အနောက်နိုင်ငံကြီးတချို့က ဟွာဝေးကို ကန့်သတ်လာပေမယ့် အာရှမှာတော့ 5G နည်းပညာနဲ့ တရုတ်ကုမ္ပဏီ ခြေတစ်လှမ်းသာ

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ကရစ်ရှမာ ဗာဆွာနီ
- ရာထူးတာဝန်, ဘီဘီစီ အာရှ စီးပွားရေးသတင်းထောက်
ကမ္ဘာ့နိုင်ငံကြီးတချို့မှာ တရုတ်ဆက်သွယ်ရေး ကုမ္ပဏီကြီး ဟွာဝေးကို လက်မခံချင်တာတွေ ရှိနေပေမဲ့ အရှေ့တောင်အာရှက ဆက်သွယ်ရေးကုမ္ပဏီတွေ အတွက်တော့ 5G နည်းပညာ ဆိုင်ရာ အတွက် ပူးပေါင်းဆောင်ရွက်လိုတဲ့ ကုမ္ပဏီ တစ်ခု ဖြစ်နေတုန်းပါ။
အာရှ ဆက်သွယ်ရေး ကုမ္ပဏီတွေက သူတို့နိုင်ငံတွေမှာ ဟွာဝေးနဲ့လုပ်ငန်းတွေ ပုံမှန် လည်ပတ်နေပါတယ်လို့ ပြောပါတယ်။
ဟွာဝေးကုမ္ပဏီဟာ တရုတ်အစိုးရအတွက် သူလျို လုပ်ပေးနေတယ်လို့ဆိုပြီး ဟွာဝေးနဲ့ မပူးပေါင်းတော့ဖို့ အမေရိကန်က သူ့မဟာမိတ်တွေကို ပြောနေတဲ့ကြားထဲက အခုလို ပုံမှန်လည်ပတ်နိုင်နေတာ ဖြစ်ပါတယ်။
သူတို့ကုမ္ပဏီဟာ တခြားနိုင်ငံတွေအတွက် လုံခြုံရေး ခြိမ်းခြောက် ခံရနိုင်တဲ့ အန္တရာယ် ရှိတယ်ဆိုတာ ဟွာဝေးဘက်က တောက်လျှောက်ငြင်းဆိုခဲ့ပါတယ်။ ပြီးတော့ သူတို့ရဲ့ဖောက်သည်တွေကို ဘယ်တော့မှ နစ်နာစေမှာ မဟုတ်ဘူးလို့ဆိုပါတယ်။
ဟွာဝေးဟာ စီးပွားရေးလျှို့ဝှက်ချက်တွေကို ခိုးယူတယ် ပြီးတော့ အမေရိကန်က အီရန်ကို ချမှတ်ထားတဲ့ ပိတ်ပင်တားမြစ်ချက်တွေကို ချိုးဖောက်တယ် ဆိုပြီး အမေရိကန် တရားရေးဌာနက စွပ်စွဲထားပါသေးတယ်။
ဒါပေမဲ့ အဲဒါဟာ အာရှက ဟွာဝေး သုံးသူတွေကိုတော့ မထိခိုက်စေပါဘူး။
5G နည်းပညာ စမ်းသပ်နေတဲ့ ဖိလစ်ပိုင်၊ စင်ကာပူ၊ မလေးရှားနဲ့ ထိုင်းနိုင်ငံတို့က ကုမ္ပဏီတွေအတွက် ဟွာဝေးဟာ ဆက်သွယ်ရေးပစ္စည်းတွေ အဓိကပံ့ပိုးပေးတဲ့ ကုမ္ပဏီကြီးတစ်ခုဖြစ်ပါတယ်။
စျေးကွက်ဆိုင်ရာ သတင်း ရင်းမြစ်တွေကတော့ ကုန်ကျစရိတ်မှာရော နည်းပညာမှာပါ ဟွာဝေးကို သူ့ပြိုင်ဘက်တွေက မယှဉ်နိုင်ကြဘူးလို့ ဆိုကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
5G ဆိုတာဘာလဲ
ခေတ်သစ် စီးပွားရေးလောကမှာတော့ မြန်နှုန်းမြင့် ဆက်သွယ်ရေး နည်းပညာ 5G ဆိုတာ မရှိမဖြစ် ကျောရိုးမကြီးသဖွယ် အဓိက ကျတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။
5G သာ အပြည့်အဝ လည်ပတ်ပြီဆိုရင် အခု သုံးနေတဲ့ အင်တာနက်ပုံစံတစ်ခုလုံး ပြောင်းသွားမယ်လို့ မျှော်လင့်ရပါတယ်။
ကမ္ဘောဒီးယားလို ဈေးကွက်အလားအလာ ရှိတဲ့နိုင်ငံမျိုးက ဆက်သွယ်ရေး အော်ပရေတာတွေအတွက် ဟွာဝေးဟာ အဓိက ကုမ္ပဏီကြီး ဖြစ်ပါတယ်။ အခုအဲဒီမှာ လောလောဆယ်မှာ 4G အတွက် ဟွာဝေးကို အဓိက သုံးနေတာပါ။
5G ဆိုတာ လွယ်လွယ်ပြောရရင် စက္ကန့်ပိုင်းအတွင်း ဗီဒီယိုဖိုင်တွေ ဒေါင်းလုတ် လုပ်နိုင်လာမယ်။ နည်းပညာ ပိုမြင့်တဲ့အပိုင်းမှာ ဆိုရင်တော့ မောင်းသူမဲ့ကားတွေ၊ နည်းပညာနဲ့ထိန်းချုပ်နိုင်မယ့် Smart homes စမတ်အိမ်တွေ၊ စမတ် မြို့တော်တွေ ဖြစ်လာမှာပါ။
လုံခြုံစိတ်ချရတဲ့ 5G ကွန်ရက်ဟာ အနာဂတ် စီးပွားရေးအတွက် အင်မတန် အရေးပါတယ်လို့ သြစတြေးလျ မဟာဗျူဟာ မူဝါဒချမှတ်ရေး ဌာန ASPI က တွမ်ယူရန်းက ပြောပါတယ်။ အဲဒါကြောင့် ဟွာဝေးကို ဒီလောက် တင်းတင်းကျပ်ကျပ် စိစစ်နေကြတာလို့ သူက ဆိုပါတယ်။
"ဘယ်ကုမ္ပဏီကမှ လုံခြုံရေး အပြည့်အဝ စိတ်ချရတဲ့ ပစ္စည်းတွေ မထုတ်နိုင်သေးပေမဲ့ ပိုအဆင့်မြင့်တဲ့ နည်းပညာပစ္စည်းတွေ ဝယ်မယ်ဆိုရင် ဟွာဝေးကတော့ ထူးထူးခြားခြား ပုံမှန်ထက်ပိုတဲ့ စွန့်စားရတဲ့ အခြေအနေ ရှိတယ်"လို့ တွမ်ယူရန်းက ASPI ဝက်ဘ်ဆိုက်မှာ ရေးသားပါတယ်။
တရုတ်အစိုးရနဲ့ တရုတ်နိုင်ငံက ကုမ္ပဏီတွေကြားမှာ အချိတ်အဆက်တွေ ရှိတယ်လို့ ဆိုကြတာတွေကို မစ္စတာ ယူရန်းက ထောက်ပြထားပါတယ်။ တရုတ် ကုမ္ပဏီတွေဟာ တရုတ်အစိုးရရဲ့ ထောက်လှမ်းရေးလုပ်ငန်းတွေမှာ ပူးပေါင်းဆောင်ရွက်ဖို့၊ အထောက်အပံ့ပေးဖို့နဲ့ ကူညီဖို့ ဥပဒေအရ တာဝန်ရှိတယ်လို့ သူကပြောပါတယ်။
5G ကွန်ရက်မှာသုံးတဲ့ ပစ္စည်းတွေဟာ ဆက်သွယ်ရေး အခြေခံ ပစ္စည်းတွေသက်သက် မဟုတ်ပါဘူးလို့ တွမ်ယူရန်းကပြောပါတယ်။
အဲဒါတွေကနေ ကွန်ရက်အတွင်း အကုန်လုံးကို မြင်နေရပြီး ကွန်ရက်ဆက်သွယ်ရေး အကုန်လုံးကို ထိန်းချုပ်နေနိုင်တယ်။ ဘယ်သူက ဘယ်သူ့ကို ဆက်သွယ်ခေါ်ဆိုတယ်၊ ဘယ်အချိန်ခေါ်တယ်၊ ဘယ်ကနေ ခေါ်တယ် ဆိုတာတွေ မြင်နေရပြီး သတင်းအချက်အလက်တွေကို ထိန်းချုပ်နေနိုင်တယ်လို့လည်း သူက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဟွာဝေးက ပိုသက်သာပြီး ပိုကောင်းလား
ဈေးကွက်ဆိုင်ရာ သတင်း ရင်းမြစ်တွေက ဟွာဝေးဟာ သူ့ဖောက်သည်တွေကို နည်းပညာ ကျွမ်းကျင်မှု ပံ့ပိုးနိုင်မှုမှာ သူ့ပြိုင်ဘက်တွေထက် တစ်နှစ်လောက် ရှေ့ပြေးနေတယ်လို့ ယူဆကြပါတယ်။
ဖိလစ်ပိုင်နိုင်ငံက ဂလုပ် ကုမ္ပဏီဟာ သူ့ရဲ့ ဆက်သွယ်ရေး အခြေခံ ကွန်ရက်တွေ မြှင့်တင်ဖို့အတွက် ဟွာဝေးနဲ့ ၂၀၁၁ ကတည်းက ပူးပေါင်းခဲ့ပါတယ်။
ဒီနှစ် နောက်ပိုင်းမှာဆိုရင် ဂလုပ် ကုမ္ပဏီဟာ ဟွာဝေးပစ္စည်းတွေ သုံးပြီး မနီလာ တစ်ဝိုက်က အင်တာနက်မရသေးတဲ့ အိမ်တွေမှာ 5G ဆက်သွယ်ရေး ပထမဆုံး ပေးတော့မှာပါ။
ဖိလစ်ပိုင်ရဲ့ စီးပွားရေးယှဉ်ပြိုင်နိုင်စွမ်း အတွက် 5G က အရေးကြီးတဲ့ တည်ဆောက်မှုတစ်ခု ဖြစ်ပါတယ်။ အဲဒါကြောင့် 5G သုံးလို့ရအောင် အရှိန်မြှင့်လုပ်နေတာပါ၊ ဒါဆိုရင် နိုင်ငံသားတွေကို များနိုင်သမျှ များများ နည်းပညာ သုံးစွဲနိုင်အောင် လုပ်ပေးနိုင်ပြီလို့ ဂလုပ်ရဲ့ နည်းပညာဆိုင်ရာ အကြီးအကဲနဲ့ ပြန်ကြားရေးအရာရှိ ဂျီးလ် ဂျန်နီယိုက ဘီဘီစီကို ပြောပါတယ်။
အမေရိကနဲ့ ဩစတြေးလျ တို့မှာလို ဟွာဝေးကို ပိတ်လိုက်ဖို့ဆိုတာ အာရှနိုင်ငံတွေ အတွက် လုံးဝ လက်တွေ့မကျပါဘူး။
ရွေးစရာ တချို့တော့ရှိပါတယ်။ ဒါပေမဲ့ ဟွာဝေးက ပေးတဲ့ဈေးနဲ့ ယှဉ်နိုင်တဲ့ တခြားကုမ္ပဏီကို ရှာဖို့ဆိုတာ ခက်ပါတယ်။
ဟွားဝေးရော တခြားအော်ပရေတာတွေ ကရော သူတို့ ဖောက်သည်တွေကို ပေးတဲ့ဈေးကို ပြောပြကြမှာ မဟုတ်ပါဘူး။ တရုတ်ကုမ္ပဏီဟာ ဈေးကွက်ထဲမှာ တခြားကုမ္ပဏီတွေထက် ၁၀ ရာခိုင်နှုန်းလောက် လျှော့ပေးမယ်လို့ ယူဆရပါတယ်။
နောက်တစ်ခုကတော့ ရောင်းချပြီးနောက် ဖောက်သည်ကို ဟွာဝေးက ပေးတဲ့ ဝန်ဆောင်မှု အပိုင်းပါ။ အနောက်နိုင်ငံတွေက ကုမ္ပဏီတွေက အဲဒီကိစ္စကို လျစ်လျူရှုထားတာ ဒါမှမဟုတ် သိပ်ပြီး အရေးကြီးတယ်လို့ မထင်တဲ့နိုင်ငံတွေမှာ ဟွာဝေးက ဖောက်သည် ဝန်ဆာင်မှုကွန်ရက် တည်ဆောက်ထားရာမှာ အပြတ်အသတ် သာနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
စိုးရိမ်မှု မြင့်တက်လာ
အာရှနိုင်ငံတွေဟာ ဟွာဝေးနဲ့ နက်နက်ရှိုင်းရှိုင်း ပတ်သက်နေကြပေမယ့် စိုးရိမ်မှုတွေကတော့ တဖြည်းဖြည်း ရှိလာကြပါတယ်။
တရုတ်ကုမ္ပဏီအပေါ် နိုင်ငံတကာက အာရုံထားလာကြတာဟာ သူတို့ ပစ္စည်းတွေသုံးဖို့ တချို့အာရှနိုင်ငံ အစိုးရတွေအတွက် နှစ်ခါပြန် စဉ်းစားဖို့ ဖြစ်လာစေတယ်လို့ ဆက်သွယ်ရေးလုံခြုံရေး သုံးသပ်သူတွေရဲ့ အဆိုအရ သိရပါတယ်။
ဟွာဝေးပစ္စည်းတွေသုံးရင် ဖြစ်နိုင်မယ့် ပြဿနာ အလားအလာနဲ့ အဲဒီလို စွန့်စားရတာတွေ လျော့သွားအောင် သူတို့ဘယ်လိုလုပ်မလဲဆိုတာကို မေးမြန်းတဲ့ အစိုးရလုပ်ငန်းတွေ သိသိသာသာမြင့်တက်လာတယ်လို့ လုံခြုံရေး ကုမ္ပဏီတစ်ခုက ပြောပါတယ်။
ဟွာဝေးဟာ ဝန်ထုပ်ဝန်ပိုးများဖြစ်နေမလားဆိုတာ သူတို့ဘယ်လောက် စိတ်ပူရမလဲလို့ သူ့ကို တချို့က မေးကြတယ်လို့ အာရှအစိုးရတွေကို အကြံပေးတဲ့ အမည်မဖော်လိုတဲ့ ပညာရှင်တစ်ယောက်ကပြောပါတယ်။
အစိုးရနဲ့ ဟွာဝေးအဆက်အသွယ်ကြောင့် ဟွာဝေးဟာ အန္တရာယ်ရှိလာနိုင်မလားဆိုတာ စိတ်ပူလာတာတွေ တိုးလာတယ်လို့ သူကပြောပါတယ်။
အဲဒီစိုးရိမ်ပူပန်မှုတွေက ဟွာဝေးကို ပိတ်လိုက်ရလောက်အောင်တော့ အရှေ့တောင်အာရှမှာ ဖြစ်မလာသေးပါဘူး။
မလေးရှားကတော့ ဆုံးဖြတ်ချက်မချခင် ဟွာဝေးကို စုံစမ်းစစ်ဆေးနေတယ်လို့ ပြောပါတယ်။ အခုတော့ မလေရှား ဆက်သွယ်ရေးကုမ္ပဏီ အတော်များများဟာ 5G ဝန်ဆောင်မှုပေးနိုင်ဖို့ ဟွာဝေးကို သုံးနေကြဆဲဖြစ်ပါတယ်။
စင်ကာပူရဲ့အဓိက တယ်လီကွန်းလုပ်ငန်းတစ်ခုဖြစ်တဲ့ M1က 5G ဝန်ဆောင်မှုပေးဖို့ ဟွာဝေးနဲ့ ပူးပေါင်းလုပ်ဆောင်နေပါတယ်။
ဆက်သွယ်ရေး အော်ပရေတာတွေအနေနဲ့ ကုမ္ပဏီတစ်ခုခုတည်းကို မှီခိုနေရတဲ့ အန္တရာယ်ကိုလျှော့ချနိုင်ဖို့ ကုမ္ပဏီစုံနဲ့ ပူးပေါင်းထားနိုင်ဖို့ သေချာအောင် လုပ်ရပါမယ်လို့ ပြောပါတယ်။ ဟွာဝေးကို လုံးဝ မသုံးတော့ဘူးလို့လည်း မပြောကြပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဘာဆက်ဖြစ်မလဲ
အနောက်နိုင်ငံတွေက ဟွာဝေးအပေါ် ဖိအားတွေကတော့ ဆက်ရှိနေဖွယ် ရှိပါတယ်။
ဟွာဝေးကို ပိုကန့်သတ်နိုင်အောင် တရုတ်ဆက်သွယ်ရေးလုပ်ငန်းတွေရဲ့ ပစ္စည်းတွေကို အမေရိကန် ကြိုးမဲ့ဆက်သွယ်ရေး ကွန်ရက်တွေမှာ မသုံးဖို့ အမေရိကန် အစိုးရကတော့ အမိန့်နဲ့ တားမြစ်ဖို့ လုပ်နေတယ်လို့ သိရပါတယ်။ အမေရိကန်ရဲ့ မဟာမိတ်တွေကိုလည်း အဲဒီလို လုပ်ဖို့ ဖိအားပေးမယ့် သဘောရှိနေပါတယ်။
ဒါပေမဲ့ အဲဒီလိုလုပ်တာ ဆုံးရှုံးမှု ရှိနိုင်ပါတယ်။
အမေရိကန်ကသာ ဟွာဝေးကို ကြိုးမဲ့ကွန်ရက် ဆက်သွယ်ရေးမှာ တားမြစ်မယ်ဆိုရင် အမေရိကန်တွေရဲ့ 5G ရည်မှန်းချက်ကိုလည်း ထိခိုက် လာနိုင်တယ်လို့ New America သုတေသနလုပ်ငန်းက တရုတ် ဒီဂျစ်တယ် စီးပွားရေး ပညာရှင် ဆမ်ဆက်စ်ကပြောပါတယ်။
"အဲဒီလိုပိတ်လိုက်ရင် ဥရောပနဲ့ အာရှက ကွန်ရက်တွေထဲမှာ ကျွန်တော်တို့ ဝင်ပါလို့ မရတော့ပါဘူး။ အဲဒါက ကျွန်တော့်တို့အတွက် နစ်နာမှုကြီးနိုင်ပါလိမ့်မယ်" လို့ သူက ပြောပါတယ်။
အဲဒီလိုပိတ်လိုက်မယ်ဆိုရင် ကမ္ဘာကြီးမှာ အင်တာနက် နှစ်ခုဖြစ်လာပါလိမ့်မယ်။ အဲဒါကို ပညာရှင်တွေက "ဒီဂျစ်တယ် သံမဏိ ကန့်လန့်ကာ"လို့ ခေါ်ပါတယ်။ ဟွာဝေးလို တရုတ်ကုမ္ပဏီတွေနဲ့ ပူးပေါင်းလုပ်တဲ့ လုပ်ငန်းတွေနဲ့၊ ပူးပေါင်းမလုပ်တဲ့သူတွေ ဆိုပြီး ကမ္ဘာကြီးကိုခွဲထားမယ့် ကန့်လန့်ကာလို့ ဆိုလိုတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images








