ဘရက်ဇစ် သဘောတူချက်သစ် ရသွားပြီလို့ ဘောရစ်ဂျွန်ဆင်ပြော

ဓာတ်ပုံ ရင်းမြစ်, PA Media
ဘရပ်ဆဲလ်စ်မြို့မှာ အီးယူ ဥရောပသမဂ္ဂ ခေါင်းဆောင်တွေရဲ့ အစည်းအဝေး မတိုင်ခင် ယူကေနဲ့ အီးယူ ညှိနှိုင်းရေးအဖွဲ့ အကြား ဘရက်ဇစ် သဘောတူချက်သစ်တစ်ခု ရသွားပြီ ဖြစ်ပါတယ်။
ပြန်ထိန်းချုပ်နိုင်တော့မယ့် ကောင်းမွန်တဲ့ သဘောတူချက် တစ်ခု ရခဲ့ပါပြီ လို့ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က သူ့ရဲ့ တွစ်တာမှာ တင်ခဲ့ပါတယ်။
သဘောတူချက်တစ်ခုရဲ့ ဥပဒေပိုင်းဆိုင်ရာ အချက်အလက်တွေအတွက် နှစ်ဘက်စလုံးက ညှိနှိုင်းနေကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့
ဒါပေမဲ့ ဥရောပ ကော်မရှင် ဥက္ကဋ္ဌ ယောန် ကလော့ ယန်ကာ ကတော့ ဒီသဘောတူချက်သစ်ဟာ မျှတတဲ့ သဘောတူချက် ဖြစ်တယ်လို့ ပြောပါတယ်။
သူရော မစ္စတာ ဂျွန်ဆင်ကပါ ဒီသဘောတူချက်သစ်ကို ထောက်ခံကြဖို့ သူတို့ရဲ့ ပါလီမန်တွေကို တိုက်တွန်းထားပါတယ်။
ဒီသဘောတူချက်ကို အတည်ပြုထောက်ခံပေးဖို့ ဥရောပ ကောင်စီ ဥက္ကဋ္ဌ ဒေါ်နယ် တုစ်ခ် ထံ သူတင်ပြတဲ့ စာထဲမှာ အခုချိန်ဟာ အီးယူကနေ ယူကေ နုတ်ထွက်ရေး လုပ်ငန်းစဉ် အပြီးသတ်ဖို့နဲ့ ယူကေနဲ့ အီးယူအကြား အနာဂတ်မှာ မိတ်ဖက် ဆက်ဆံရေးကို အမြန်ဆုံး ညှိနှိုင်းရေးအတွက် ဆက်လုပ်ဖို့ အချိန်ကောင်း ဖြစ်တယ်လို့ မစ္စတာ ကလော့ ယန်ကာ က ရေးထားပါတယ်။
ဒီသဘောတူချက်သစ်ကို ထောက်ခံကြဖို့ မစ္စတာ ကလော့ဒ် ယန်ကာရော မစ္စတာ ဂျွန်ဆင်ကပါ သူတို့ရဲ့ ပါလီမန်တွေကို တိုက်တွန်းလိုက်ပါတယ်။
အီးယူ ညှိနှိုင်းရေးမှူး မီရှဲ ဘာနီယေကလည်း ဘရပ်ဆဲစ်မြို့မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ခုလိုပြောခဲ့ပါတယ်။
မြောက်ပိုင်းအိုင်ယာလန်အနေနဲ့ အီးယူရဲ့ ကုန်သွယ်ရေးဥပဒေ အကန့်အသတ်တချို့အောက်မှာ ဆက်ရှိနေမှာ ဖြစ်ကြောင်း၊ မြောက်ပိုင်းအိုင်ယာလန်အထဲမှာတော့ မဟုတ်ဘဲ နယ်စပ်ဂိတ်ဝမှာ ကုန်သွယ်ရေးပစ္စည်းတွေနဲ့ ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်းတွေကို လုပ်ဆောင်သွားမယ့်သဘောဖြစ်ကြောင်း၊ ဒီ့အတွက် မြောက်ပိုင်းအိုင်ယာလန်ထဲမှာ အကောက်ခွန်ကုဒ်တွေ ချမှတ်မှုမှာ ယူကေအာဏာပိုင်တွေက ကြီးကြပ်လုပ်ဆောင်ဖို့ ရှိကြောင်း ပြောသွားပါတယ်။
အီးယူကနေ ယူကေ နုတ်ထွက်ပြီးတဲ့အခါ အိုင်ယာလန် နယ်စပ်တဝိုက် ဖြစ်ပေါ်လာမယ့် ပြဿနာတွေကို ဖြေရှင်းရေး ဝန်ကြီးချုပ်ဟောင်း ထရီစာမေနဲ့ အီးယူအကြား ညှိနှိုင်းခဲ့တဲ့ အာမခံချက်ကို ပယ်ဖျက်ပစ်ဖို့ကိုပဲ အခုသဘောတူချက်သစ်မှာ မစ္စတာ ဂျွန်ဆင်က ဆက်အဆိုပြုခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီလို ပယ်ဖျက်လိုက်ခြင်းအားဖြင့် မစ္စတာ ဂျွန်ဆင်က သူ့ပါတီတွင်းနဲ့ DUP မြောက်ပိုင်း အိုင်ယာလန် ပါတီတွင်းမှာ ရှိနေတဲ့ အီးယူကနေ ယူကေနုတ်ထွက်ရေး ထောက်ခံသူတွေဆီက ထောက်ခံမဲ ရနိုင်မယ်လို့ မျှော်လင့်ခဲ့ပါတယ်။
၂၀၁၇ ခုနှစ် ရွေးကောက်ပွဲကတည်းက စလို့ ကွန်ဆားဗေးတစ်ပါတီနဲ့ သဘောတူချက် ယူထားတဲ့ DUP ပါတီဟာ အရင်ကလည်း အစိုးရကို ထောက်ခံမဲအများစု ပေးခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ပိုင်းတွေအတွင်း ကွန်ဆာဗေးတစ် အမတ် ၂၀ ကျော် ရာထူးကနေ နုတ်ထွက်ခဲ့အပြီးမှာ အခုအခါ မစ္စတာ ဂျွန်ဆင်အနေနဲ့ သူ့သဘောတူချက်ကို ပါလီမန်တွင်း ထောက်ခံမဲရနိုင်ဖို့ အတော်လေး ကြိုးပမ်းရဖို့ ရှိနေပါတယ်။
အစောပိုင်းတုန်းက DUP ပါတီက ဘရက်ဇစ် အဆိုပြုချက်တွေကို သူတို့အနေနဲ့ မထောက်ခံနိုင်ကြောင်း ထုတ်ပြန်ထားပြီး ဝန်ကြီးချုပ်ရဲ့ ထုတ်ဖော်ကြေညာချက် ထွက်ပေါ်ခဲ့အပြီးမှာလည်း သူတို့ရဲ့ ထုတ်ပြန်ချက် သဘောထားအတိုင်း ဆက်ရှိနေဆဲပဲလို့ ပြောပါတယ်။
ဒီသဘောတူချက်သစ်ကို ယူကေနဲ့ ဥရောပ ပါလီမန်တွေရဲ့ အတည်ပြုချက် ယူဖို့ လိုဦးမှာ ဖြစ်ပါတယ်။








