ကမ္ဘာ့လူဦးရေ သန်း ၇၀ဝ၀ အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး ဘယ်လိုပေးကြမလဲ

ဓာတ်ပုံ ရင်းမြစ်, PA Media
ကိုဗစ်-၁၉ ရောဂါပိုးကို ထိထိရောက်ရောက် ကာကွယ်နိုင်တဲ့ ကာကွယ်ဆေးထုတ်ဖို့အတွက် ကမ္ဘာတဝန်းမှာ သိပ္ပံပညာရှင် အစုအဖွဲ့အသီးသီးက ဆက်လက် ကြိုးစားနေကြဆဲ ဖြစ်ပါတယ်။
ကိုဗစ်-၁၉ အတွက် ကာကွယ်ဆေး ရှာဖွေတွေ့ရှိရေးဟာ လက်ရှိ သက်တမ်းမှာ လူသားအားလုံးအတွက် အရေးတကြီး အဖြစ်ဆုံး တောင့်တနေကြတဲ့ အရာ ဖြစ်တယ်လို့ ယူကေ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က ပြောပါတယ်။
ဒီလို တောင့်တနေကြတဲ့ ကာကွယ်ဆေးရှာရာမှာ အဆင့်မြင့် နည်းပညာသုံးတဲ့ သိပ္ပံပညာသာမက ဒါကို ကမ္ဘာ့ လူဦးရေ သန်း ၇၀ဝ၀ ကျော်ဆီ အရောက်ဖြန့်နိုင်ဖို့ကလည်း အရေးကြီးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, VMIC
ယူကေနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထုတ်လုပ် ဖြန့်ချိဖို့ ဘယ်လို ပြင်ဆင်နေသလဲ
ယူကေနိုင်ငံမှာ ဒီလို ကာကွယ်ဆေး ရှာဖွေပြီး ဖြန့်ဖြူးဖို့ လုပ်နေကြတဲ့ ဗဟိုချက်ကတော့ အောက်စဖို့ရှိုင်းယားနယ်က ယူကေတော်ဝင်လေတပ် စခန်းဟောင်းတစ်ခုဖြစ်တဲ့ ဟာဝဲ သိပ္ပံစခန်း ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ရောဂါပိုး အခြေအနေကြောင့် အဲဒီ သိပ္ပံစခန်းကို ယူကေနိုင်ငံရဲ့ ကာကွယ်ဆေးများ တီထွင်ရှာဖွေရေးနဲ့ ထုတ်လုပ်ရေးဆိုင်ရာ ဌာန (VMIC) အဖြစ် ပြောင်းလဲမှာ ဖြစ်ပါတယ်။
ဒီလို အသွင်းပြောင်းမှုကို ၂၀၂၂မှာ အပြီးသတ်ဖို့ သတ်မှတ်ထားပေမယ့် ဒီလုပ်ငန်းစဉ်ကို ထက်ဝက်လောက် ချုံ့ပစ်နိုင်ခဲ့တဲ့အတွက် ၂၀၂၁ မှာ ကာကွယ်ဆေး စထုတ်နိုင်မယ်လို့ မျှော်မှန်းထားကြောင်း ဒီ VMIC ရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်သူ မက်သရူး ဒူကာစ် က ပြောပါတယ်။
အဲဒီ VMIC ဌာနဟာ အောက်စဖို့ဒ်တက္ကသိုလ်က စမ်းသပ်နေတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ထုတ်လုပ်တဲ့နေရာ ဖြစ်လာနိုင်တာကို သိတဲ့ မစ္စတာ ဒူကာစ်အနေနဲ့ နွေရာသီ အားလပ်ခွင့်မယူနိုင်သေးဘဲ ဆက်ပြီး အလုပ်လုပ်နေရပါတယ်။
မစ္စတာ ဒူကာစ်ဟာ အောက်စဖို့ဒ်မြို့မှာ အခုလို ကာကွယ်ဆေးထုတ်ဖို့ ကြိုးစားနေကြတဲ့ ဂျန်နာ အဖွဲ့အစည်းနဲ့လည်း တောက်လျှောက် အဆက်အသွယ် ရှိနေသူ တစ်ဦး ဖြစ်ပါတယ်။
အောက်စဖို့တက္ကသိုလ် အနေနဲ့ကတော့ ကာကွယ်ဆေးစထုတ်ဖို့အတွက် လိုအပ်တဲ့ ယာယီဓာတ်ခွဲခန်း နေရာတွေ ရရှိထားပြီး လက်ရှိ နိုင်ငံတကာမှာ သူတို့ရဲ့ ကာကွယ်ဆေး စမ်းသပ်မှုတွေ အဖြေမထွက်ခင်မှာ အခုလို ရရှိထားတာ ဖြစ်ပါတယ်။
အခုလို ကာကွယ်ဆေး ထုတ်လုပ် ဖြန့်ချိနိုင်ဖို့ဟာ ယူကေ တစ်နိုင်ငံအတွက်သာမကပဲ တစ်ကမ္ဘာလုံးအတွက် အလွန်အရေးကြီးပြီး လျင်လျင်မြန်မြန် ထိထိရောက်ရောက် ထုတ်လုပ်နိုင်ဖို့ အရေးကြီးပါတယ်လို့ သူက ဆိုပါတယ်။
“ဘာနဲ့တူသလဲဆိုတော့ ကိုယ့်အိမ်မှာ အိမ်တွင်းဖြစ် ကိတ်မုန့် ဖုတ်သလိုပါပဲ။ အကောင်းဆုံးဖြစ်အောင် ကြိုးစားထားတဲ့ ကိတ်မုန့်ဖုတ်ဖြစ်ဖို့ နာရီပေါင်းများစွာ အချိန်ယူ ပြင်ဆင်ရပြီး အခုဟာက ယူကေ တစ်နိုင်ငံလုံးအတွက် ကိတ်မုန့် သန်း ၇၀ ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားဖုတ်ရမှာ ဆိုတော့ တကယ့်ကို စိန်ခေါ်မှု တစ်ခုပါပဲ” လို့ မစ္စတာ ဒူကာစ်က ပြောပါတယ်။

ဘယ်လို နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုလုပ်ဖို့ လိုနေသလဲ
တစ်ကမ္ဘာလုံးက လူသားတွေ အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး အမျိုးမျိုးကို သန်းထောင်နဲ့ချီပြီး လိုအပ်မှာဖြစ်ပြီး ဒီဆေးတွေကို ကမ္ဘာအနှံ့ ဖြန့်ကြက်ပြီး ထုတ်လုပ်၊ ဖြန့်ဖြူး၊ ကြီးကြပ်ဖို့လည်း လိုအပ်မှာ ဖြစ်ပါတယ်။
နိုင်ငံတကာ ကာကွယ်ဆေးဆိုင်ရာ မဟာမိတ်အဖွဲ့ Gavi ကလည်း ကာကွယ်ဆေး ထုတ်ဖို့သာမက လိုအပ်တဲ့နေရာတွေကို အရောက်ပို့ပြီး ထိထိရောက်ရောက် ဆေးပေးနိုင်ဖို့ ကိစ္စကိုလည်း နိုင်ငံ အသီးသီးက စတင် စဉ်းစား ပြင်ဆင် ထားဖို့ တိုက်တွန်းခဲ့ပါတယ်။
ဒါပေမဲ့ တကယ်တမ်း လက်တွေ့မှာတော့ ကာကွယ်ဆေးဆိုင်ရာ ကိစ္စတွေမှာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ဖို့ မလွယ်ကူဘဲ ဖြစ်နေပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ဆေးကုမ္ပဏီတွေဘက်က ထိရောက်တဲ့ ကာကွယ်ဆေး တွေ့တာ သေချာပြီဆိုရင် အရယူထားနိုင်ဖို့အတွက် ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေက ဆေးကုမ္ပဏီ အသီးသီးနဲ့ သီးသန့် နှစ်ဦးသဘောတူ စာချုပ်တွေ ချုပ်ဆိုထားပြီးကြလို့ ဖြစ်ပါတယ်။
Gavi ရဲ့ အမှုဆောင် အရာရှိချုပ် ဆက်သ် ဘာကလေရဲ့ အပြောအရဆိုရင် သူတို့ အဓိက ကြုံနေရတဲ့ အတားအဆီးတစ်ခုကတော့ ကာကွယ်ဆေး အမျိုးသားရေးဝါဒ ဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံအသီးသီး အနေနဲ့ ကမ္ဘာ့အမြင်နဲ့ လက်ရှိအခြေအနေကို စဥ်းစားဖို့လိုပြီး ပူးပေါင်း လုပ်ဆောင်မှုက မှန်ကန်တဲ့ ချဉ်းကပ်ပုံ ဖြစ်ရုံသာမက အားလုံးအတွက် အတူတကွ အကျိုးရှိမယ့် ချဉ်းကပ်ပုံ ဖြစ်တာကြောင့်လို့ မစ္စတာ ဘာကလေက ဆိုပါတယ်။
“နိုင်ငံတစ်နိုင်ငံရဲ့ ပတ်ပတ်လည်မှာရှိတဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံ့မှု များနေတယ်ဆိုရင် အဲဒီ နိုင်ငံက ဒီ အိမ်နီးချင်းနိုင်ငံတွေနဲ့ ပုံမှန် ကုန်သွယ်ရေး ဆက်ဆံမှုနဲ့ လူတွေ ကူးသန်းသွားလာမှုတွေ လုပ်လို့ ရတော့မှာ မဟုတ်ပါဘူး။“
“အဲဒီတော့ အားလုံး စိတ်ချ လက်ချ မဖြစ်သေးသရွေ့ တစ်ဦးတစ်ယောက် တစ်နိုင်ငံက စိတ်ချလက်ချ နေဖို့ မဖြစ်နိုင်ဘူးဆိုတာကို အားလုံး သတိထားဖို့ လိုပါတယ်” လို့လည်း မစ္စတာ ဘာကလေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဘယ်လို ကာကွယ်ဆေး ဖြန့်ချိရေး အခက်အခဲတွေ ရှိနိုင်သလဲ
ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ထိရောက်တဲ့ ကာကွယ်ဆေးရဖို့ အရေးကြီးရုံသာမက ကာကွယ်ဆေး ဖြန့်ချိရာမှာ အခြေခံ လိုအပ်ချက်တစ်ခုဖြစ်တဲ့ ဆေးထည့်တဲ့ ဖန်ပြွန် အရေအတွက် ကမ္ဘာတဝန်းမှာ လောက်လောက်ငင ရှိမရှိ ဆိုတဲ့ အခြေအနေကိုလည်း ထည့်သွင်း စဉ်းစားဖို့ လိုတယ်လို့ မစ္စတာ ဘာကလေ ဆိုပါတယ်။
လက်တွေ့မှာလည်း ဆေးဘက်ဆိုင်ရာ ဖန်သား ထုတ်လုပ်ရေးအပိုင်းမှာ မလောက်မင ဖြစ်လာနိုင်တဲ့ အလားအလာတွေ ရှိတယ်ဆိုတဲ့ သတင်းဖော်ပြမှုတွေ ရှိနေပါတယ်။
မစ္စတာ ဘာကလေ က ဒီလို ဖြစ်လာမှာကို အမှန်တကယ် စိုးရိမ်ခဲ့တဲ့အတွက် ကာကွယ်ဆေး သန်းနှစ်ထောင်အတွက် လုံလောက်တဲ့ ဖန်ပြွန်တွေ ဝယ်ယူထားပြီး ဖြစ်ပြီး အဲဒီလောက် အရေအတွက်ရှိတဲ့ ကာကွယ်ဆေးတွေ ၂၀၂၁ ခုနှစ်မှာ အသင့်ဖြစ်မယ်လို့ မျှော်လင့်နေပါတယ်။
ဆေးထည့်ဖို့ ဖန်ပြွန်တွေ အလုံအလောက်ရှိဖို့ အရေးကြီးတယ်ဆိုရင် ကာကွယ်ဆေးအများစု ဟာ အပူချိန်နည်းနည်းနဲ့ ထားရတာဆိုတဲ့အတွက် ဒါတွေထားဖို့ အအေးခန်း အလုံအလောက်ရှိဖို့ကလည်း အရေးကြီးမှာ ဖြစ်ပါတယ်။
ယူကေနိုင်ငံ ဘာမင်ဂမ် တက္ကသိုလ်က ပါမောက္ခတစ်ဦးဖြစ်ပြီး အအေးခန်းသုံး သယ်ယူပို့ဆောင်ရေး အပိုင်းမှာ ကျွမ်းကျင်သူ တစ်ဦးလည်းဖြစ်တဲ့ မစ္စတာ တိုဘီ ပီတာစ် ဟာ Gaviလို ကာကွယ်ဆေးဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းတွေကို အကြံပေးနေသူ ဖြစ်ပြီး ဖွံ့ဖြိုးဆဲ နိုင်ငံတွေက ရှိပြီးသား အအေးခန်းစနစ်တွေကို ကာကွယ်ဆေး ပို့ဆောင်တဲ့ အပိုင်းမှာ ဘယ်လို အပြည့်အဝ သုံးနိုင်မလဲ ဆိုတဲ့ ကိစ္စအပေါ် အကူအညီ ပေးနေသူလည်း ဖြစ်ပါတယ်။
သူ့ရဲ့ အဆိုအရဆိုရင် ကာကွယ်ဆေး ထည့်တဲ့ ရေခဲသေတ္တာ အလုံအလောက်ရှိဖို့သာ အရေးကြီးတာ မဟုတ်ဘဲ ဒီဆေးတွေကို လေယာဉ်ပေါ်တင်ရာမှာ ဆေးမပျက်စီးစေဖို့ စိတ်ချရတဲ့ အောက်ခံ ကုန်တင်ခုံတွေ၊ ဆေးဆိုင်တွေကို ပို့ဖို့ အအေးခန်းစနစ်ပါတဲ့ ကားတွေနဲ့တကွ၊ ဒေသခံတွေဆီ အရောက်ပို့မယ့် ဆိုင်ကယ်လို ယာဉ်တွေကို ကာကွယ်ဆေးသယ်လို့ရအောင် ဘယ်လို လုပ်မလဲ ဆိုတာတွေပါ အရေးကြီးပြီး ဒါတွေအားလုံး အချိတ်အဆက်မိမိနဲ့ လုပ်ဆောင်နိုင်ဖို့ လိုတယ်လို့ ဆိုပါတယ်။
ဒီလို ကြီးမားတဲ့ စီမံကိန်း လုပ်နိုင်ဖို့အတွက် ပါမောက္ခ ပီတာစ်က အစားအသောက် ထုတ်လုပ်တဲ့ ကုမ္ပဏီတွေမှာ ရှိတဲ့ အအေးပေး သယ်ဆောင်မှုဆိုင်ရာ ပစ္စည်းပစ္စယတွေကို ငှားရမ်းနိုင်မယ့် အလားအလာတွေကို ဒီ ကုမ္ပဏီတွေနဲ့ ဆွေးနွေးနေပါတယ်။
နိုင်ငံ အသီးသီး အနေနဲ့လည်း ဒီလို ကာကွယ်ဆေး ဖြန့်ချိဖို့ကိစ္စမှာ ပိုပြီး ထိထိရောက်ရောက် လုပ်နိုင်ဖို့အတွက် ကျန်မာရေးဝန်ထမ်း၊ ရောဂါအခံရှိသူ အစရှိသဖြင့်ဘယ်သူတွေကိုစပြီး ကာကွယ်ဆေးပေးမလဲ ဆိုတာကို အဆင့်ဆင့် သတ်မှတ်ပြီး တစ်ဆင့်ချင်း ပေးသွားသင့်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Imgaes
ဘယ်သူတွေကို ကာကွယ်ဆေး အရင်စပေးရမလဲ
ဝဲလ်ကမ်း ကျန်းမာရေးနဲ့ သိပ္ပံဆိုင်ရာ ထောက်ပံ့ရေး အဖွဲ့က ကာကွယ်ဆေးဆိုင်ရာ ဦးဆောင်သူ ဖြစ်တဲ့ ဒေါက်တာ ချာလီ ဝယ်လာ ကတော့ နိုင်ငံအသီးသီး အနေနဲ့ ဘယ်သူတွေမှာ ကာကွယ်ဆေး အလိုအပ်ဆုံး ဖြစ်မလဲ ဆိုတာကို ရိုးရိုးသားသား မေးခွန်းထုတ်ရမှာဖြစ်ပြီး ဘယ်သူတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိခိုက်နိုင်ခြေ အများဆုံး ဖြစ်မလဲ၊ ဘယ်သူတွေကို စပြီး ဦးစားပေးရမလဲ ဆိုတာ စဉ်းစားရမယ်လို့ ဆိုပါတယ်။
ဘာဖြစ်လို့လည်းဆိုတော့ ထိရောက်တဲ့ ကာကွယ်ဆေး စပြီး ထုတ်ခါစမှာ အားလုံးအတွက် မလုံလောက်နိုင်လို့ ရွေးပြီး ပေးတာမျိုးက လုပ်ကို လုပ်ရမယ့် အခြေအနေဖြစ်တယ်လို့ ဒေါက်တာ ဝယ်လာက ပြောပါတယ်။
လက်တွေ့ လူတွေကို ကာကွယ်ဆေး ထိုးပေးရာမှာ နောက်ထပ် အခက်အခဲတွေ ရှိလာနိုင်ပြီး ယူကေလို နိုင်ငံက ရွေးကောက်ပွဲမှာ သုံးတဲ့ မဲရုံနေရာတွေကို ကာကွယ်ဆေးပေးတဲ့ နေရာတွေအဖြစ် သုံးနိုင်နိုင်ပေမယ့်ကြွယ်ဝမှု မရှိတဲ့ နိုင်ငံတွေမှာ လူတွေဆီအရောက် ကာကွယ်ဆေးပေးနိုင်ဖို့အပိုင်းပါ အခက်အခဲ ရှိလာနိုင်ပါတယ်။
ဒေါက်တာ ဝယ်လာကတော့ ခိုင်မာတဲ့ ကျန်းမာရေး စနစ်ရှိဖို့က အဓိက ကျမှာဖြစ်ပြီး အဲဒီ စနစ်အောက်က ကျန်းမာရေး လုပ်သားတွေက ကာကွယ်ဆေး အရင်ဆုံး လိုအပ်နေသူတွေကို လျော်ညီတဲ့ ကျွမ်းကျင်မှုနဲ့ ကာကွယ်ဆေးပေးနိုင်မယ်လို့ ဆိုပါတယ်။
ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်မျိုးမျိုးတော့ တွေ့မှာပဲ ဆိုပြီး သိပ္ပံပညာရှင်တွေက မျှော်မှန်းထားကြပေမဲ့ ဒီလိုတွေ့လာရင် သန်းထောင်နဲ့ချီတဲ့ ကမ္ဘာ့လူဦးရေတွေကို ထိုးပေးနိုင်ဖို့ များမြောင်လှတဲ့ လိုအပ်ချက်တွေကို စဉ်းစားမိပြီး ညအိပ်မပျော်နိုင်အောင် ဖြစ်ရတယ်လို့ ဆိုကြတဲ့ သိပ္ပံပညာရှင် အများအပြား ရှိနေတာကို တွေ့ရပါတယ်။








