နိုဘယ်လ်ငြိမ်းချမ်းရေးဆု - သတင်းသမားနှစ်ဦးဖြစ်တဲ့ မာရီယာ ရက်ဆာနဲ့ ဒီမစ်ထရီ မူရာ့တပ်ဖ်ရ

မာရီယာ ရက်ဆာနဲ့ ဒီမစ်ထရီ မူရာ့တပ်ဖ်ရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မာရီယာ ရက်ဆာ (ဘယ်)နဲ့ ဒီမစ်ထရီ မူရာ့တပ်ဖ် (ညာ)

သတင်းသမား မာရီယာရက်ဆာနဲ့ ဒီမစ်ထရီ မူရာ့တပ်ဖ်တို့ဟာ ဖိလစ်ပိုင်နဲ့ ရုရှားတို့မှာ လွတ်လပ်စွာ ထုတ်ပြောဆိုခွင့်ကို ရဲစွမ်းသတ္တိရှိရှိ ရင်ဆိုင်ခဲ့မှုအတွက် ၂၀၂၁ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ရရှိခဲ့ပါတယ်။

သူတို့နှစ်ဦးဟာ လွတ်လပ်စွာပြောဆိုခွင့်အတွက် တိုက်ပွဲဝင်တဲ့ သတင်းသမားတွေအားလုံးကို ကိုယ်စားပြုသူတွေလို့ ဆုချီးမြှင့်ရေး ကော်မတီက ပြောပါတယ်။

ဒီဆုကို ရရှိသူတွေဟာ အမေရိကန်ဒေါ်လာ ၁.၁ သန်းနဲ့ ညီမျှတဲ့ ဆုငွေကိုလည်း ရရှိမှာ ဖြစ်တယ်လို့ နော်ဝေနိုင်ငံ အော်စလိုမြို့က ဆုချီးမြှင့်ရေး အဖွဲ့က ကြေညာပါတယ်။

သူတို့ဟာ ဆုစာရင်းအတွက် လျာထားခံရသူ ၃၂၉ ဦးထဲကနေ ရွေးချယ်ခံခဲ့ရတာပါ။

မစ္စရက်ဆာဟာ Rappler သတင်းဝက်ဘ်ဆိုက်ကို ပူးတွဲတည်ထောင်ခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံက အာဏာအလွဲသုံးမှုတွေ၊ အကြမ်းဖက်မှုတွေ နဲ့ အာဏာရှင်စနစ်ကျယ်ပြန့်လာတာတွေကို ထုတ်ဖော်ခဲ့ပါတယ်။

မစ္စတာ မူရာ့တပ်ဖ်ကတော့ Novaja Gazeta သတင်းစာကို ပူးတွဲတည်ထောင်ခဲ့ပြီး စိန်ခေါ်မှုတွေတိုးလာနေတဲ့ကြားမှာ လွတ်လပ်စွာ ပြောဆိုခွင့်ကို ဆယ်စုနှစ်များစွာ ကာကွယ်ခဲ့တယ်လို့ ဆုချီးမြှင့်တဲ့ ကော်မတီက ပြောပါတယ်။

ဒီနှစ် စာရင်းဝင်ခဲ့သူတွေထဲမှာ ရာသီဥတုပြောင်းလဲမှု အရေးလှုပ်ရှားတက်ကြွသူ ဂရီတာသွန်းဘာ့ဂ်၊ စာနယ်ဇင်း လွတ်လပ်ခွင့် အရေးဆောင်ရွက်တဲ့ Reporters Without Borders (RSF)နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) တို့ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ နှစ်က ဆုကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် (WFP) က ရရှိခဲ့ပါတယ်။