ကိုရိုနာဗိုင်းရပ်စ် နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားချက် အပြင် ထိပ်တန်းရောက် မနက်ခင်း သတင်းများ
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ မှ သတိပေးချက်

ဓာတ်ပုံ ရင်းမြစ်, Reuters
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ မှ အကြီးအကဲ တက်ဒရော့စ် အက် ဟာနမ်ဂူဘရာရက်စ်ဆို့စ် က အခုဆိုရင် ဥရောပ ဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြီးရဲ့ ပြန့်ပွားရာ ဗဟိုချက်မ လို ဖြစ်လာတဲ့ အတွက် လူပေါင်း ငါးထောင်ကျော် သေဆုံးတဲ့ အထိ ဖြစ်လာကြောင်း ကို ထုတ်ဖေါ် ပြောလိုက်ပါပြီ။
ဥရောပ ဟာ ဆိုရင် တရုတ်နိုင်ငံ က လွဲလို့ တကမ္ဘာလုံးမှာ ဗိုင်းရပ်စ် ကူးစက်သူ ခံရပေါင်း အရရော သေဆုံးသူ အရေအတွက်ပါ အများဆုံး ဖြစ်လာနေတဲ့ အကြောင်း ဒေါက်တာ တက်ဒရော့စ် က ပြောတာပါ။ ဒါကြောင့်မို့ နိုင်ငံ တခု အနေနဲ့ တခြားနိုင်ငံ တွေမှာ ကူးစက်မှုတွေ၊ သေဆုံးတာတွေ ကို စောင့်ကြည့် လေ့လာယင်း သူတို့ အနေနဲ့ ဒီအခြေအနေမျိုး ကို ရှောင်ကြဉ် နိုင်မယ် လို့ ယူဆခဲ့ရင် အမှားကြီး မှားသွားနိုင်တဲ့ အကြောင်း သတိပေး လိုက် ပါတယ်။ ဒီလို ကြောက်မက်ဖွယ်ကောင်းတဲ့ ကပ်ရောဂါ မီးပွားကြီး ကို ကူးစက် မလောင်ကျွမ်းပါစေနဲ့ လို့ ပြောပါတယ်။
ဥပမာ အနေနဲ့ ထည့်သွင်း ပြောသွားရာမှာ ဒေါက်တာတက်ဒရော့စ် က တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ နဲ့ တချို့ နိုင်ငံတွေ ဟာ ကူးစက်မှု တွေ နဲ့ သေဆုံးမှု တွေ ကို လျော့နည်းနိုင်သမျှ လျော့ကျလာအောင် တက်ကြွ ထက်သန်စွာနဲ့ အရေးယူဆောင်ရွက်မှု တွေ ကို မြင်သာ ထင်သာ လုပ်ပြနေကြတဲ့ အကြောင်း ပြောသွားပါတယ်။
ဗြိတိန်နိုင်ငံ အခြေအနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဗြိတိသျှ အစိုးရ ရဲ့ သိပ္ပံပညာရှင် အကြီး အကဲတွေ နဲ့ ကျန်းမာရေး အကြံပေး ပုဂ္ဂိုလ် တွေ ကတော့ ယူကေနိုင်ငံ တွင်း ကိုရိုနာ ဗိုင်းရပ်စ် ပြန့်ပွားမှု ကို ထိန်းချုပ်ရာမှာ အကန့်အသတ် ဘောင်ထဲက ဆောင်ရွက်နေတဲ့ နည်းဗျူဟာ အပေါ်မှာ ကာကွယ်ပြောဆိုသွားကြပါတယ်။
ကျန်းမာရေး ဝန်ကြီးဟောင်း ဂျယ်ရမီဟန့် ကတော့ ဝန်ကြီးချုပ် ဘောရစ်ဂျော်ဆင် အနေနဲ့ တခြားနိုင်ငံ များ နည်းတူ တင်းကျပ်တဲ့ အရေးယူမှုတွေ ပြုလုပ်သင့်တဲ့ အကြောင်း တိုက်တွန်း ပြောကြားလိုက်ပါတယ်။ နိုင်ငံ အများအပြားမှာ ဆိုရင် ကျောင်းတွေ ပိတ်လိုက်ပြီ ဖြစ်သလို၊ လူစု လူဝေး လုပ်ခွင့် မပြုတဲ့ အပြင်၊ ခရီးသွားလာခွင့်တွေ ကိုပါ တင်းတင်းကြပ်ကြပ် အရေးယူ ဆောင်ရွက်နေပါပြီ။
ဗြိတိသျှ ကျန်းမာရေး သိပ္ပံပညာရှင် တွေ ကတော့ ယူကေနိုင်ငံ ဟာ ကိုရိုနာကပ်ရောဂါ ဖြစ်ပွားစ အနေအထား လိုပဲ သုံးသပ်နေကြတာဖြစ်ပါတယ်။ ကွန်ပြူတာ နည်းပညာ အရ တွက်ချက် ရာမှာလည်း ဗိုင်းရပ်စ်ပိုး ကူးစက်မှု နှုန်းထားဟာ လာမယ့် သီတင်းပတ် လေးပတ် ကျမှ စတင် နိုင်ဘွယ်ရှိသလို၊ ကူးစက်မှု အမြင်ဆုံး အခြေအနေ ကတော့ သီတင်း ဆယ်ပတ် မှ ဆယ့်လေးပတ် အတွင်း ရောက်နိုင်ခြေ ရှိကြောင်း ခန့်မှန်းထားပါတယ်။
အမေရိကန် သမ္မတ ရဲ့ အရေးယူ ဆောင်ရွက်မှု

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန် သမ္မတ ထရမ့် ကိုယ်တိုင်လည်း ကိုရိုနာ ဗိုင်းရပ်စ် ပျံ့နှံ့လာမှု နဲ့ ပတ်သက်လို့ အမျိုးသားရေးဆိုင်ရာ အရေးပေါ် အခြေအနေ ကြေညာ လိုက်ပါပြီ။ တခြားကမ္ဘာ့နိုင်ငံ တွေ နဲ့ နှိုင်းဆာမယ် ဆိုရင် လည်း အမေရိကန် အနေနဲ့ သိသာ ထင်ရှားတဲ့ ဆောင်ရွက်ချက် တွေ လုပ်တဲ့ အကြောင်း အိမ်ဖြူတော် မှာ မစ္စတာ ထရမ့် က ပြောတာပါ။ အဲဒီ အတွက် ဒေါ်လာ ဘီလီယံ ငါးဆယ် ကို အရေးပေါ် ရံပုံငွေ အဖြစ် သတ်မှတ်ပြီး ဖြစ်ကြောင်း ပြောပါတယ်။
ဒါ့အပြင် ဖယ်ဒရယ် အစိုးရ အနေနဲ့ ပြည်နယ် နဲ့ ဒေသဆိုင်ရာ အစိုးရ တွေ အတွက် ပါ ကပ်ရောဂါ နဲ့ ပတ်သက်တဲ့ အကူအညီတွေ ပေးနိုင်ဖို့ ပူးပေါင်း လုပ်ဆောင်ခွင့် လည်း ခွင့်ပြုမှာ ဖြစ်ပါတယ်။
လာမယ့် သီတင်းပတ် အတွင်းမှာလည်း နောက်ထပ် ဗိုင်းရပ်စ် ကူးစက်မှု ရှိမရှိ စမ်းသပ်မှု ကို အရေအတွက် ငါးသိန်း အထိ တိုးမြင့် လုပ်ဆောင်ပေးမှာ ဖြစ်သလို၊ တစ်လ အတွင်းမှာ စမ်းသပ်မှု ပေါင်း ငါးသန်း အထိ လုပ်ဆောင် ပေးမယ့် အကြောင်း မစ္စတာ ထရမ့် က ပြောပါတယ်။
တကယ်တော့ မစ္စတာထရမ့် ဟာ ပြည်တွင်း မှာ စမ်းသပ် ကိရိယာ တွေ လိုအပ်နေတာကို ချက်ချင်း မဖြည့်ဆည်းပေးတဲ့ အတွက် သူ့ အစိုးရ ဟာ အပြင်းအထန် ဝေဖန် ခံနေရတာ ဖြစ်ပါတယ်။
အီတလီနိုင်ငံ မှာ သေဆုံးသူစာရင်း တိုးမြင့်

ဓာတ်ပုံ ရင်းမြစ်, Reuters
အီတလီ အာဏာပိုင်တွေ ပြောဆိုချက် အရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အနက် လူပေါင်း နှစ်ရာ့ ငါးဆယ်ဟာ တစ်နေ့ တည်းမှာ သေဆုံးသွားတဲ့ အတွက် နိုင်ငံ အတွင်းမှာ လက်ရှိ အခြေအနေ အရ အဆိုးဝါးဆုံး လို့ ပြောပါတယ်။ အဲဒီအတွက် စုစုပေါင်း သေဆုံးသူ စါရင်းဟာ တစ်ထောင့် နှစ်ရာ ခြောက်ဆယ့်ခြောက်ဉီး ဖြစ်သွားခဲ့ပါပြီ။
လူပေါင်း တစ်သောင်းငါးထောင်နီးပါး ဗိုင်းရပ်စ်ပိုး ကူးစက်ခံနေရပြီ ဖြစ်လို့ ပြီးခဲ့တဲ့ ကြာသာပတေးနေ့ ကတည်းက လူပေါင်း နှစ်ထောင်ကျော် တိုးလာတာဖြစ်ပါတယ်။ နိုင်ငံ အတွင်းရှိ ပြည်နယ်တချို့ က ဆေးရုံတွေ မှာ ဒီကပ်ရောဂါကြီး ကူးစက်ခံရသူတွေ ကို ပြုစု စောင့်ရှောက်ရေး မှာ မနည်း ရုန်းကန်နေကြရပါတယ်။
အီရန်နိုင်ငံ ရဲ့ အရေးယူ ဆောင်ရွက်ချက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
အီရန် နိုင်ငံ ရဲ့ စစ်ဉီးစီးချုပ် ကတော့ ကိုရိုနာ ဗိုင်းရပ်စ် ပြန့်ပွားမှု ကို နောက်ဆုံး ကြိုးပမ်းချက် အနေနဲ့ လာမယ့် နှစ်ဆယ့် လေးနာရီ အတွင်းမှာ မြို့တွင်းလမ်းမ တွေ အားလုံး ကို ရှင်းထားဖို့ လုံခြုံရေး တပ်ဖွဲ့တွေ ကို အမိန့်ပေးလိုက်ပါပြီ။
ဗိုလ်ချုပ်ကြီး မိုဟာမက် ဘာဂါရီး က အသစ်ဖွဲ့ထားတဲ့ ကော်မရှင် ကနေ အထက်ပါ ကြီးကြပ်လုပ်ငန်း ကို စောင့်ကြည့်ရာမှာ ဆိုင်တွေ နဲ့ လမ်းမ တွေ လူရှင်း မရှင်း လည်း ပါဝင်မှာ ဖြစ်ပါတယ်။ လာမယ့် ဆယ်ရက် အတွင်းမှာလည်း တနိုင်ငံလုံး ကို အသေအချာ စောင့်ကြပ် ကြည့်ရာမှာ ဗိုင်းရပ်စ် ကူးစက်ခံရသူ ရှိမရှိ ကို စစ်ဆေးတော့မှာ ဖြစ်ပါတယ်။
အစိုးရ ရဲ့ တရားဝင် စါရင်း အရ လူပေါင်း ငါးရာကျော် သေဆုံးသွားပြီ ဖြစ်တဲ့ အပြင် လူပေါင်း တစ်သောင်းတစ်ထောင်ကျော် လည်း ဗိုင်းရပ်စ် ကူးစက်ခံရပြီး ဖြစ်ကြောင်း တရားဝင် သတင်း ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် အစိုးရ ထုတ်ပြန် တဲ့ သေဆုံးသူ ရော ကူးစက်ခံရသူ စါရင်း ဟာ အခုထက် များနိုင်တယ် ဆိုတဲ့ သတင်းတွေ လည်း ထွက်နေပါတယ်။








