မော်ကွန်း ကျောက်ပြားထားရှိပြီး ဘုရင်စနစ်ကို စိန်ခေါ်လိုက်တဲ့ ထိုင်းတက်ကြွလှုပ်ရှားသူများ

ဓာတ်ပုံ ရင်းမြစ်, Reuters
ဘုရင်စနစ်ကို ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ "ထိုင်းနိုင်ငံကို ပြည်သူတွေ ပိုင်တယ်"လို့ ကမ္ဗည်း ရေးထိုးထားတဲ့ မော်ကွန်းကျောက်ပြားကို အစိုးရ ဆန့်ကျင်ကြတဲ့ ဆန္ဒပြသမားတွေက တပ်ဆင်ခဲ့ကြပါတယ်။
ထိုင်းဘုရင် မဟာ ဝချီရာလောင်ကွန်းကို နောက်ဆုံးအကြိမ် စိန်ခေါ်ခဲ့တဲ့ ဘန်ကောက်မြို့က တော်ဝင်နန်းတော်အနီးမှာ ဒီမော်ကွန်းကျောက်ပြားကို ထားရှိခဲ့ကြတာပါ။
ထိုင်းနိုင်ငံ ဘုရင်စနစ်နဲ့ နိုင်ငံရေးစနစ် ပြုပြင် ပြောင်းလဲပေးဖို့ တောင်းဆိုကြတဲ့ ကျောင်းသားတွေဦးဆောင်တဲ့ ဆန္ဒပြပွဲတွေ ဇူလိုင်လကတည်းက စတင်ပေါ်ပေါက်လာခဲ့ပါတယ်။
စနေနေ့က လုပ်ခဲ့တဲ့ ဆန္ဒပြပွဲဟာ ဒီနှစ်ပိုင်းတွေအတွင်း အကြီးဆုံး ဆန္ဒပြပွဲတစ်ခုဖြစ်ပြီး ထောင်နဲ့ချီတဲ့လူတွေဟာ အာဏာပိုင်တွေကို ဆန့်ကျင်ပြီး အပြောင်းအလဲကို တောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြပွဲတွေမှာ ဘုရင်စနစ် ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုမှုတွေဟာ ထိုင်းနိုင်ငံမှာ အတော်လေး သတိထားရပါတယ်။ ဘုရင်စနစ်ကို ဝေဖန်မှုဟာ နှစ်ရှည် ထောင်ဒဏ် ပြစ်ဒဏ်ချခံရနိုင်ပါတယ်။
၂၀၁၄ ခုနှစ်က စစ်တပ်အာဏာ သိမ်းပြီး ဝန်ကြီးချုပ် တာဝန်ယူခဲ့တဲ့ ဝန်ကြီးချုပ် ပရာရွတ် ချန်အိုချာ ရာထူးက နုတ်ထွက်ပေးဖို့ ဆန္ဒပြသမားတွေက တောင်းဆိုခဲ့ပါတယ်။ ပရာရွတ် ချန်အိုချာကပြီးခဲ့တဲ့ နှစ် ရွေးကောက်ပွဲမှာလည်း အငြင်းပွားဖွယ် အနိုင်ရခဲ့ပါတယ်။
"ပြည်သူလူထု မော်ကွန်းကျောက်ပြား" လို့ ရေးထားထိုးတဲ့ အထိမ်းအမှတ် ကျောက်ပြားကို တော်ဝင်ကွင်းပြင်ထဲမှာ တက်ကြွလှုပ်ရှားသူ ကျောင်းသားတွေက တနင်္ဂနွေနေ့ မနက်ခင်းမှာ တပ်ဆင်ခဲ့ကြတာပါ။
"ထိုင်းနိုင်ငံကို ပြည်သူတွေ ပိုင်တယ်၊ ဘုရင်က မပိုင်ဘူးဆိုတဲ့ ပြည်သူတွေရဲ့ ရည်ရွယ်ချက်ကိုဖော်ပြတာ ဖြစ်တယ်" လို့ ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၂၀ ရက်စွဲနဲ့ အဲဒီ မော်ကွန်းကျောက်ပြားပေါ်မှာ ကမ္ဗည်း ရေးထိုးထားပါတယ်။
၁၉၃၀ ခုနှစ်မှာ ထိုင်းဘုရင်စနစ် အလုံးစုံ ကျဆုံးပါစေဆိုတဲ့ မော်ကွန်းကျောက်ပြား ၂၀၁၇ ခုနှစ်ကပျောက်ဆုံးသွားတဲ့အတွက် အဲဒီနေရာမှာ ဒီကျောက်ပြားကိုကို အစားထိုးတာလို့ စီစဉ်သူတွေက ပြောကြပါတယ်။
ဒီမော်ကွန်းကျောက်ပြားသစ်ကို တက်ကြွလှုပ်ရှားသူတွေက စိုက်ထူလိုက်တဲ့အချိန်မှာ လက်ခုတ်ဩဘာ ပေးခဲ့ကြပြီး "ပဒေသရာဇ်စနစ် ကျဆုံးပါစေ၊ ပြည်သူတွေ အသက်ရှည်ပါစေ"လို့ ဆန္ဒပြသမားတွေက သံပြိုင်ဟစ်ကြွေးခဲ့ကြပါတယ်။
ဒီအခမ်းအနားကို အာဏာပိုင်တွေဘက်က ဝင်ရောက် ဟန့်တားခဲ့ခြင်း မရှိသလို အဓိကရုဏ်းဖြစ်တယ်ဆိုတဲ့ သတင်းတွေကိုလည်း မကြားရပါဘူး။ ထိုင်းစစ်တပ်ဘက်က ဆန္ဒပြသမားတွေကိုအကြမ်းဖက် ဖြိုခွင်းတာတွေ လုပ်မှာ မဟုတ်ဘူးလို့ ထိုင်းအစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဒါပေမဲ့ ဝန်ကြီးများရုံးကို သွားရောက်ဆန္ဒပြကြဖို့ စီစဉ်ထားကြတဲ့ ဆန္ဒပြသမားတွေကို လက်နက်မဲ့ထိုင်းရဲ ရာနဲ့ချီက ဟန့်တားခဲ့ကြပါတယ်။
ဒါကြောင့် ဘုရင်စနစ် ပြုပြင်ပြောင်းလဲပေးဖို့ တောင်းဆိုထားတဲ့ စာတစ်စောင်ကို ထိုင်းဘုရင် တော်ဝင် သက်တော်စောင့် ရဲတပ်ဖွဲ့ လက်ဆင့်ကမ်းပေးဖို့ ဆန္ဒပြသမားတွေ ချီတက်ခဲ့ကြပါတယ်။
ဒီတောင်းဆိုချက်တွေကို စစ်တပ်ဌာနချုပ်တွေကို ပို့ပေးဖို့ ထိုင်း တော်ဝင် သက်တော်စောင့် ရဲတပ်ဖွဲ့က သဘောတူခဲ့ပြီးတဲ့နောက်မှာတော့ ဆန္ဒပြသမားတွေက အောင်ပွဲအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။
"ကျွန်တော်တို့လို သာမန်ပြည်သူတွေက တော်ဝင်အရာရှိတွေဆီကို စာတစ်စောင်ပေးပို့နိုင်တယ်ဆိုတာ ပြသနိုင်ခဲ့တာဟာ ဒီနှစ်ရက်အတွင်း အကြီးဆုံး အောင်ပွဲတစ်ခုပါပဲ" လို့ ဆန္ဒပြခေါင်းဆောင် ပါရစ် ပင်ဂွန်း ချီကွာရာ (Parit "Penguin" Chiwarak) က ပြောပါတယ်။ နောက်တစ်ပတ်မှာ ထပ်မံ ဆန္ဒပြကြဖို့ကိုလည်း လူထုပရိသတ်ကို သူက ဆော်ဩခဲ့ပါတယ်။
ဘာကြောင့်ဆန္ဒပြနေကြတာလဲ
ထိုင်းနိုင်ငံဟာ နိုင်ငံရေး မငြိမ်သက်မှုတွေ၊ ဆန္ဒပြပွဲတွေနဲ့ သမိုင်းတစ်လျှောက် အများကြီး ကြုံတွေ့ခဲ့ရပါတယ်။
ဒါပေမဲ့ ဒီမိုကရေစီအရေးလိုလားတဲ့ အတိုက်အခံပါတီသစ်တခုကို ဖျက်သိမ်းဖို့ တရားရုံးတစ်ခုက အမိန့်ချပြီးနောက်ပိုင်း ဖေဖော်ဝါရီလအတွင်းမှာ ဆန္ဒပြပွဲအသစ်တွေ တစ်ကျော့ပြန်ပေါ်ပေါက်လာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
အနာဂတ်ရေး ရှေ့သို့လှမ်းချီ Future Forward Party (FFP) ဟာ လူငယ်တွေနဲ့ ပထမဆုံး အကြိမ် မဲပေးကြတဲ့ မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှုကို အဓိက ရခဲ့ပြီး ၂၀၁၉ မတ်လမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ လွှတ်တော် ကိုယ်စားလှယ်နေရာ တတိယ အများဆုံး ရခဲ့ပါတယ်။
အဲဒီရွေးကောက်ပွဲမှာ လက်ရှိတာဝန်ထမ်းဆောင်နေဆဲဖြစ်တဲ့ ဝန်ကြီးချုပ် ပရာရွတ်ကပဲ အနိုင်ရခဲ့တာပါ။
လူသိများ ထင်ရှားတဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ဝမ်ချာလန် စက်စက်စီ ကမ္ဘောဒီးယားနိုင်ငံမှာ ဇွန်လအတွင်း ပျောက်ဆုံးသွားခဲ့တာကြောင့် ဆန္ဒပြပွဲတွေ ထပ်မံပေါ်ပေါက်ဖို့ တွန်းအားဖြစ်စေခဲ့ပါတယ်။
တက်ကြွလှုပ်ရှားသူ ဝမ်ချာလန်ဟာ ၂၀၁၄ ခုနှစ်က စစ်တပ်အာဏာသိမ်းပြီးကတည်းက ပြည်ပကို ထွက်ပြေးတိမ်းရှောင်နေရသူပါ။
သူဘယ်မှာ ရောက်နေလဲဆိုတာ လက်ရှိအချိန်ထိ မသိရသေးပါဘူး။ ဒါပေမဲ့ ဆန္ဒပြသမားတွေကတော့ သူ့ကို ပြန်ပေးဆွဲမှုမှာ ထိုင်းအစိုးရက အကွက်ကျကျ စီစဉ်ဆောင်ရွက်ခဲ့တယ်လို့ စွပ်စွဲနေပါတယ်။ ထိုင်းအစိုးရနဲ့ ရဲတပ်ဖွဲ့ကတော့ ဒါကို ငြင်းပါတယ်။
ဇူလိုင်လနောက်ပိုင်းမှာ ကျောင်းသားတွေ ဦးဆောင်တဲ့ ဆန္ဒပြပွဲတွေ လမ်းမတွေထက်မှာ အမြဲလိုလို ပေါ်ထွက်လာခဲ့ပါတယ်။
အာဏာသိမ်းပြီး ဝန်ကြီးချုပ် တာဝန်ယူခဲ့တဲ့ စစ်ခေါင်းဆောင်ဟောင်း ပရာရွတ် ချန်အိုချာဦးဆောင်တဲ့ အစိုးရ နုတ်ထွက်ပေးဖို့ ဆန္ဒပြသမားတွေက တောင်းဆိုခဲ့ကြသလို ဝေဖန်ထောက်ပြသူတွေကို အာဏာပိုင်တွေဘက်က ဟန့်တားနှောင့်ယှက်မှုတွေ အဆုံးသတ်ဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေးကိုလည်း တောင်းဆိုခဲ့ကြပါတယ်။
ကွာခြားမှုက ဘာလဲ
ပြီးခဲ့တဲ့ လက ဆန္ဒပြသမားတွေ တောင်းဆိုခဲ့တဲ့ အချက်တွေဟာ အရင်က တစ်ခါမှ မကြုံခဲ့ဖူးပါဘူး။
ဘုရင်စနစ် ပြုပြင်ပြောင်းလဲဖို့ အချက် ၁၀ ချက်ပါတဲ့ ကြေညာစာတမ်းတစ်စောင်ကို ဆန္ဒပြပွဲတစ်ပွဲမှာ ဖတ်ပြခဲ့တာပါ။
ဘုရင်စနစ်ကို ကြည်ညိုလေးစားဖို့၊ ချစ်မြတ်နိုးဖို့နဲ့ ဒီအကြောင်း ထုတ်ဖော်ပြောဆိုမှုရဲ့အကျိုးဆက်တွေကို ကြောက်ကြဖို့ မွေးကတည်းက သွန်သင် ဆုံးမတာခံခဲ့ရတဲ့ နိုင်ငံမှာ ဒီတောင်းဆိုမှုဟာ လူထုကြား အုတ်အော်သောင်းနင်း ဖြစ်စေခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
ဒီကြေညာစာတမ်းကို ဖတ်ပြခဲ့တဲ့ လူငယ် တက္ကသိုလ် ကျောင်းသူ ပါနက်ဆရာ စီသိတိယ ဝက်တန်နာခူးကတော့ သူတို့ရဲ့ အဓိက ရည်ရွယ်ချက်ဟာ "ဘုရင်စနစ် ပျက်သုဉ်းဖို့ မဟုတ်ဘဲ ခေတ်နဲ့အညီ ပြုပြင်ပြောင်းလဲဖို့ ကျွန်မတို့ လူမှုအသိုင်းအဝိုင်းနဲ့ သဟဇာတဖြစ်ဖို့ ဖြစ်တယ်" လို့ ပြောပါတယ်။
ဒါပေမဲ့ သူအပါအဝင် တက်ကြွ လှုပ်ရှားသူတွေဟာ "chung chart" လို့ ထိုင်းလို ခေါ်ကြတဲ့ "နိုင်ငံကိုမုန်းတီးသူတွေ" လို့ စွပ်စွဲခံခဲ့ရပါတယ်။
လုပ်သင့်လုပ်ထိုက်တာကို ဖွင့်ဟပြောဆိုမှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကိုလည်းအလွန်အမင်း စိုးရိမ်ထိတ်လန့်မိတယ်လို့ သူတို့က ပြောပါတယ်။
ဘုရင်စနစ်ကို အကာအကွယ်ပေးထားတဲ့ ဥပဒေတွေက ဘာတွေလဲ
ထိုင်းနိုင်ငံရဲ့ မျက်မှောက်ခေတ်ကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ ၁၉ ခုတိုင်းရဲ့ ထိပ်ဆုံးမှာ "ထိုင်းဘုရင်မင်းမြတ်ကို လေးစားကြည်ညိုစွာ နန်းတင်မြှောက်ဖို့နဲ့ ဘုရင်မင်းမြတ်အပေါ် စွပ်စွဲမှု၊အရေးယူဆောင်ရွက်မှုတွေကို ဘယ်သူတစ်ဦးတစ်ယောက်ကမှ လူသိရှင်ကြား ဖော်ထုတ်ခွင့်မရှိ" လို့အတိအလင်း ဖော်ပြထားပါတယ်။
ဒီသတ်မှတ်ပြဋ္ဌာန်းမှုတွေကို "lese-majeste law" လို့ သိကြတဲ့ ထိုင်းဘုရင်စနစ်ကို ဝေဖန်ထောက်ပြတာမျိုး မရအောင် အကာအကွယ်ပေးထားတဲ့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၁၂ နဲ့ ထောက်ပံ့ပေးထားတယ်။
ဒီဥပဒေအရ ထိုင်းတော်ဝင်မိသားစုကို ဝေဖန်တဲ့သူတိုင်း လျှို့ဝှက်စွာ တရားရုံးတင် စစ်ဆေးခံရပြီး နှစ်ရှည် ထောင်ဒဏ် ကျခံရနိုင်ပါတယ်။
ဘုရင်စနစ်ကို စော်ကားပြောဆိုမှုဟာ ဘာကို ဆိုလိုသလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။ ဒါပေမဲ့ ပြုပြင်ပြောင်းလဲဖို့၊ အပြောင်းအလဲတွေ လုပ်ဖို့ တောင်းဆိုကြတဲ့ အတိုက်အခံတွေနဲ့လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိန်းချုပ်ဟန့်တားဖို့အတွက် ဒီဥပဒေတွေကို နိုင်ငံရေးလက်နက်သဖွယ် မကြာခဏ အသုံးပြုကြတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ထောက်ပြကြပါတယ်။
၂၀၁၄ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နှစ်တွေမှာ ဒီဥပဒေကို အတော်လေး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြပါတယ်။
ဒါပေမဲ့ ထိုင်းဘုရင်မင်းမြတ် ဝချီရာလောင်ကွန်းက ဒီဥပဒေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုချင်တော့ဘူးလို့ လူထုကို အတိအလင်း ကြေညာခဲ့ပြီးနောက်ပိုင်း ဒီဥပဒေကို အသုံးပြုမှု နည်းလာခဲ့ပါတယ်။
ဒါပေမဲ့ အစိုးရနဲ့ သဘောထား ကွဲလွဲသူတွေကို နိုင်ငံတော် အကြည်ညိုပျက်စေမှု အပါအဝင် တခြား ဥပဒေလမ်းကြောင်းတွေကို အာဏာပိုင်တွေက အသုံးပြုခဲ့ကြတယ်လို့ နိုင်ငံရေး အကဲခတ်တွေက သုံးသပ်ပြောဆိုနေကြပါတယ်။








