင်ကိုရီးယားနယ်စပ်မှာ ချထားတဲ့ ထောင်နဲ့ချီတဲ့ အဝေးပစ်အမြှောက်တွေနဲ့ ဒုံးပစ်လောင်ချာတွေ ဖြစ်ပြီး အဲဒီနယ်စပ်ကနေ ကီလိုမီတာ ၆၀ သာဝေးတဲ့ တောင်ကိုရီးယားမြို့တော် ဆိုးလ်ကို လွယ်လွယ်ကူကူ လှမ်းပစ်နိုင်တဲ့ လက်နက်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ၂၀၁၂ ခုနှစ်က တောင်ကိုရီးယားဘက်က လေ့လာသုံးသပ်ချက်အရ မြောက်ကိုရီးယားနိုင်ငံ ဓာတုလက်နက် တန်ချိန် ၂၅၀ဝ ကနေ ၅၀ဝ၀ အထိလည်း ရှိနိုင်ပြီး တကမ္ဘာလုံးမှာ ဓာတုလက်နက် အများဆုံးရှိတဲ့ နိုင်ငံတောင် ဖြစ်နေနိုင်တယ်လို့ ဆိုပါတယ်။









