ယူကေ ရွေးကောက်ပွဲမှာ ကွန်ဆာဗေးတစ်ပါတီ နိုင်ဖို့ ရှိတယ်လို့ မဲပေးပြီး ထွက်လာသူတွေရဲ့ စစ်တမ်းတွေက ဖော်ပြ

ယူကေနိုင်ငံမှာ ကျင်းပတဲ့ အထွေထွေ ရွေးကောက်ပွဲအတွက် မဲပေးမှုတွေ ပြီးဆုံးသွားပြီ ဖြစ်ပါတယ်။
BBC၊ ITV နဲ့ Sky သတင်းဌာနတွေက ရွေးကောက်ပွဲ မဲပေးပြီး ထွက်လာသူတွေဆီက ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ အမတ်နေရာ အများစုဖြစ်တဲ့ ၈၆ နေရာကို ကွန်ဆာဗေးတစ်ပါတီ အနိုင်ရဖို့ ရှိတယ်လို့ သိရပါတယ်။
ကွန်ဆာဗေးတစ် ပါတီအနေနဲ့ အမတ်နေရာ ၃၆၈ နေရာ အနိုင်ရဖို့ ရှိပြီး မဲရလဒ်အားလုံး ရေတွက်ပြီးချိန် ၂၀၁၇ ခုနှစ် ရွေးကောက်ပွဲ တုန်းကထက် အမတ်နေရာ ၅၀ ပိုများဖို့ ရှိတယ်လို့ စစ်တမ်းတွေက ဖော်ပြနေပါတယ်။
လေဘာပါတီကတော့ အမတ်နေရာ ၁၉၁ နေရာ၊ လစ်ဘရယ် ဒီမိုကရက်ပါတီက ၁၃ နေရာနဲ့ SNP က ၅၅ နေရာ ရဖို့ ရှိပြီး ဘရက်ဇစ်ပါတီ ကတော့ အမတ်နေရာ တစ်နေရာမှ မရခဲ့ဘူးလို့ စစ်တမ်းတွေအရ သိရပါတယ်။
Green ပါတီကတော့ ပါလီမန်အမတ် တစ်ဦး ဆက်ရှိနေမှာ ဖြစ်ပြီး Plaid Cymru ပါတီက အမတ်နေရာ တစ်နေရာ လက်လွှတ်ရပြီး စုစုပေါင်း ၃ နေရာပဲ ကျန်တော့မှာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ ပထမဆုံးမဲရလဒ်ကို ယူကေ စံတော်ချိန် ညသန်းခေါင် မတိုင်ခင် သိရမှာ ဖြစ်ပြီး အပြီးသတ် နောက်ဆုံး မဲရလဒ် စုစုပေါင်းကတော့ ဒီဇင်ဘာလ ၁၃ ရက် သောကြာနေ့ နေ့လယ်လောက်မှာ ထွက်ရှိမှာ ဖြစ်ပါတယ်။
မဲရုံကနေ မဲပေးပြီး ထွက်လာသူတွေကို သူတို့ ဘယ်သူ့ကို မဲထည့်ခဲ့သလဲဆိုတာ မဲပြားအတုတစ်ခုမှာ အစမ်းဖြည့်ခိုင်းပြီး စစ်တမ်း ယူခဲ့တာ ဖြစ်ပါတယ်။
မဲရုံပေါင်း ၁၄၄ ရုံမှာ အင်တာဗျူးပေါင်း ၂၂၇၉၀ လုပ်ခဲ့ပြီး စစ်တမ်း ကောက်ယူခဲ့တာပါ။
လတ်တလော နှစ်ပိုင်းတွေအတွင်း ရွေးကောက်ပွဲ မဲပေးပြီး ထွက်လာသူတွေကို ကောက်ယူခဲ့တဲ့ စစ်တမ်းတွေက သိပ်ကို တိကျ မှန်ကန်တယ် ဆိုတာ တွေ့ရပါတယ်။
တကယ်လို့ အခု စစ်တမ်းကလည်း မှန်တယ် ဆိုရင်တော့ ကွန်ဆာဗေးတစ်ပါတီ ခေါင်းဆောင် ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်အနေနဲ့ လာမယ့်လမှာ အီးယူ ဥရောပသမဂ္ဂကနေ ယူကေနိုင်ငံ နုတ်ထွက်ဖို့အတွက် ပါလီမန်မှာ လိုအပ်တဲ့ ထောက်ခံမှုကို ရမှာ ဖြစ်တယ်လို့ ဘီဘီစီ နိုင်ငံရေး အယ်ဒီတာ Laura Kuenssberg က ပြောပါတယ်။
ဒီမဲရလဒ်ဟာ ၁၉၈၇ ခုနှစ်ကတည်းစလို့ ကွန်ဆာဗေးတစ် အကြီးမားဆုံး အောင်ပွဲ ရလဒ် ဖြစ်ပြီး လတ်တလော သမိုင်းမှာ လေဘာပါတီအတွက် အဆိုးဝါးဆုံး ရလဒ် ဖြစ်လာလိမ့်မယ်လို့ စစ်တမ်းက ဆိုပါတယ်။ ဒါပေမဲ့လည်း ဒီစစ်တမ်း မှန်မမှန်ဆိုတာ သောကြာနေ့ လင်းအားကြီးအချိန်ကစလို့ မဲရလဒ်တွေ တဖြည်းဖြည်း ထွက်လာတဲ့အခါကျမှသာ အတိအကျ သိနိုင်မှာ ဖြစ်ပါတယ်။








