ဘရက်ဇစ် နှောင့်နှေးအောင် ဗြိတိန်အမတ်တွေ ထပ်မဲပေး

ဘောရစ်ဂျွန်ဆင်

ဓာတ်ပုံ ရင်းမြစ်, UK Parliament/Jessica Taylor

ဓာတ်ပုံ ပုံစာ, ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဘရက်ဇစ်ဖြစ်စေရမယ်လို့ ဝန်ကြီးချုပ်က အထပ်ထပ်ပြောထား

ယူကေ လွှတ်တော် အမတ်တွေက ယူကေ အီးယူကနေ နုတ်ထွက်မှု နှောင့်နှေးစေမယ့် အဆိုကို အောက်တိုဘာ ၁၉ ရက် စနေနေ့မှာ မဲပေးဆုံးဖြတ်ခဲ့ကြပါတယ်။

အခုလို ဘရက်ဇစ်ကို ထပ်မံနှောင့်နှေးတာတွေ ဖြစ်လာပေမဲ့လည်း သူ့ရဲ့ ဘရက်ဇစ် အစီအစဉ်ကို နောက်မဆုတ်ဘဲ ဆက်လုပ်သွားမယ်လို့ ယူကေ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်ကပြောလိုက်ပါတယ်။

ဝန်ကြီးချုပ်က သူအီးယူနဲ့ သဘောတူခဲ့တဲ့ ဘရက်ဇက်သဘောတူညီချက်ကို ရှေ့သီတင်းပတ်မှာ လွှတ်တော်မှာ မဲခွဲဖို့ တင်ပြမယ်လို့ ပြောလိုက်ပါတယ်။

ဒါပေမဲ့ လွှတ်တော်အမတ်တွေက သဘောတူညီချက်မပါဘဲ အီးယူက ထွက်မယ့်အရေးကို တားဆီးနိုင်မယ့် အဆိုတစ်ခုကို ၃၂၂ မဲ - ၃၀၆ မဲနဲ့ ထောက်ခံခဲ့တဲ့အတွက် သူဟာ အီးယူကနေ နုတ်ထွက်မယ့်ရက်ကို သက်တမ်းထပ်တိုးပေးဖို့ အီးယူဆီက ခွင့်တောင်းရမှာ ဖြစ်ပါတယ်။

အီးယူကနေ နုတ်ထွက်ဖို့က အောက်တိုဘာ ၃၁ ရက်လို့ သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။

ဘရက်ဇစ် နှောင့်နှေးစေမယ့် ပြင်ဆင်ချက်အဆိုကို အတည်ပြုချိန်

ဓာတ်ပုံ ရင်းမြစ်, UK Parliament

ဓာတ်ပုံ ပုံစာ, ဘရက်ဇစ် နှောင့်နှေးစေမယ့် ပြင်ဆင်ချက်အဆိုကို အတည်ပြုချိန်

နောက်တစ်ဆင့် ဘာဆက်လုပ်မယ်ဆိုတာ ယူကေဘက် ပြောရမယ်လို့ အီးယူက ပြောပါတယ်။

အမတ်တွေ ဘာလို့ စနေနေ့မှာ လွှတ်တော်ခေါ် မဲပေးကြရတာလဲ

အခုလို စနေနေ့ လွှတ်တော် ခေါ်ရတာ နှစ်ပေါင်း ၃၇ နှစ်အတွင်းမှာ ပထမဆုံး ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က သူအီးယူနဲ့ ညှိနှိုင်းရရှိခဲ့တဲ့ သဘောတူညီချက်ကို ဆွေးနွေးကြမယ်လို့ မျှော်လင့်ထားခဲ့တာပါ။

ဒါပေမဲ့ အဲဒီအစား တစ်သီးပုဂ္ဂလအမတ် အိုလီဗာ လက်ဝင်းက တင်သွင်းလာတဲ့ အဆိုကိုပဲ တစ်နေကုန် ဆွေးနွေးပြီး မဲခွဲဆုံးဖြတ်ခဲ့ကြရပါတယ်။

စည်းကမ်းရှိရှိ ဆွေးနွေးကြဖို့ သတိပေးနဲ့ လွှတ်တော် ဥက္ကဋ္ဌ ဂျွန်ဘားကိုး

ဓာတ်ပုံ ရင်းမြစ်, UK Parliament/Jessica Taylor

ဓာတ်ပုံ ပုံစာ, စည်းကမ်းရှိရှိ ဆွေးနွေးကြဖို့ သတိပေးနေတဲ့ လွှတ်တော် ဥက္ကဋ္ဌ ဂျွန်ဘားကိုး

အဲဒီအဆိုကို လွှတ်တော်က အရေးယူမဆောင်ရွက်ခင် ဘောရစ်ဂျွန်ဆင်ရဲ့ ဘရက်ဇစ် သဘောတူညီချက်ကို ဟန့်တားထားဖို့ ဖြစ်ပါတယ်။

အခုလို အရေးနိမ်ခဲ့မှုဟာ အောက်တိုဘာလကုန်ရင် ယူကေ အီးယူကနေ ထွက်ကို ထွက်ရမယ်လို့ အထပ်ထပ်ပြောထားတဲ့ ဝန်ကြီးချုပ်အတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ပါတယ်။

နောက်တွန့်မသွားဘူးလို့ဆို

ဒါပေမဲ့ ဝန်ကြီးချုပ်က ရက်တိုးပေးဖို့ အီးယူနဲ့ ဆွေးနွေးသွားမှာ မဟုတ်သလို ဥပဒေအရ အတင်းအကျပ် လုပ်လို့ ရမှာလည်း မဟုတ်ဘူးလို့ ပြောပါတယ်။

ဒါပေမဲ့ အတိုက်အခံ လေဘာ ပါတီခေါင်းဆောင် ဂျရမီ ကိုဘင်ကတော့ ဝန်ကြီးချုပ် အနေနဲ့ အီးယူဆီကနေ ရက်တိုးပေးဖို့ မဖြစ်မနေ တောင်းခံရမယ်လို့ ပြောပါတယ်။

အခုအဆိုတင်သွင်းတဲ့ ဆာ အိုလီဗာ လက်ဝင်းကတော့ အခုအဆိုဟာ အောက်တိုဘာ ၃၁ ရက်မှာ ယူကေဟာ အီးယူကနေ ဘာသဘောတူညီချက်မှ မပါဘဲ မထွက်စေဖို့ ဖြစ်တယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ လက ပြဋ္ဌာန်းခဲ့တဲ့ Benn Act အရ လွှတ်တော်က ဝန်ကြီးချုပ်ရဲ့ သဘောတူညီချက်ကို အဲဒီအချိန်မတိုင်ခင် အတည်မပြုဘူးဆိုရင် ဝန်ကြီးချုပ်အနေနဲ့ ယူကေ နုတ်ထွက်မယ့်ရက် ထပ်တိုးပေးဖို့ အီးယူကို တရားဝင် တောင်းဆိုရမှာ ဖြစ်ပါတယ်။

လွှတ်တော်အပြင်မှာ အောင်ပွဲခံ

ပြည်သူလူထုရဲ့ သဘောထားကို ဒုတိယအကြိမ် ဆန္ဒခံယူပွဲလုပ်ဖို့ တိုက်တွန်းနေသူကတော့ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး လွှတ်တော်အပြင်မှာ လာရောက်အောင်ပွဲခံနေကြပါတယ်။

လွှတ်တော်အမတ်တွေ လွှတ်တော်ထဲမှာ ဆွေးနွေး မဲခွဲနေချိန်မှာ ဆန္ဒပြသူတွေက လန်ဒန်မြို့လယ်က လမ်းတွေမှာ စီတန်းလှည့်လည်ခဲ့ကြပါတယ်။

ဝန်ကြီးချုပ်ရဲ့သဘောတူညီချက် နှောင့်နှေးစေမယ့်အဆိုနိုင်သွားလို့ အောင်ပွဲခံနေကြသူတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဝန်ကြီးချုပ်ရဲ့သဘောတူညီချက် နှောင့်နှေးစေမယ့်အဆိုနိုင်သွားလို့ အောင်ပွဲခံနေကြသူတွေ

ဒီကန်ပိန်းစီစဉ်သူတွေကတော့ လူတွေ သန်းချီတက်ရောက်ခဲ့တယ်လို့ ပြောပြီး ရဲတွေကတော့ လမ်းတွေမှာ လူတွေအများအပြားရှိခဲ့တယ်လို့ ပြောပါတယ်။

လက်ဝင်းပြင်ဆင်ချက်အဆိုကို အောက်လွှတ်တော်က အတည်ပြုလိုက်တယ်ဆိုတာ သိရတဲ့အခါ လွှတ်တော်ရှေ့က လူအုပ်ကြီးက အကြီးအကျယ် အော်ဟစ်အောင်ပွဲခံခဲ့ကြပါတယ်။