ဘာလို့ယူကေမှာ ဟွာဝေးကုမ္ပဏီက လုပ်ငန်းလုပ်ခွင့်တွေ ဆုံးရှုံးနိုင်တာလဲ

ရေးသားသူ - လီယွန် ကယ်လီယွန် (နည်းပညာအယ်ဒီတာ)

ယူကေရဲ့ ထောက်လှမ်းရေးဌာန တခုဖြစ်တဲ့ GCHQ ရဲ့ ဌာနခွဲ နိုင်ငံတော် ဆိုင်ဘာလုံခြုံရေး ဌာန NSCC ကလည်း ဒီကိစ္စမှာ အစိုးရကို အကြံပေးဖို့ အချက်အလက်တွေ စုဆောင်းထား
ဓာတ်ပုံ ပုံစာ, ယူကေရဲ့ ထောက်လှမ်းရေးဌာန တခုဖြစ်တဲ့ GCHQ ရဲ့ ဌာနခွဲ နိုင်ငံတော် ဆိုင်ဘာလုံခြုံရေး ဌာန NSCC ကလည်း ဒီကိစ္စမှာ အစိုးရကို အကြံပေးဖို့ အချက်အလက်တွေ စုဆောင်းထား

ယူကေအစိုးရဟာ ပြည်တွင်းမှာ ဟွာဝေး ကုမ္ပဏီရဲ့ ပဉ္စမမျိုးဆက် ဖုန်းကွန်ရက် 5G နဲ့ ဘရော့ဘန်း အင်တာနက် ဝန်ဆောင်မှုတွေ လုပ်ပိုင်ခွင့် ပေး မပေး ကိစ္စနဲ့ ပတ်သက်ပြီး မကြာခင် ဆုံးဖြတ်တော့မှာ ဖြစ်ပါတယ်။

ယူကေရဲ့ ထောက်လှမ်းရေးဌာန တခုဖြစ်တဲ့ ယူကေ ဆက်သွယ်ရေး ထိန်းချုပ်မှုဆိုင်ရာ ဌာနချုပ် GCHQ ရဲ့ ဌာနခွဲ နိုင်ငံတော် ဆိုင်ဘာလုံခြုံရေး ဌာန NSCC ကလည်း ဒီကိစ္စမှာ အစိုးရကို အကြံပေးဖို့ အချက်အလက်တွေ စုဆောင်းပြီး ဖြစ်ပါတယ်။

ယူကေရဲ့ ဒစ်ဂျစ်တယ်၊ ယဉ်ကျေးမှု၊ မီဒီယာနဲ့ အားကစာရေးရာ ဌာန DCMS ရဲ့ အရာရှိတွေကလည်း ဟွာဝေး ကုမ္ပဏီကို လုပ်ပိုင်ခွင့် ပိတ်ပင်တာ၊ ဒါမှ မဟုတ် ကန့်သတ်မှု အသစ်တွေ ချမှတ်တာတွေရဲ့ ဘဏ္ဍာရေး အကျိုးဆက်တွေကို ချိန်ဆ နေကြပါတယ်။

ယူကေအစိုးရဟာ အချိန်အကြာကြီးယူပြီး စစ်ဆေးမှုတွေလုပ်အပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ ဟွာဝေး ကုမ္ပဏီရဲ့ ယူကေမှာ လုပ်ပိုင်ခွင့်တွေကို ကြေညာ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ယူကေအစိုးရဟာ အချိန်အကြာကြီးယူပြီး စစ်ဆေးမှုတွေလုပ်အပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ ဟွာဝေး ကုမ္ပဏီရဲ့ ယူကေမှာ လုပ်ပိုင်ခွင့်တွေကို ကြေညာ

ဟွာဝေးအပေါ် ယူကေရဲ့ ယခင် ဆုံးဖြတ်ချက်

အမှန်တကယ်ဆိုရင် ဟွာဝေးနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို ယူကေအစိုးရက ချခဲ့ပြီးသားလို့တောင် ဆိုနိုင်ပါတယ်။

ယူကေအစိုးရဟာ အချိန်အကြာကြီးယူပြီး စစ်ဆေးမှုတွေလုပ်အပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ ဟွာဝေး ကုမ္ပဏီရဲ့ ယူကေမှာ လုပ်ပိုင်ခွင့်တွေကို ကြေညာထားတာ ဖြစ်ပါတယ်။

အဲဒီ ကြေညာချက်အရ ယူကေ ဆက်သွယ်ရေး ကွန်ရက်ကို လိုအပ်တဲ့ စက်ပစ္စည်းနဲ့ နည်းပညာ အထောက်အပံ့တွေကို ဟွာဝေးက ဝန်ဆောင်မှု ဆက်လုပ်ခွင့် ပေးလိုက်ပေမဲ့ ဟွာဝေးရဲ့ ဈေးကွက်ဝေစုကိုတော့ ကန့်သတ်မှု အသစ် သတ်မှတ်ထားပါတယ်။

အမေရိကန်နိုင်ငံကတော့ ဟွာဝေးဟာ တရုတ်စစ်တပ်ရဲ့ ပိုင်ဆိုင်မှု ဒါမှမဟုတ် နောက်ခံပေးမှု ရနေတဲ့ ကုမ္ပဏီ ဖြစ်တဲ့အတွက် နိုင်ငံတော် လုံခြုံရေးကို ခြိမ်းခြောက်နေတယ် ဆိုပြီး အစဉ်တစိုက် ပြောဆိုနေပါတယ်။

ဒီစွပ်စွဲမှုတွေကို ဟွာဝေးကတော့ ငြင်းဆိုထားပါတယ်။

ဟွာဝေးဟာ ယူကေနိုင်ငံ ကိန်းဘရစ်မြို့အနီးမှာ ဗြိတိသျှငွေ စတာလင်ပေါင် တစ်ဘီလီလျံ တန်ဖိုးရှိမယ့် သုတေသနဌာန ဖွင့်ခွင့်ရထား

ဓာတ်ပုံ ရင်းမြစ်, HUAWEI TECHNOLOGIES UK

ဓာတ်ပုံ ပုံစာ, ဟွာဝေးဟာ ယူကေနိုင်ငံ ကိန်းဘရစ်မြို့အနီးမှာ ဗြိတိသျှငွေ စတာလင်ပေါင် တစ်ဘီလီလျံ တန်ဖိုးရှိမယ့် သုတေသနဌာန ဖွင့်ခွင့်ရထား

ယူကေရဲ့ ဟွာဝေးအပေါ် ဆုံးဖြတ်ချက် အပြောင်းအလဲ ဖြစ်နိုင်ချေဟာ အဲဒီ နိုင်ငံတော် လုံခြုံရေးကို ခြိမ်းခြောက်လို့ ဆိုတာထက် အမေရိကန်က ဟွာဝေးအပေါ် စီးပွားရေး ပိတ်ဆို့မှု အသစ် ချမှတ်မယ်ဆိုပြီး ခြိမ်းခြောက်မှုတွေ အပေါ် မူတည်နေပါတယ်။

အဲဒီ ပိတ်ဆို့မှု အသစ်တွေကြောင့် အဓိက မဟုတ်ပေမဲ့ အရေးပါတဲ့ အချက်အလက် ဒေတာ အပြန်အလှန်ပို့တဲ့ စက်ပစ္စည်းတွေကို ဟွာဝေးက ထုတ်လုပ် ပေးသွင်းနိုင်စွမ်းကို ထိခိုက်နိုင်ပြီး ဟွာဝေးရဲ့ ဖုန်းနဲ့တကွ တခြား လူသုံးကုန် စက်ပစ္စည်း ထုတ်လုပ်မှုတွေကိုလည်း ထိခိုက်နိုင်ပါတယ်။

ဘာ့ကြောင့် ဒီလို ဖြစ်ရတာလဲ ဆိုတာ နားလည်ဖို့အတွက် သတင်းတွေမှာ ပါဝင် ဖော်ပြမှု မရှိသလောက် ဖြစ်တဲ့ နည်းပညာ အသိုင်းအဝိုင်းက အခြေအနေကို သိဖို့လိုမှာ ဖြစ်ပါတယ်။

ဟွာဝေးရဲ့ ပင်မတွက်ချက်ရေး ချစ်(ပ်) ကီရင် ၉၉၀ ကို နောက်ဆုံးပေါ် ဟွာဝေး P40 Pro ဖုန်းမှာ တပ်ဆင်ထား

ဓာတ်ပုံ ရင်းမြစ်, Alamy

ဓာတ်ပုံ ပုံစာ, ဟွာဝေးရဲ့ ပင်မတွက်ချက်ရေး ချစ်(ပ်) ကီရင် ၉၉၀ ကို နောက်ဆုံးပေါ် ဟွာဝေး P40 Pro ဖုန်းမှာ တပ်ဆင်ထား

ဆော့ဖ်ဝဲသုံး ပုံစံထုတ်ရတဲ့ ပင်မတွက်ချက်ရေး ချစ်(ပ်)

ပြီးခဲ့တဲ့နှစ်မှာ ဟွာဝေး ကုမ္ပဏီက သူတို့ ပထမဆုံး ထုတ်လုပ်လိုက်တဲ့ ပဉ္စမ မျိုးဆက် ဖုန်းကွန်ရက်အတွက် ပင်မတွက်ချက်ရေး ချစ်(ပ်) ကီရင် ၉၉၀ ကို ကြေညာချိန်မှာ အဲဒီချစ်(ပ်)သေးသေးလေးထဲမှာ ထရန်စစ်စတာ (လျှပ်စစ် အချက်အလက်တွေ ချိတ်ဆက် ပို့ပေးနိုင်တဲ့စက်) ၁၀ ဘီလီယံ အထိ ဆန့်အောင် ထည့်ထား နိုင်တယ်လို့ ဝံ့ကြွား ပြောဆိုခဲ့ပါတယ်။

ဒီလို အလွန်အသေးစိတ်တဲ့ ပစ္စည်းတွေ တကယ် ထုတ်လုပ်လို့ရသွားတယ် ဆိုတာဟာ ယခင် ဒီလို ချစ်(ပ်)တွေ ယခင်လို လူက အသေးစိတ် ပုံစံ ဆွဲပေးစရာ မလိုတော့လို့ ဖြစ်ပါတယ်။

အခုလို ချစ်(ပ်) ထုတ်တဲ့ ကုမ္ပဏီတွေဟာ အသေးစိတ် ပုံစံ ထုတ်ဖို့အတွက် အလိုအလျောက် လျှပ်စစ် ပုံစံထုတ် ဆော့ဖ်ဝဲ EDA တွေကို အသုံးပြုပြီး ထုတ်လုပ်လာကြတာကလည်း ကာလ အတော်ကြာလာပြီ ဖြစ်ပါတယ်။

လက်ရှိခေတ်မှာ ထုတ်လုပ်နေတဲ့ ချစ်(ပ်)တွေကို လူက အသေးစိတ် ပုံစံ ဆွဲဖို့ သဘောတရားအရ ဖြစ်နိုင်ပေမဲ့ အလွန်ခက်ခဲပြီး အချိန်လည်း အများကြီး ပိုကြာနိုင်တယ်လို့ အဲဒီ နည်းပညာနယ်ပယ်ကို လေ့လာသုံးသပ်သူ တဦးဖြစ်တဲ့ ဂျင်တူလီက ပြောပါတယ်။

အဲဒီ အလိုအလျောက် ပုံစံထုတ်တဲ့ ဆော့ဖ်ဝဲတွေဟာ ချစ်ပ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ နေရာချပုံကို ပုံစံ ထုတ်ပေးရုံသာမက ချစ်(ပ်)ရဲ့ လုပ်နိုင်စွမ်းရည်တွေ အတွက်ပါ ပုံစံထုတ်ပေး နိုင်တယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ဒီချစ်(ပ်) အတွင်းက ကွန်ပြူတာ မှတ်ဉာဏ် နေရာချပုံ၊ တွက်ချက်ရေး လမ်းကြောင်း၊ အချက်အလက်တွေကို ချုံ့ပေးနိုင်စွမ်းနဲ့ အချက်အလက် အသွင်းအထုတ် ဆိုင်ရာ အထူး လုပ်ငန်းတွေ အတွက်ပါ ပုံစံထုတ်ပေးနိုင်ပြီး တကယ် အလုပ်ဖြစ်မဖြစ်ကိုလည်း ကွန်ပြူတာထဲမှာ စမ်းသပ် မောင်းနှင်ပေးနိုင်တယ်လို့ ဆိုပါတယ်။

လူသားပညာရှင်တွေက အဲဒီ EDA ဆော့ဖ်ဝဲ ထဲကို သူတို့ ပုံစံထုတ်ချင်တဲ့ ချစ်(ပ်)အတွက် ကွန်ပြူတာ ကုဒ်တွေ ရိုက်ထည့်ရပြီး ဆော့ဖ်ဝဲက လက်တွေ့ ထုတ်ရမယ့် ပုံစံကို တွက်ချက် ဖော်ထုတ်ပေးတာ ဖြစ်ပါတယ်။

ဒီချစ်(ပ်)တွေကို တကယ်တမ်း စတင်ထုတ်လုပ်တဲ့ စရိတ်စက အလွန်ကြီးတဲ့အတွက် ပုံစံထုတ်ပြီး စမ်းသပ်မောင်းနှင်တဲ့ အဆင့်က အရေးကြီးတယ်လို့လည်း တူလီက ဆိုပါတယ်။

နောက်ထွက်မယ့် ပစ္စည်းတွေမှာ မျိုးဆက်သစ် ပင်မတွက်ချက်ရေး ချစ်(ပ်)တွေကို မထည့်နိုင်တော့ဘူးဆိုရင် ဟွာဝေးရဲ့ လက်ရှိ စမာ့ဖုန်း ဓါတ်ပုံနည်းပညာ တိုးတက်မှုတွေ ရှေ့ဆက်တိုးဖို့ မဖြစ်နို

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နောက်ထွက်မယ့် ပစ္စည်းတွေမှာ မျိုးဆက်သစ် ပင်မတွက်ချက်ရေး ချစ်(ပ်)တွေကို မထည့်နိုင်တော့ဘူးဆိုရင် ဟွာဝေးရဲ့ လက်ရှိ စမာ့ဖုန်း ဓါတ်ပုံနည်းပညာ တိုးတက်မှုတွေ ရှေ့ဆက်တိုးဖို့ မဖြစ်နိုင်

ဟွာဝေးအတွက် ပြဿနာကတော့ အဲဒီ EDA ဆော့ဖ်ဝဲ အဓိက ကုမ္ပဏီကြီး ၃ ခုက အမေရိကန် လွှမ်းမိုးမှု ရှိနေတဲ့ ကုမ္ပဏီတွေ ဖြစ်နေတာပါပဲ။

အမေရိကန်ရဲ့ ဟွာဝေးကို စီးပွားရေး ပိတ်ဆို့မှု ကန့်သတ်ချက် အရဆိုရင် တရုတ်ကုမ္ပဏီတွေနဲ့ တကွ ဆက်စပ် ကုမ္ပဏီတွေကို အမေရိကန် နည်းပညာ ဆော့ဖ်ဝဲ သုံးပြီး ကုန်ပစ္စည်း ထုတ်လုပ်ခွင့် မပေးတဲ့ အချက်လည်း ပါဝင်နေပါတယ်။

အဓိက EDA ကုမ္ပဏီတွေဖြစ်တဲ့ ဆင်နော့ပ်ဆစ်နဲ့ ကေးဒန့်စ် တို့ဟာ အမေရိကန် နိုင်ငံ ကယ်လဖိုးနီးယားပြည်နယ်မှာ အခြေစိုက်ပြီး ဂျာမန်ကုမ္ပဏီ ဇီးမန်းစ် က ၂၀၁၇ ခုနှစ်မှာ ဝယ်ယူလိုက်တဲ့ အမေရိကန် EDA ကုမ္ပဏီ မန်တော် ဂရတ်ဖစ်ကလည်း အမေရိကန်နိုင်ငံ အော်ရဂွန်ပြည်နယ် ဝီလ်ဆင်ဗီးလ်မြို့မှာ အခြေစိုက်ထားဆဲ ဖြစ်နေပါတယ်။

ဟွာဝေးကုမ္ပဏီက ဒီကုမ္ပဏီတွေကို အသုံးမပြုဘဲ ရှောင်ကွင်းပြီး ထုတ်လုပ်နိုင်တယ် ဆိုရင်တောင်မှ တကယ် လက်တွေ့ ထုတ်လုပ်ရေးအပိုင်းမှာ အမေရိကန်နည်းပညာသုံး ထုတ်လုပ်ရေး ပစ္စည်းတွေကို ဟွာဝေးက မသုံးနိုင်အောင် အမေရိကန်က တားမြစ်နိုင်သေးတာ ဖြစ်ပါတယ်။

ဒါ့ကြောင့်ဟွာဝေး အနေနဲ့ အသေးနိုင်ဆုံး ထုတ်လုပ်နိုင်တဲ့ ထရန်စစ်စတာ ထုတ်လုပ်ဖို့ စက်ပစ္စည်းကို အသုံးပြုခွင့် မရနိုင်တော့ဘဲ ဖြစ်သွားပြီး ဒီလို ထုတ်လုပ်ခွင့်မရရင် ဟွာဝေးထုတ် ပစ္စည်းတွေရဲ့ စွမ်းရည် အပြည့်အဝ အသုံးချနိုင်စွမ်းကိုပါ ထိခိုက်မှာ ဖြစ်ပါတယ်။

ဒီအပိုင်းမှာ ဟွာဝေးဟာ ရှန်ဟိုင်းအခြေစိုက် ချစ်(ပ်)ထုတ်လုပ်ရေး ပစ္စည်း ကုမ္ပဏီ SMIC ကို အားကိုးနိုင်တယ် ဆိုပေမဲ့ ဒီကုမ္ပဏီကလည်း အမေရိကန်ထုတ်တဲ့ စည်းကမ်းတွေကို လိုက်နာရမှာဖြစ်ပြီး မလိုက်နာရင်တော့ SMIC ရဲ့ တခြားလုပ်ငန်းတွေရဲ့ ဈေးကွက်ဝေစုကိုပါ ထိခိုက်သွားနိုင်ပါတယ်။

ယူကေက ဖုန်းကွန်ရက် ဝန်ဆောင်မှုပေးတဲ့ EE၊ Vodafone နဲ့ Three ကုမ္ပဏီတို့က ပဉ္စမမျိုးဆက် ဖုန်းကွန်ရက်အတွက် ဟွာဝေးပစ္စည်းတွေ သုံးနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ယူကေက ဖုန်းကွန်ရက် ဝန်ဆောင်မှုပေးတဲ့ EE၊ Vodafone နဲ့ Three ကုမ္ပဏီတို့က ပဉ္စမမျိုးဆက် ဖုန်းကွန်ရက်အတွက် ဟွာဝေးပစ္စည်းတွေ သုံးနေ

အသက်ဆက်ဖို့ နည်းမျိုးစုံ ကြိုးစားနေတဲ့ ဟွာဝေး

ဟွာဝေးဟာ အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှု မခံရခင်မှာ ကြိုတင်ပြီး ဒီအကျိုးဆက်တွေရဲ့ ဒဏ်ကို ခံနိုင်စေဖို့ ချစ်(ပ်)တွေကို ကြိုတင် စုပြုံထုတ်လုပ်ထားခဲ့တယ်လို့လည်း သတင်းဖော်ပြမှုတွေ ရှိခဲ့ပါတယ်။

လက်ရှိ ဇွန်လ အစောပိုင်းမှာလည်း ဖိုင်နယ်ရှယ်တိုင်း သတင်းစာရဲ့ အဆိုအရ ဟွာဝေးဟာ ဖုန်းကွန်ရက်အတွက် တာဝါတိုင်နဲ့ ဆက်စပ် ကွန်ပြူတာ ဆာဗာတွေ ထုတ်လုပ်ရာမှာ အဓိကကျဆုံး အခြေခံ ပစ္စည်းတွေ ၂ နှစ်စာ ထုတ်လုပ်နိုင်အောင် စုထားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် ကိုယ့်ပစ္စည်းကိုယ်တိုင် သီးသန့်မထုတ်လုပ်နိုင်တဲ့အပြင် အသေအချာ မပြောနိုင်သေးတဲ့ ပြင်ပ ကုမ္ပဏီတွေကို အားကိုးရမယ့် ဟွာဝေး ကုမ္ပဏီကို ယူကေဆက်သွယ်ရေး ကွန်ရက်က ပြန်အားထားရတာ အန္တရာယ်များလွန်းတယ် ဆိုပြီး ယူကေ ဝန်ကြီးတွေက ယူဆကောင်း ယူဆနိုင်ပါတယ်။

ဒီထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့်ကြည့်မယ် ဆိုရင်လည်း ဟွာဝေးဟာ သူ့ရဲ့နောက်ထွက်မယ့်ပစ္စည်းတွေမှာ နောက်မျိုးဆက်သစ် ပင်မတွက်ချက်ရေး ချစ်(ပ်)တွေကို မထည့်နိုင်တော့ဘူးဆိုရင် သူ့ရဲ့ လက်ရှိ စမာ့ဖုန်း ဓါတ်ပုံနည်းပညာ တိုးတက်မှုတွေ ရှေ့ဆက်တိုးဖို့ မဖြစ်နိုင်လောက်အောင် ဖြစ်သွားနိုင်ပါတယ်။

ဗီဒီယို ပုံစာ, ဟွာဝေးက အမေရိကန် အစိုးရကို တရားစွဲ

ဟွာဝေးကို အမေရိကန်က စီးပွားရေး ပိတ်ဆို့ကြောင်း ကြေညာချက်တွေ ထွက်လာတဲ့အချိန်မှာ ဒါဟာ ဟွာဝေး ကုမ္ပဏီရဲ့ ရပ်တည်နိုင်မှုကိုပါ ခြိမ်းခြောက်ခံရတာ ဆိုတဲ့ သဘောမျိုး ဟွာဝေးကို ဦးစီးသူတွေကို ပြောဆိုခဲ့ကြပါတယ်။

ဟွာဝေးရဲ့ အကြီးတန်း ဒါရိုက်တာ တဦးဖြစ်သူ ကောင်ပင်းကလည်း ဆက်လက် ရှင်သန်ရပ်တည်ရေး ဆိုတာက ကျွန်တော်တို့အတွက် အဓိကကျတဲ့ စကားလုံး ဖြစ်လာပြီလို့ ပြောဆိုခဲ့ပါတယ်။

အမေရိကန်က ဟွာဝေးအပေါ် အခုလို စီးပွားရေး ပိတ်ဆို့မှု စည်းကမ်းသစ်တွေကို လာမယ့် စက်တင်ဘာလမှာ စပြီး အသက်ဝင်စေဖို့ သတ်မှတ်ထားပေမဲ့ ဒီလို မလုပ်ဘဲ နေလိုက်ဖို့တော့ အချိန်ရှိပါသေးတယ်။

ဒီလို အလားတူ သာဓကတွေလည်း ရှိခဲ့ဖူးပြီး တချို့ အမေရိကန် ကုမ္ပဏီတွေကို စီးပွားရေး ပိတ်ဆို့မှု စည်းကမ်းတွေကနေ ကင်းလွတ်ခွင့် ထုတ်ပေးခဲ့ဖူးပါတယ်။

အဲဒီ အကျိုးဆက်ကို ဟွာဝေးက ခံစားရနိုင်တယ် ဆိုရင်တောင်မှ ယူကေအစိုးရဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ဟွာဝေးကို အကန့်အသတ်နဲ့ လုပ်ပိုင်ခွင့် ပေးခဲ့တဲ့အပေါ် ပြင်ဆင်ဖို့ အကြောင်းပြချက် ရှာဖွေနေပါတယ်။

အမေရိကန်နဲ့ ကုန်သွယ်ရေး သဘောတူညီမှု ယူနိုင်ဖို့နဲ့ ဟွာဝေးကို လုပ်ပိုင်ခွင့်မပေးလိုတဲ့ ပါလီမန်အတွင်းက အစိုးရရာထူး ယူမထားသူ အာဏာရ ကွန်ဆားဗတစ် ပါတီ အမတ်တွေရဲ့ ပုန်ကန်မှုကို တားဆီးဖို့ ဆိုတာတွေက ဒီလို အကြောင်းပြချက်တွေ ဖြစ်နိုင်ပြီး ယူကေအစိုးရအတွက် တခြား ချစ်(ပ်)ပုံစံ အမျိုးမျိုးထဲက ရွေးချယ်နိုင်တဲ့ အခြေအနေလည်း ရှိနေပါတယ်။

ဟွာဝေး ကုမ္ပဏီဟာ ပဉ္စမမျိုးဆက် ဖုန်းကွန်ရက် ဝန်ဆောင်မှု အတွက် ကမ္ဘာ့တလွှားမှာတော့ လုပ်ပိုင်ခွင့်တွေ ရထား

ဓာတ်ပုံ ရင်းမြစ်, HUAWEI

ဓာတ်ပုံ ပုံစာ, ဟွာဝေး ကုမ္ပဏီဟာ ပဉ္စမမျိုးဆက် ဖုန်းကွန်ရက် ဝန်ဆောင်မှု အတွက် ကမ္ဘာ့တလွှားမှာတော့ လုပ်ပိုင်ခွင့်တွေ ရထား

လုံခြုံရေးဆိုင်ရာ သတင်းထောက် ဂေါ်ဒန် ကော်ရဲရားရဲ့ သုံးသပ်ချက်

ဟွာဝေး အပေါ် ယူကေအစိုးရက ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ချခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် ခံယူ သဘောပေါက်တဲ့ ပုံစံက အများကြီး ပြောင်းလဲသွားပါပြီ။

အဲဒီတုန်းက ယူကေအစိုးရဟာ ဟွာဝေးကို လုပ်ပိုင်ခွင့်တစ်စုံတရာပေးဖို့ ဆုံးဖြတ်ချက်ထွက်လာဖို့ ရုန်းကန် ကြိုးစားခဲ့ရပြီး အစိုးရအဖွဲ့အတွင်းကပါ ကန့်ကွက်မှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာ အမေရိကန်ဘက်ကလည်း ဟွာဝေးကို ပိတ်ဆို့ရေး အစီအစဉ်ကို အရှိန်မြှင့်လာပြီး စီးပွားရေးပိတ်ဆို့ရုံသာမက ဟွာဝေးကို လုပ်ကိုင်ခွင့်ပေးတဲ့ နိုင်ငံတွေနဲ့ ထောက်လှမ်းရေး သတင်းဖလှယ်တာနဲ့ ကာကွယ်ရေးဘက် ဆက်ဆံရေးတွေကိုပါ ပြန်စဉ်းစားရတော့မယ်လို့ ပြောဆိုလာခဲ့ပါတယ်။

တချိန်တည်းမှာပဲ ယူကေ ပါလီမန်အတွင်းက အစိုးရရာထူး ယူမထားတဲ့ အာဏာရပါတီဝင် အမတ်တွေရဲ့ အစိုးရဆုံးဖြတ်ချက်အပေါ် ပုန်ကန်မှုက ပြီးခဲ့တဲ့ မတ်လက စလို့ ပိုဆိုးလာခဲ့ပါတယ်။

ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ်အခြေအနေမှာ တရုတ်အပေါ် အားထားရမှုတွေ ရှိလာတဲ့အတွက်လည်း တရုတ်ကုမ္ပဏီတခုကို ပြည်တွင်းမှာ လုပ်ပိုင်ခွင့် ပေးတဲ့အထိ တရုတ်အပေါ် အားထားရမှု မဖြစ်အောင် ပိုပြီး ကန့်ကွက်လာကြပါတယ်။

ဒါ့ကြောင့် ယူကေအစိုးရဘက်က ဟွာဝေး ကုမ္ပဏီအပေါ် ထားတဲ့သဘောထားဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ထားခဲ့တဲ့ သဘောထားအတိုင်း မဟုတ်နိုင်တော့ဘူးလို့ ဆိုရမှာ ဖြစ်ပြီး ဘယ်လို ပြောင်းမလဲဆိုတာကတော့ ရှင်းရှင်းလင်းလင်း မဖြစ်သေးပါဘူး။