ပင်လယ်ရေညှိကို စားစရာအတွက်သာမက ဘယ်လိုလုပ်ငန်းတွေမှာ အသုံးတွင်လာသလဲ

ဓာတ်ပုံ ရင်းမြစ်, ADRIENNE MURRAY
ပင်လယ်ရေညှိဟာ ပွားများမှုနှုန်း မြန်ဆန်တဲ့ ပင်လယ်ရေမှော်တစ်မျိုးဖြစ်ပြီး နေရောင်ခြည်နဲ့တကွ ပင်လယ်ရေထဲက သူ့အတွက် အာဟာရဖြစ်စေတဲ့ ဓာတ်တွေနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်တွေကို စုပ်ယူ ကြီးထွားတတ်တဲ့ ရေမှော်လည်း ဖြစ်ပါတယ်။
ဒီလို ပင်လယ်ရေညှိရဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်တွေကို စုပ်ယူတဲ့ အစွမ်းသတ္တိကြောင့် ကမ္ဘာ့ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုနဲ့ ကမ္ဘာပေါ်မှာ ကာဗွန်ထုတ်လွှင့်မှုများနေတာကို ပင်လယ်ရေညှိက တိုက်ဖျက်ပေးနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောဆိုထားကြပါတယ်။
ပင်လယ်ရေညှိဟာ ရေနက်ပိုင်းလည်းဖြစ်၊ အပင်အတွက် အာဟာရ ဖြစ်စေတဲ့ ဓာတ်တွေလည်း ကြွယ်ဝပြီး အပူချိန် ၆ ဒီဂရီနဲ့ ၁၁ ဒီဂရီ စင်တီဂရိတ်အကြား ပုံမှန်ရှိတဲ့ ရေပြင်တွေမှာ ကောင်းကောင်း ဖြစ်ထွန်းနိုင်တယ်လို့ မစ္စတာ အိုလဗာ ဂရီဂါဆင်က ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ADRIENNE MURRAY
စီးပွားဖြစ် ပင်လယ်ရေညှိ စိုက်တဲ့ ပုံစံ
မစ္စတာ ဂရီဂါဆင်ဟာ ပင်လယ်ရေညှိထုတ်လုပ်တဲ့ Ocean Rainforest ကုမ္ပဏီရဲ့ ကြီးကြပ်ရေး ဒါရိုက်တာတစ်ဦးဖြစ်ပြီး သူ့ရဲ့ ကုမ္ပဏီဟာ ဒိန်းမတ်နိုင်ငံ ပိုင်နက်အတွင်းမှာရှိတဲ့ မြောက်အတ္တလန္တိတ် သမုဒ္ဒရာကမ်းခြေတစ်ဝိုက်မှာ ပင်လယ်ရေညှိတွေ ထုတ်လုပ်နေတာလည်း ဖြစ်ပါတယ်။
ရေပေါ် ပေါ်တဲ့ ဗော်ယာတွေ တစ်ခုနဲ့တစ်ခုကို ရေပြင်ညီမျဉ်းအတိုင်း လိုင်းတွေ ချိတ်ဆက်ပြီး အဲဒီ လိုင်းတွေပေါ်မှာ ရေအောက်ကို ကြိုးတွေချကာ ပင်လယ်ရေညှိတွေကို ပွားများစေတဲ့နည်း နဲ့ ဒီကုမ္ပဏီက ပင်လယ်ရေညှိတွေ ထုတ်လုပ်နေတာ ဖြစ်ပါတယ်။
အဲဒီလိုင်းတွေကို အလျား တစ်မီတာတိုင်းမှာ အောက်ကို သွားတဲ့တစ်လိုင်းထားရှိ ထုတ်လုပ်နေရာမှာ ဒီကုမ္ပဏီရဲ့ လုပ်ကွက်အတွင်းမှာရှိတဲ့ ပင်လယ်ရေညှိ တွယ်ကပ်တဲ့ ရေအောက်ကြိုးစုစုပေါင်း အလျားက မီတာ ငါးသောင်း (ပေ တသိန်းခွဲကျော်) အထိ ရှိတယ်လို့ ဆိုပါတယ်။
အဲဒီအထဲက အဓိက ကြိုးလိုင်းကို ပင်လယ်လှိုင်းတွေ ရိုက်ခတ်ခံရမှု နည်းအောင် ရေအောက် ၁၀ မီတာ အနက်မှာ ထားရှိတယ်လို့ မစ္စတာ ဂရီဂါဆင်က ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ADRIENNE MURRAY
လတ်တလောအတွင်းမှာ အစားအစာလုပ်ငန်းအပါအဝင် တခြားလုပ်ငန်းတွေဆီကပါ ပင်လယ်ရေညှိ ဝယ်လိုအား တက်လာတဲ့အတွက် ဥရောပနဲ့ မြောက်အမေရိကဘက်တွေမှာ အလျှိုအလျှိုပေါ်လာကြတဲ့ ပင်လယ်ရေညှိ ထုတ်လုပ်ရေး ကုမ္ပဏီတွေထဲမှာ မစ္စတာ ဂရီဂါဆင်ရဲ့ ကုမ္ပဏီက တစ်ခု ဖြစ်ပါတယ်။
မစ္စတာ ဂရီဂါဆင်ရဲ့ Ocean Rainforest ကုမ္ပဏီဆိုရင် အမေရိကန်နိုင်ငံ ကယ်လဖိုးနီးယားပြည်နယ်မှာ အလားတူ ပင်လယ်ရေညှိထုတ်တဲ့ လုပ်ကွက်ဖော်ဖို့ အမေရိကန် စွမ်းအင်ဝန်ကြီးဌာနဆီက ရန်ပုံငွေရရှိထားပြီး အနာဂတ် ဇီဝအခြေပြု စွမ်းအင်ထုတ်လုပ်ဖို့အတွက် ပင်လယ်ရေညှိတွေ အလုံးအရင်း ထုတ်လုပ်ဖို့ ရည်ရွယ်ရင်းရှိတယ်လို့ ဆိုပါတယ်။
ဒီကုမ္ပဏီဟာ သူတို့ လုပ်ကွက်ထဲက ရေညှိများများတက်လာတဲ့ ရေအောက်ကြိုးတွေကို စက်လက်တံပါတဲ့ သင်္ဘောနဲ့ ဆွဲငင် ဆယ်ယူရပြီး အဲဒီကြိုးတွေကို ရေအောက်ထဲ ပြန်ချခြင်းအားဖြင့် ရေညှိထုတ်လုပ်နေရာမှာ လက်ရှိ ၂၀၂၀ အတွင်း တန်ချိန် ၂၀ဝ အထိ ထုတ်လုပ်နိုင်မယ်လို့ ဆိုပါတယ်။
လက်ရှိ လုပ်ကာစ ကာလမှာ အမြတ်များများမရသေးပေမဲ့ လက်ရှိထုတ်နေတာထက် ဒီနှစ်ထဲမှာပဲ နှစ်ဆတိုး ထုတ်လုပ်ဖို့ ရည်မှန်းထားပြီး မကြာခင် အမြတ်များများ ထွက်လာတော့မယ်လို့ မျှော်လင့်ကြောင်း မစ္စတာ ဂရီဂါဆင်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ADRIENNE MURRAY
ပင်လယ်ရေညှိကို ဘယ်လိုလုပ်ငန်းတွေမှာ သုံးနေသလဲ
ပင်လယ်ထဲက ဆယ်ယူလာတဲ့ အဲဒီရေညှိတွေကို လျင်လျင်မြန်မြန် ဆေးကြောသုတ်သင် ပြင်ဆင်ဖို့လိုပြီး တချို့လုပ်ငန်းတွေအတွက် အခြောက်ခံပေးရပါတယ်။
ပင်လယ်ရေညှိကို အစားအစာအဖြစ် အဓိက အသုံးပြုကြရာမှာ တချို့ကို အချဥ်ဖောက်ပြီး မွေးမြူရေး တိရစ္ဆာန်အစာအတွက်လည်း အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။
ပင်လယ်ရေညှိကနေ အဆီအနှစ်ထုတ်ယူပြီး ဒါကို သွားတိုက်ဆေး၊ အလှကုန်၊ ဆေးဝါးတွေမှာ အသုံးပြုနိုင်သလို အိမ်မွေး တိရစ္တာန် ခွေး၊ ကြောင် အစရှိတဲ့ သတ္တဝါတွေ အတွက် အစားအစာတွေကို ချွဲကပ်စေတဲ့ ဓာတ်သတ္တိထည့်ဖို့အတွက် ပင်လယ်ရေညှိကရတဲ့ ဟိုက်ဒရိုကော်လွိုက်ဓါတ်ကို အသုံးပြုကြပါတယ်။
လက်ရှိကာလမှာတော့ ပင်လယ်ရေညှိကို ပိုမိုချဲ့ထွင် အသုံးပြုလာကြပြီး အဝတ်အထည်လုပ်ငန်းသာမက သဘာဝအတိုင်း လျင်လျင်မြန်မြန် ဆွေးမြေ့နိုင်တဲ့ ပလတ်စတစ်အစားထိုး ထုပ်ပိုးရေးပစ္စည်းလုပ်ငန်းတွေနဲ့ အဖျော်ယမကာသောက်တဲ့ ပိုက်ထုတ်တဲ့ လုပ်ငန်းတွေမှာပါ သုံးလာကြပါတယ်။
ဒါပေမဲ့ ဒီလို ပင်လယ်ရေညှိ ထုတ်လုပ်မှုကို လောလောဆယ်မှာ အာရှဒေသမှာပဲအများစု လုပ်ကြပြီး ဒီလုပ်ငန်း စတင် ထူထောင်လာစဉ်ကအတိုင်း လူ့လုပ်အားကို အဓိကထားပြီး အသုံးပြု ကမ္ဘာတဝန်း ထုတ်လုပ်နေဆဲ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, HARALD BJORGVIN
စက်မှုအခြေပြု မတွင်ကျယ်သေးတဲ့ ပင်လယ်ရေညှိ ထုတ်လုပ်မှု
ပင်လယ်ရေညှိကို ဥရောပဘက်မှာ ထုတ်လုပ်ရာမှာ အာရှနဲ့ ယှဉ်ရင် အကုန်အကျများတဲ့ လူ့လုပ်အားတွေကို အသုံးပြုမှုများတဲ့အတွက် ဒီလုပ်ငန်းမှာ လူ့လုပ်အား နည်းနည်းနဲ့ အလုံးအရင်း ထုတ်လုပ်နိုင်ဖို့အတွက် စက်ကိရိယာတွေ ဖန်တီးပြီး တိုးမြှင့် အသုံးပြုဖို့ လိုအပ်နေတယ်လို့ ဒိန်းမတ်နိုင်ငံ အောဟု တက္ကသိုလ်က အကြီးတန်း သိပ္ပံပညာရှင် အနက်ဘွန်းက ပြောပါတယ်။
ဒါပေမ ပင်လယ်ရေညှိပွားတဲ့ ပင်လယ်ပြင် အနေအထားအမျိုးမျိုးမှာ စက်ပစ္စည်းစနစ် တစ်မျိုးတည်းကို အသုံးပြုလို့မရဘဲ ဖြစ်နေတာက အဓိက အခက်အခဲဖြစ်နေတယ်လို့လည်း သူက ပြောပါတယ်။
ပင်လယ်ရေညှိ ထုတ်လုပ်တဲ့ လုပ်ငန်းစဉ်မှာ အခြားနည်းလမ်းသစ်တွေ ရှာဖွေ အသုံးပြုမှုတော့ ရှိနေပြီး အဲဒီအထဲမှာ ဆင်းတက်ဖ်ဆိုတဲ့ နော်ဝေး သိပ္ပံနည်းကျ သုတေသန အုပ်စုတစ်ခုလည်း အပါအဝင် ဖြစ်ပါတယ်။
အဲဒီ ကုမ္ပဏီဟာ ပင်လယ်ရေညှိ လှည့်စိုက်စက် လို့ခေါ်တဲ့ စက်ကို တီထွင်ထားပြီး ဒီစက်ဟာ ပင်လယ်ရေအောက်မှာ ရေညှိစိုက်တဲ့ လိုင်းတွေကို ပင်လယ်ထဲ မချခင် မျိုးစေ့တွေကို လိုင်းတွေပေါ် ထည့်ပေးနိုင်တယ်လို့ ဆိုပါတယ်။
ဒီကုမ္ပဏီက နောက်ထပ် စမ်းသပ်နေတဲ့ စနစ်တစ်ခုကတော့ SPoke လို့ခေါ်ပြီး ပင်လယ်ထဲမှာ ရေညှိကပ်ဖို့ ချထားတဲ့ လိုင်းတွေကို ဆယ်ယူစရာနဲ့ ပြန်ချစရာ မလိုဘဲ စက်ရုပ်နဲ့ တစ်လိုင်းပြီးတစ်လိုင်း စိုက်ပျိုးရေးနဲ့ ရိတ်သိမ်းရေးပါ လုပ်နိုင်မယ့် စနစ်ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ALGAPLUS
ကုန်းပေါ်မှာလည်း ထုတ်လုပ်နိုင်တဲ့ ပင်လယ်ရေညှိ
ပေါ်တူဂီမြောက်ပိုင်းမှာရှိတဲ့ AlgaPlus ဆိုတဲ့ ကုမ္ပဏီကတော့ ကုန်းပေါ်မှာပဲ ပင်လယ်ရေညှိကို ပင်လယ်ရေကန်နဲ့ ရေလှောင်တိုင်ကီတွေ အသုံးပြု စိုက်ပျိုးနေပြီး ဒီရေလှောင်ကန်တွေကို အပူချိန်လိုသလို ညှိလို့ရတဲ့အတွက် တစ်နှစ်လုံး ရာသီမရွေး ထုတ်လုပ်နိုင်သွားတယ်လို့ ဒီကုမ္ပဏီရဲ့ ကြီးကြပ်ရေး ဒါရိုက်တာ ဟယ်လန်နာ အာဘရူက ဆိုပါတယ်။
ကုန်းတွင်းပိုင်း ပင်လယ်ရေညှိ စိုက်ပျိုးရာမှာ အဓိက စိန်ခေါ်မှုကတော့ စွမ်းအင်လိုအပ်ချက်ဖြစ်ပြီး ကန်တွေထဲမှာ ရေတွေ စီးဆင်း လှည့်ပတ်နေအောင်နဲ့ အပူချိန်ထိန်းညှိအောင် လုပ်ရတဲ့ အပိုင်းတွေက စွမ်းအင် လိုအပ်ချက် များတယ်လို့ ဆိုပါတယ်။
AlgaPlus ကုမ္ပဏီဟာ တန်ဖိုးမြင့် ပင်လယ်ရေညှိ အငယ်စားတွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်ပြီး အစားအစာ ကုမ္ပဏီတွေ၊ အလှကုန် လုပ်ငန်းတွေနဲ့ နာမည်ကျော် စားသောက်ဆိုင်ကြီးတွေကို တင်သွင်းတယ်လို့ ဆိုပါတယ်။
ဒီကုမ္ပဏီဟာ ပင်လယ်ရေတွေ ဝင်နေတဲ့ ပင်လယ်ကမ်းခြေနားက ရေကန်တွေထဲက ပင်လယ်ရေတွေကို စုပ်ယူ စစ်ထုတ်ပြီး ပင်လယ်ရေညှိမွေးတဲ့ ကန်တွေထဲကို ပြန်ထည့်ပြီး ရေညှိတွေ ပွားများစေရာမှာ ပင်လယ်ရေညှိ အပင်ပေါက်တွေ မွေးဖို့အတွက်လည်း သီးသန့်နေရာ ထားရှိတယ်လို့ မစ္စ အာဘရူက ပြောပါတယ်။
အခုလို ကုန်းပေါ်မှာ ပင်လယ်ရေညှိထုတ်လုပ်ရာမှာသုံးတဲ့ ပင်လယ်ရေတွေကို ငါးမွေးထားတဲ့ ကန်တွေထဲကနေမှ ပြန်လည် စုပ်ယူတာဖြစ်ပြီး နိုက်ထရိုဂျင်ဓာတ်လည်း ကြွယ်ဝတဲ့ ပင်လယ်ရေ ဖြစ်တဲ့အတွက် ဓာတ်မြေသြဇာတွေ၊ တခြား အပင်အားတိုးဆေးတွေ သုံးဖို့လည်း မလိုဘူးလို့ သူက ဆက်ပြောပါတယ်။
ဒီလို ကုန်းပေါ်မှာ ထုတ်လုပ်ရာမှာ အဓိက အတားအဆီးဖြစ်တဲ့ မြေနေရာလိုအပ်ချက်အတွက် စိုးရိမ်စရာမလိုဘဲ ယခင် ငါးကန်ဟောင်းတွေနဲ့ ဆားလုပ်ကွက်နေရာတွေကို ပြန်လည် အသုံးချနိုင်ပြီး ပေါ်တူဂီမှာသာမက ပြင်သစ်၊ အီတလီ၊ ဂရိနဲ့ တူရကီနိုင်ငံတွေမှာ ဟက်တာနဲ့ချီတဲ့ အဲဒီ လုပ်ကွက်ဟောင်းတွေ ရှိနေတယ်လို့ ဆိုပါတယ်။
အခုလို ကုန်းတွင်းပိုင်းမှာ ပင်လယ်ရေညှိ ထုတ်လုပ်မှုကို ကနေဒါနိုင်ငံနဲ့ တောင်အာဖရိကတို့မှာလည်း ပြုလုပ်နေပြီး ယေဘုယျအားဖြင့် အလွန်သေးငယ်တဲ့ ပင်လယ်ရေညှိဆိုရင် တိုင်ကီတွေထဲမှာ ထည့်သွင်း ပွားများစေနိုင်ပါတယ်။
ပင်လယ်ရေညှိ ထုတ်လုပ်တဲ့ လုပ်ငန်းဟာ ၂၀ဝ၅ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်အကြားမှာ နှစ်ဆ တိုးလာခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ အစားအစာနဲ့ စိုက်ပျိုးရေးဆိုင်ရာ အဖွဲ့က အစီအရင်ခံစာ ထုတ်ပြန်ထားပါတယ်။
ကမ္ဘာတဝန်းမှာ ပင်လယ်ရေညှိ တန်ချိန် သန်း ၃၀ ကျော်ကို နှစ်စဉ် ထုတ်လုပ်နေရာမှာ ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၆၀ဝ၀ ရှိနေပြီး ကမ္ဘာ့ ကာဗွန်ထုတ်လွှင့်မှုကို စုပ်ယူနိုင်တဲ့ အပြင် စွမ်းအင်အဖြစ်ပါ အသုံးပြုနိုင်ပြန်တဲ့အတွက် ဒီလုပ်ငန်းက ဆက်လက် ကြီးထွားနေမယ့် အလားအလာတွေ ရှိနေပါတယ်။










