အမ်ဖန်လို မုန်တိုင်းကြီးတွေ ဘာကြောင့် ဘင်္ဂလားပင်လယ်အော်ကို အဝင်များနေတာလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
လူသန်းပေါင်း ၅၀၀ လောက် ကမ်းရိုးတန်း တစ်လျှောက်မှာ နေထိုင်တဲ့ ဘင်္ဂလားပင်လယ်အော်ဟာ ကမ္ဘာ့အကြီးဆုံး ပင်လယ်အော်ဒေသ ဖြစ်ပြီး သမိုင်းတစ်လျှောက် လူအသေအပျောက်အများဆုံး အပူပိုင်း ဆိုင်ကလုန်း မုန်တိုင်းတွေ အများဆုံး အဝင်ခံရတဲ့နေရာလည်း ဖြစ်ပါတယ်။
ကမ္ဘာ့သမိုင်းမှာ လူအသေအပျောက် အများဆုံး အပူပိုင်း ဆိုင်ကလုန်း ၃၅ ခု အနက် ၂၆ ခုဟာ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ခဲ့တာလို့ Weather Underground အဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
ဆိုင်ကလုန်း အမ်ဖန်ကတော့ အခု နောက်ဆုံး ဝင်တဲ့ မုန်တိုင်းပါ။

ဒီမုန်တိုင်းကြောင့် ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမှာ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းတွေမှာ မြေတွေပြိုလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။
ဒီမုန်တိုင်း ကမ်းရိုးတန်းကို ဝင်တိုက်ချိန်မှာ အားအလွန်ပြင်းတဲ့ ဆိုင်ကလုန်း ဖြစ်လိမ့်လို့ အိန္ဒိယ မိုးလေဝသဌာနက ဆိုပါတယ်။
လေတိုက်နှုန်း တစ်နာရီကို မိုင် ၁၂၀ လောက်နဲ့ လာပြီး မုန်တိုင်း ဒီရေတွေက နှစ်ထပ်အိမ် အမြင့်လောက် ရှိလိမ့်မယ်လို့ ဆိုပါတယ်။
ဒီနေရာမှာ ဘာလို့ ပိုပြင်းထန်နေရသလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မိုးလေဝသ ပညာရှင်တွေ အဆိုအရ မုန်တိုင်းဒီရေဒဏ် အဆိုးဆုံး ခံရတဲ့နေရာတွေက အထဲကို ခွက်ဝင်နေတဲ့ ကမ်းရိုးတန်းတိမ်နေရာတွေပါ။ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းရဲ့ လေပြင်းတွေက ရေတွေတွန်းပို့ ခံရတဲ့ နေရာတွေ ဖြစ်ပါတယ်။
ဘင်္ဂလားပင်လယ်အော်ဟာ မုန်တိုင်းဒီရေတက်တာအဆိုးဆုံး ပထဝီအနေအထားကို တိတိကျကျ နမူနာပြနိုင်မယ့် နေရာပါလို့ Weather Underground အဖွဲ့က မိုးလေဝသ ပညာရှင်နဲ့ စာရေးဆရာ ဘော့ဘ်ဟန်ဆန်က ပြောပါတယ်။
အခြေအနေကို ပိုဆိုးစေတာက ဘင်္ဂလားပင်လယ်အော် အပေါ်ပိုင်းက ပင်လယ်ရေမျက်နှာပြင်ရဲ့ အပူချိန်တွေပါ။ အဲဒါက အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းတွေ ဖြစ်သွားစေတဲ့ အချက် ဖြစ်ပါတယ်။
ဘင်္ဂလားပင်လယ်အော်က အတော်ပူနွေးတဲ့ပင်လယ်ပါလို့ အိန္ဒိယ မိုးလေဝသ ဌာနရဲ့ အကြီးအကဲ အမ် မိုဟာပတ်ထရာက ပြောပါတယ်။
ကမ္ဘာပေါ်မှာ မုန်တိုင်းဒီရေ အန္တရာယ်ရှိတဲ့ တခြား ကမ်းရိုးတန်းတွေလည်း ရှိပါတယ်။ နမူနာဆိုရင် လူဝီဇီယားနား ပင်လယ်ကွေ့ကမ်းရိုးတန်း နေရာပါ။
ဒါပေမဲ့ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း ကမ်းရိုးတန်းကတော့ တခြားကမ္ဘာ့နေရာတွေထက် အင်မတန်ပြင်းထန်ဆိုးရွားတဲ့ ဒီရေတွေ ဝင်တတ်တဲ့နေရာပါလို့ မစ္စတာ ဟန်ဆန်က ပြောပါတယ်။
လူနေတော်တော်ထူထပ်တဲ့ ကမ်းရိုးတန်းဖြစ်တာကြောင့်လည်း ဒီအန္တရာယ်ကို ပိုဆိုးဆိုးရွားရွား ခံစားရပါတယ်။
ကမ္ဘာမှာ လူလေးယောက်မှာ တစ်ယောက်က ပင်လယ်အော် အနားသတ်ထားတဲ့ နိုင်ငံမှာ နေပါတယ်။
အမ်ဖန်က ဘာတွေ စိုးရိမ်စရာ ရှိလဲ

ဒီမုန်တိုင်းက တစ်နာရီ လေတိုက်နှုန်း အများဆုံး ၁၃၇ မိုင်အထိ တိုက်နိုင်တယ်လို့လည်း ခန့်မှန်းထားခဲ့ပါတယ်။
ဆိုင်ကလုန်းတွေကြောင့် ထိခိုက်မှုတွေ အမျိုးစုံ ဖြစ်နိုင်ပါတယ်။ မုန်တိုင်း လေပြင်းက အပျက်အစီးတွေ ဖြစ်စေပါတယ်။ ဒီရေလှိုင်းတွေနဲ့ မိုးကြီးတာတွေကြောင့်တော့ ရေကြီးရေလျှံတာတွေ ဖြစ်စေပါတယ်။
အခု အမ်ဖန် ဝင်ချိန်က ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြုံနေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။
ဒါကြောင့် မုန်တိုင်းခိုတွေမှာ သွားနေရမယ့် သူတွေ ခပ်ခွာခွာ နေလို့ရအောင် မုန်တိုင်းခိုတွေနဲ့ နေရာတွေ ပိုလိုပါတယ်။
ပြီးတော့ အိန္ဒိယမှာဆိုရင် ကိုဗစ်ဖြစ်ပြီး နိုင်ငံကို ပိတ်ချလိုက်လို့ မြို့ပေါ်ကနေ ရွာတွေကို ခြေလျင် ပြန်လာနေကြတဲ့ ထောင်သောင်းချီတဲ့ အလုပ်သမားတွေ လမ်းတွေမှာပေါ်ပဲ ရှိနေကြပါသေးတယ်။
အာရေဘီယံပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ တိုက်တဲ့ မုန်တိုင်းတွေထဲ့က တချို့ပဲ ဆူပါဆိုင်ကလုန်းအဆင့်အထိ ပြင်းအားနဲ့ တိုက်တာပါ။ ဆယ်စုနှစ် တစ်ခုတိုင်းမှာ တစ်ခုနှုန်း လောက် ဖြစ်တတ်ပါတယ်။
ကမ္ဘာ့သမိုင်းမှာ အသေအပျောက်အများဆုံး ဆိုင်ကလုန်း မုန်တိုင်းက ၁၉၇၀ နိုဝင်ဘာမှာ ဖြစ်ခဲ့ပါတယ်။ ဘိုလား Bhola ဆိုင်ကလုန်း ဖြစ်ပါတယ်။ ဒီမုန်တိုင်းက ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ခဲ့ပြီး လူ သန်းတစ်ဝက်လောက်ရဲ့ အသက်တွေခြွေသွားခဲ့ပါတယ်။
အဲဒီတုန်းက မုန်တိုင်းဒီရေတွေ ၃၄ ပေ အမြင့်ထိ ကမ်းရိုးတန်းကို တက်လာခဲ့ပါတယ်။
အခု ဆယ်စုနှစ်တွေအတွင်း ဘင်္ဂလားပင်လယ်အော်ထဲမှာ အားပြင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းတွေ ဖြစ်တာ အကြိမ်ရေများလာတယ်လို့ ဟားဗတ်တက္ကသိုလ်က ဒေါက်တာ အမ်းမရစ်က ပြောပါတယ်။
၂၀၀၈ ခုနှစ်မှာ မြန်မာနိုင်ငံ ဧရာဝတီမြစ်ဝှမ်းကို တိုက်ခဲ့တဲ့ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် အနည်းဆုံး လူ တစ်သိန်းလေးသောင်းလောက် သေပျောက်ခဲ့ပြီး လူနှစ်သန်း ရွှေ့ပြောင်း နေထိုင်ခဲ့ကြရပါတယ်။
အိန္ဒိယကို နောက်ဆုံးတိုက်ခဲ့တဲ့ ဆူပါဆိုင်ကလုန်းကတော့ ၁၉၉၉ ခုနှစ်မှာ တိုက်ခဲ့ပြီး သြရိဿပြည်နယ်မှာ လူ တစ်သောင်းနီးပါး သေဆုံးခဲ့ပါတယ်။








