အာဖဂန် အစိုးရသစ်အဖွဲ့ တာလီဘန်ကြေညာ

Mullah Mohammad Hassan Akhund

ဓာတ်ပုံ ရင်းမြစ်, Alamy

ဓာတ်ပုံ ပုံစာ, ဝန်ကြီးချုပ်သစ်ဖြစ်လာသူ ဟာဆန်အက်ခွန်

ကြားဖြတ် အစိုးရသစ်တစ်ရပ် ဖွဲ့စည်းလိုက်ပြီလို့ တာလီဘန်အဖွဲ့က ကြေညာခဲ့ပြီး နိုင်ငံကို အစ္စလာမ်နိုင်ငံအဖြစ် ကြေညာခဲ့ပါတယ်။

မူလာ မိုဟာမက် ဟာဆန် အက်ခွန် က အစိုးရအဖွဲ့ကို ခေါင်းဆောင်မှာ ဖြစ်ပါတယ်။ သူဟာ တာလီဘန် တည်ထောင်သူတွေထဲက တစ်ဦးဖြစ်ပြီး သူ့ကို ကုလသမဂ္ဂက အမည်ပျက်စာရင်းသွင်းထားပါတယ်။

ပြည်ထဲရေးဝန်ကြီးအဖြစ် အမေရိကန် စုံစမ်းစစ်ဆေးရေး FBI က အလိုရှိတဲ့ ဟာကာနီ စစ်သွေးကြွအုပ်စုက ခေါင်းဆောင်က တာဝန်ယူမှာ ဖြစ်ပါတယ်။

တာလီဘန်အဖွဲ့ဟာ အာဖဂန်နစ္စတန်နိုင်ငံ တစ်နိုင်ငံလုံးနီးပါးကို သြဂုတ် ၁၅ ရက်နေ့မှာ စတင်ထိန်းချုပ်ခဲ့ပြီး ရွေးကောက်ခံ အစိုးရကို ဖြုတ်ချခဲ့တာပါ။

ယာယီ ဝန်ကြီးအဖွဲ့ကို ကြေညာခဲ့တာဟာ တာလီဘန် အစိုးရဖွဲ့စည်းရေးမှာ အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်ပါတယ်။

တခြားနိုင်ငံတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်လိုပြီး အစ္စလာမစ်တန်ဖိုးတွေနဲ့ အာဖဂန်အမျိုးသားရေး စံနှုန်းတွေကို မဆန့်ကျင်တဲ့ နိုင်ငံတကာ ဥပဒေတွေနဲ့ သဘောတူညီစာချုပ်တွေကို လေးစားလိုက်နာသွားမယ်လို့ တာလီဘန်ခေါင်းဆောင် မော်လာဝီ ဟီဘက်တူလာ အက်ခွန်ဇားဒါက ပြောပါတယ်။

အစောပိုင်းတုန်းက အားလုံးပါဝင်တဲ့ အစိုးရတစ်ရပ်ဖွဲ့စည်းလိုတယ်လို့ တာလီဘန်တွေက ပြောထားပါတယ်။

ဒါပေမဲ့ အခု ကြေညာလိုက်တဲ့ အစိုးရ ဝန်ကြီးတွေကတော့ တာလီဘန်ခေါင်းဆောင်တွေနဲ့ သူတို့ မဟာမိတ်တွေ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်သစ်ဖြစ်လာသူ ဟာဆန်အက်ခွန် ဟာ ၁၉၉၆ ကနေ ၂၀၀၁ ခုနှစ် တာလီဘန် အုပ်ချုပ်စဥ်က ဒုတိယ နိုင်ငံခြားရေးဝန်ကြီး အဖြစ် ဆောင်ရွက်ခဲ့သူပါ။

ဆီရာဂျူဒင်ဟာကာနီ ကတော့ တာလီဘန်တွေနဲ့ မဟာမိတ်အဖွဲ့ ဖြစ်တဲ့ ဟာကာနီကွန်ရက်ရဲ့ ခေါင်းဆောင်ဖြစ်ပြီး အာဖဂန်နစ္စတန်နိုင်ငံထဲက နှစ် ၂၀ အတွင်း အကြမ်းတမ်းဆုံး တိုက်ခိုက်မှုတွေ နောက်ကွယ်က ကြိုးကိုင်ခဲ့သူ ဖြစ်ပါတယ်။

Graphic