ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်မှာ ပတ်ဝန်းကျင် ညစ်ညမ်းမှုလျော့နည်း

ဂြိုဟ်တုက ရိုက်ကူးထားတဲ့ ဓာတ်ပုံ နှစ်ပုံ။

ဓာတ်ပုံ ရင်းမြစ်, NASA

ဓာတ်ပုံ ပုံစာ, ၂၀၂ဝ ခုနှစ် ဇန်နဝါရီ ၁ရက်ကနေ ၂ဝရက်အထိနဲ့ ဖေဖော်ဝါရီ ၁ဝကနေ ၂၅ရက်အထိ တရုတ်နိုင်ငံကို ဂြိုဟ်တုက ရိုက်ကူးထားတဲ့ ဓာတ်ပုံ နှစ်ပုံ။

တရုတ်နိုင်ငံတဝန်းမှာ ပတ်ဝန်းကျင်ညစ်ညမ်းမှု လျော့နည်းသွားတဲ့ အခြေအနေကို နှိုင်းယှဉ်ပြထားတဲ့ ဂြိုဟ်တုကနေ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို အမေရိကန် အာကာသဆိုင်ရာ အေဂျင်စီ နာဆာက ထုတ်ပြန်လာပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးတဲ့နောက် စီးပွားရေးတွေနှေးသွားတာက ပတ်ဝန်းကျင် ညစ်ညမ်းမှု လျော့နည်းသွားရတဲ့ ဖြစ်နိုင်ချေရှိတဲ့ အကြောင်း အရင်း တခုလို့လည်း နာဆာက ဆိုပါတယ်။

တရုတ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရပြီးတဲ့နောက် ဒီဗိုင်းရပ်စ် ကူးစက်တာကို ထိန်းချုပ်နိုင်ဖို့ အတွက် စက်ရုံတွေရဲ့ လည်ပတ်မှုကိုလည်း ရပ်ဆိုင်း ခဲ့တာကြောင့် ပတ်ဝန်းကျင် ညစ်ညမ်းမှုက စံချိန်တင် လျော့နည်းလာခဲ့ပါတယ်။

ဗီဒီယို ပုံစာ, china economy

တရုတ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူက ၈ဝဝဝဝ နီးပါး ရှိနေပြီး နိုင်ငံပေါင်း ၅၉ နိုင်ငံမှာလည်း ဒီရောဂါ ကူးစက်ခံနေရတာ ဖြစ်ပါတယ်။

နာဆာက ထုတ်ပြန်လိုက်တဲ့ ဓာတ်ပုံမှာ ၂ဝ၂ဝ ခုနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလအတွင်း နိုက်ထရိုဂျင် အောက်ဆိုဒ် ပမာဏ လျော့နည်းသွားတဲ့ အခြေအနေနဲ့ ၂ဝ၁၉ ခုနှစ် အလားတူအချိန်မှာ ရှိခဲ့တဲ့ အခြေအနေတွေကို နှိုင်းယှဉ်ထားပြထားပါတယ်။

နာဆာက ထုတ်ပြန်လိုက်တဲ့ ဓာတ်ပုံမှာ ၂ဝ၂ဝ ခုနှစ်အတွင်း နိုက်ထရိုဂျင် အောက်ဆိုဒ် ပမာဏ လျော့နည်းသွားတဲ့ အခြေအနေနဲ့ ၂ဝ၁၉ ခုနှစ် အလားတူအချိန်မှာ ရှိခဲ့တဲ့ အခြေအနေ နှစ်ခုကို နှိုင်းယှဉ်ထားပြထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, NASA

ဓာတ်ပုံ ပုံစာ, ၂ဝ၂ဝ ခုနှစ် ဇန်နဝါရီလနဲ့ ဖေဖော်ဝါရီလအတွင်း နိုက်ထရိုဂျင် အောက်ဆိုဒ် ပမာဏ လျော့နည်းသွားတဲ့ အခြေအနေနဲ့ ၂ဝ၁၉ ခုနှစ် အလားတူအချိန်မှာ ရှိခဲ့တဲ့ အခြေအနေ။

နိုက်ထရိုဂျင်ဒိုင် အောက်ဆိုဒ်ကို မော်တော်ကားထုတ်တဲ့ စက်ရုံနဲ့ တခြား စက်မှုလုပ်ငန်းတွေကနေ အဓိက ထုတ်လုပ်ပြီး လေထုကို ညစ်ညမ်းစေ ပါတယ်။ ဒီနိုက်ထရိုဂျင်အောက်ဆိုဒ်က လူတွေရဲ့ အသက်ရှုလမ်းကြောင်းကို ထိခိုက်စေတယ်လို့ ကျန်းမာရေး ပညာရှင်တွေက ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့တဲ့ ဝူဟန်မြို့ အနီးတဝိုက်မှာ နိုက်ထရိုဂျင်ဒိုင်အောက်ဆိုဒ် လျော့ပါးသွားတာကို အရင် သတိထားမိခဲ့တယ်လို့ နာဆာက သိပ္ပံပညာရှင်တွေက ပြောပါတယ်။

ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုရှိမရှိ သန်းနဲ့ချီတဲ့ လူတွေကို စောင့်ကြည့်ခဲ့ပြီးတဲ့နောက် သယ်ယူပို့ဆောင်ရေးနဲ့ တခြားစီးပွားရေးလုပ်ငန်း တွေကို တားမြစ်လိုက်ရာမှာ လေထုညစ်ညမ်းမှု အဆင့်ကျလာတာက သိသာတယ်လို့ နာဆာက ပညာရှင်တွေက ပြောပါတယ်။

"ဖြစ်ရပ်တခုကြောင့် နေရာ အတော်များများမှာ ပထမဆုံး အံ့သြစရာကောင်းလောက်အောင်ကို သိသိသာသာ ကျသွားတာကို ကျွန်မတွေ့ခဲ့ ရတာ ပါ"လို့ နာဆာမှာ လေထုရဲ့အရည်အသွေးကို သုတေသနလုပ်တဲ့ သုတေသီ ဖေးလျူက ထုတ်ပြန်ချက်မှာ ပြောပါတယ်။

၂ဝဝ၈ ခုနှစ် စီးပွားရေးကျတဲ့ ကာလတုန်းက နိုက်ထရိုဂျင်အောက်ဆိုဒ်ပမာဏ လျော့ကျသွားတာကို သူက လေ့လာ တွေ့ရှိခဲ့တယ်လို့လည်း ဆိုပါ တယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက တဖြည်းဖြည်းနဲ့ လျော့ကျလာတာလို့ သူက ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလ နှောင်းပိုင်းနဲ့ ဖေဖော်ဝါရီလအစပိုင်း တရုတ်နှစ်ကူးကျင်းပတဲ့ ကာလနဲ့ လေထုညစ်ညမ်းမှု အဆင့် လျော့ကျတာကိုလည်း သတိထားမိတယ်လို့ နာဆာက ထုတ်ပြန်ပါတယ်။ ဒါပေမဲ့ ဒီနှစ်ကူး ပြီးသွားရင် လေထုညစ်ညမ်းမှု အဆင့်က ပြန်တက်သွားတယ်လို့ ဆိုပါတယ်။

"ဒီနှစ်မှာ ကျသွားတဲ့ ပမာဏက ခါတိုင်းနှစ်တွေထက်စာရင် ပိုသိသာပြီး ပိုကြာပါတယ်၊ နိုင်ငံတဝန်းနဲ့ မြို့အတော်များများမှာ ဗိုင်းရပ်စ် ကူးစက်မှု နည်းနိုင်သမျှနည်းအောင် အရေးယူဆောင်ရွက်မှုတွေလုပ်ခဲ့တာကြောင့် အခုလို ဖြစ်တဲ့အတွက် ကျွန်မ မအံ့သြပါဘူး" လို့ မစ္စလျူက ပြောပါတယ်။