ယူကေ အထွေထွေ ရွေးကောက်ပွဲမှာ ကွန်ဆာဗေးတစ်ပါတီ အမတ်နေရာ အများစု အနိုင်ရ

ယူကေ ရွေးကောက်ပွဲ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဘောရစ် ဂျွန်ဆင် ဝန်ကြီးချုပ်နေရာ ပြန်ရမှာ ဖြစ်ပြီး တနင်္လာနေ့မှာ ကက်ဘိနက် ဝန်ကြီးအဖွဲ့နေရာ အနည်းအပါး အပြောင်းအလဲ လုပ်ဖို့ရှိ

ယူကေနိုင်ငံမှာ ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲမှာ ကွန်ဆာဗေးတစ်ပါတီက အမတ်အများစု နေရာကို အနိုင်ရခဲ့ပါတယ်။

ဘောရစ် ဂျွန်ဆင်ဟာ အမတ်နေရာအများစုနဲ့ ဝန်ကြီးချုပ် ရာထူးကို ပြန်ရမယ်လို့ ဘီဘီစီက ခန့်မှန်းပါတယ်။

ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က အီးယူ ဥရောပသမဂ္ဂ ထဲကနေ ယူကေ နုတ်ထွက်ဖို့ လုပ်ပိုင်ခွင့်တစ်ခု သူ့မှာ ရှိလာမှာ ဖြစ်တယ်လို့ ပြောပါတယ်။

အရှုံးကြီး ရှုံးသွားခဲ့တဲ့ လေဘာပါတီရဲ့ ခေါင်းဆောင် ဂျယ်ရမီ ကိုဘင် ကတော့ ဒီရွေးကောက်ပွဲညဟာ လေဘာပါတီအတွက် အရမ်းကို စိတ်ပျက်စရာ ကောင်းတဲ့ ညတစ်ည ဖြစ်တယ်လို့ ပြောခဲ့ပြီး နောင် ရွေးကောက်ပွဲတွေမှာ သူဝင်မပြိုင်တော့ဘူးလို့ ဆိုပါတယ်။

အီးယူကနေ ယူကေ နုတ်ထွက်ဖို့ ၂၀၁၆ ခုနှစ်တုန်းက ထောက်ခံပေးခဲ့ကြတဲ့ နိုင်ငံ မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ ဝေလနယ်တွေမှာ လေဘာပါတီက အမတ်နေရာတွေ ဆုံးရှုံးသွားခဲ့ပါတယ်။

အမတ်နေရာ အများစု လျော့သွားပြီး ပြန်အရွေးခံခဲ့ရတဲ့ သူ့ရဲ့ Islington North မဲဆန္ဒနယ်မြေမှာ မဲတွေရေတွက်နေစဉ်မှာ မစ္စတာ ကိုဘင်က လေဘာပါတီအနေနဲ့ မျှော်လင့်ချက် စာတမ်းကို တင်ပြခဲ့ပေမဲ့ ဘရက်ဇစ်ကိစ္စက သာမန် နိုင်ငံရေး အချေအတင် ဆွေးနွေးပွဲပေါ် လွှမ်းမိုးသွားခဲ့တယ်လို့ ပြောပါတယ်။

ယူကေ ရွေးကောက်ပွဲ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, လေဘာပါတီ ခေါင်းဆောင် ဂျယ်ရမီ ကိုဘင်ရဲ့ မဲဆန္ဒနယ် Islington North မှာ မဲရေတွက်နေစဉ်

လန်ဒန်မြို့အနောက်ပိုင်းက သူ့ရဲ့ Uxbridge မဲဆန္ဒနယ်မြေမှာ ပြန် အရွေးခံခဲ့ရတဲ့ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင် ကတော့ အခုလို အနိုင်ရခဲ့တာဟာ ဘရက်ဇစ် ကိစ္စကို အပြတ်ဖြေရှင်းနိုင်ဖို့အတွက် တစ်နိုင်ငံလုံးရဲ့ ကွန်ဆာဗေးတစ် အစိုးရကို သြဇာအရှိန်အဝါ ကြီးတဲ့ လုပ်ပိုင်ခွင့်သစ်တစ်ခု ပေးလိုက်တာ ဖြစ်တယ်လို့ ပြောပါတယ်။

တခါ ဇူလိုင်လတုန်းကမှ လစ်ဘရယ် ဒီမိုကရက်ပါတီ ခေါင်းဆောင် ဖြစ်လာခဲ့ပြီး ဝန်ကြီးချုပ် ဖြစ်ဖို့ ရည်ရွယ် မဲဆွယ်ခဲ့တယ် ဆိုတဲ့ ဂျို ဆွင်ဆန် ဟာ သူ့ရဲ့ Dunbartonshire East မဲဆန္ဒနယ်ကို ၁၄၉ မဲနဲ့ SNP စကော့တစ်ရှ် အမျိုးသား ပါတီကို ရှုံးသွားခဲ့ပါတယ်။

ဒီမိုကရက်တစ် ယူနီယန်နစ်စ် ပါတီ ခေါင်းဆောင် နိုင်ဂျယ်လ် ဒေါ့စ် လည်း သူ့ရဲ့ Belfast North မဲဆန္ဒနယ်မြေကို ရှင်ဖိန်းပါတီကို ပေးလိုက်ရပါတယ်။

SNP ပါတီခေါင်းဆောင် စကော့တလန် ပြည်နယ်ဝန်ကြီး နီကိုလာ စတာဂျင်က သူ့ပါတီအတွက် ဒီရွေးကောက်ပွဲညဟာ ထူးကဲစွာ အောင်မြင်တဲ့ည ဖြစ်တယ်လို့ ပြောပါတယ်။

ယူကေ ရွေးကောက်ပွဲ
ဓာတ်ပုံ ပုံစာ, မဲပေးပြီး ထွက်လာသူတွေဆီက စစ်တမ်းတွေအရ ခန့်မှန်းထားတဲ့ မဲရလဒ်

"ဘောရစ် ဂျွန်ဆင်ရဲ့ ကွန်ဆာဗေးတစ် အစိုးရကို မလိုလားဘူး၊ အီးယူထဲကနေ စကော့တလန် နုတ်ထွက်ဖို့ လုပ်ပိုင်ခွင့် ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်မှာ မရှိဘူး ဆိုတာကို စကော့တလန် ပြည်နယ်သားတွေက ထင်ထင်ရှားရှား ပြလိုက်တာပဲ" လို့ သူက ပြောပါတယ်။

ဒီရွေးကောက်ပွဲ ရလဒ်ဟာ စကော့တလန် ပြည်နယ်အနေနဲ့ လွတ်လပ်ရေးအတွက် နောက်ထပ် လူထုသဘောထား ကောက်ခံပွဲ လုပ်ပြီး သူတို့ရဲ့ အနာဂါတ်ကို ရွေးချယ်နိုင်ဖို့ ခိုင်မာတဲ့ အတည်ပြုချက်တစ်ခုလည်း ဖြစ်ပါတယ်။ အမတ်အများစု နေရာ ရထားတဲ့ ကွန်ဆာဗေးတစ် အစိုးရကတော့ ဒါကို ခွင့်ပြုဖို့ ဝန်လေးမှာ ဖြစ်ပါတယ်။

လေဘာပါတီအတွက် ဒီရွေးကောက်ပွဲ ရလဒ်ဟာ ဒုတိယကမ္ဘာစစ်အပြီးကတည်းက အဆိုးဝါးဆုံး မဲရလဒ် ဖြစ်ပါတယ်။

ကွန်ဆာဗေးတစ်ပါတီက အမတ်နေရာ ၃၆၂ နေရာ၊ လေဘာပါတီက ၁၉၉ နေရာ၊ SNP က ၅၂ နေရာ၊ လစ်ဘရယ် ဒီမိုကရက်ပါတီက ၁၃ နေရာ၊ Plaid Cymru ပါတီက ၄ နေရာ၊ Greens ပါတီက တစ်နေရာ နဲ့ ဘရက်ဇစ်ပါတီက အမတ်နေရာ လုံးဝ မရဘူးလို့ ဘီဘီစီက ခန့်မှန်းထားပါတယ်။

တကယ်လို့ မဲပေးပြီး ထွက်လာသူတွေဆီက ကောက်ခံခဲ့တဲ့ စစ်တမ်းရဲ့ ရလဒ် မှန်တယ် ဆိုရင် ဘောရစ် ဂျွန်ဆင် ဝန်ကြီးချုပ် နေရာ ပြန်ရမှာ ဖြစ်ပြီး တနင်္လာနေ့မှာ ကက်ဘိနက် ဝန်ကြီးနေရာ အနည်းအပါး အပြောင်းအလဲ ရှိမယ်လို့ ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်ရုံးက ပြောပါတယ်။