အယ်လ်ချာပို - ရဲတွေ ဝင်ဖမ်းပေမဲ့ အပြင်းအထန်ခုခံပြီး မူးယစ်ရာဇာသား လွတ်သွား

ဓာတ်ပုံ ရင်းမြစ်, Reuters
ထောင်ကျနေတဲ့ မက္ကဆီကို မူးယစ်ရာဇာ အယ်လ်ချာပိုရဲ့သား တစ်ယောက်ကို ရဲတွေက ဝင်ဖမ်းတဲ့အတွက် မက္ကဆီကို နိုင်ငံ မြောက်ပိုင်းမှာ တိုက်ပွဲတွေ အောက်တိုဘာ ၁၇ ရက် က အပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။
ရဲတွေက ပုံမှန် ကင်းလှည့်ရင်း အိုဗီသီယို ဂုဇ်မန်း လိုပက်စ်ကို ကော်လ်ယာကန်မြို့မှာ တွေ့ခဲ့လို့ ဖမ်းဆီးတဲ့အတွက် ဒီလို တိုက်ပွဲတွေ ဖြစ်ခဲ့တာပါ။
လက်နက်အင်အား အပြည့်နဲ့ ကားပေါ်က လူတွေက ရဲတွေကို တိုက်ခိုက်ပစ်ခတ်နေတဲ့ ဗီဒီယိုတွေထွက်ပေါ်လာပါတယ်။
ဗီဒီယိုထဲမှာ အလောင်းတွေ၊ မီးလောင်နေတဲ့ အတားအဆီးတွေရဲ့ ပုံတွေ ပါဝင်ပါတယ်။
ဒီထက်ပိုဆိုးတဲ့ အကြမ်းဖက်တာတွေ ဖြစ်မလာအောင် သူတို့ဝင်ဖမ်းတဲ့ အယ်လ်ချာပိုရဲ့သားမပါလာဘဲ ရဲတွေက ပြန်ဆုတ်ခွာလာတယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။
မစ္စတာ ဂုဇ်မန်းရှိတဲ့နေရာကို လက်နက်အပြည့်အစုံနဲ့ ရဲတွေက ဝင်ဖမ်းပေမဲ့ မူးယစ်ဂိုဏ်းသားတွေဘက်က အပြင်းအထန် ပြန်တိုက်ခိုက်လို့ မြို့ပြန်လည်ငြိမ်ရေးနဲ့ ရဲတွေရဲ့ အသက်အန္တရာယ်ကို မထိပါးအောင်လို့ သူတို့ဝင်ဖမ်းတဲ့ နေရာကနေ ပြန်ဆုတ်ခွာခဲ့တယ်လို့ မက္ကဆီကို လုံခြုံရေး ဝန်ကြီးက ပြောပါတယ်။
ဂုဇ်မန်းကတော့ အသက်ရှင်လျက် လွတ်မြောက်သွားတယ်လို့ သူ့မိသားစု ရှေ့နေက အေပီ သတင်းဌာနကို ပြောပါတယ်။
မက္ကဆီကို သမ္မတကတော့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး လုံခြုံရေးတာဝန်ရှိတဲ့ အစိုးရ အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးမယ်လို့ ပြောပါတယ်။
သမ္မတ လိုပက်စ် အော်ဘရာဒေါရဲ့ ရွေးကောက်ပွဲ မူဝါဒတွေထဲမှာ မက္ကဆီကို မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပါဝင်ခဲ့ပြီး အခုတော့ မူးယစ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ တပ်ဖွဲ့အသစ်နဲ့ ဆောင်ရွက်နေပါတယ်။
အယ်လ်ချာပိုရဲ့ ဦးဆောင်မှုအောက်မှာ ဆင်နာလိုအာ ဂိုဏ်းဟာ အမေရိကန်ကို မူးယစ်ဆေးဝါးရောင်းတဲ့ အကြီးဆုံး အဖွဲ့ ဖြစ်ခဲ့တယ်လို့ မက္ကဆီကို အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
အယ်လ်ချာပို ထောင်ကျနေချိန်မှာ အဲဒီ မူးယစ်လုပ်ငန်းကြီးကို အခု ဝင်ဖမ်းခံရတဲ့ အိုဗီသီယို ဂုဇ်မန်း လိုပက်ဇ်က တစ်စိတ်တစ်ပိုင်း ထိန်းချုပ်နေတယ်လို့ ယူဆရပါတယ်။
သူဟာ အသက် ၂၀ ကျော် အရွယ်ရှိသူဖြစ်ပြီး အယ်လ်ချာပိုရဲ့ သားတွေထဲက လူသိအများဆုံး တစ်ယောက်တော့ မဟုတ်ပါဘူး။
ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။
End of X post
တိုက်ခိုက်မှုတွေ မြို့ထဲမှာ ဘယ်လိုဖြစ်ခဲ့လဲ
ရဲတွေက ပုံမှန်အတိုင်း ကင်းလှည့်ရှာဖွေရင်းနဲ့ အိမ်တစ်လုံးမှာ မစ္စတာ ဂုဇ်မန်းကို တွေ့ခဲ့တာလို့ အစိုးရ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images
သူ့ကို အဲလို တွေ့သွားလို့ မူးယစ်ဂိုဏ်းသားတွေက အပြင်းအထန် ခုခံတိုက်ခိုက်မှုတွေ လုပ်ပြီး ရဲတွေလက်ကနေ သူ့ကို ပြန်လုခဲ့ကြတယ်။ နောက် မြို့ရဲ့ တခြားနေရာတွေမှာလည်း လုံခြုံရေး တပ်ဖွဲ့တွေကို တိုက်ခိုက်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုတွေကို မျက်မြင်တွေ့ခဲ့သူတွေကတော့ မြို့လူထု ထိတ်လန့်တုန်လှုပ်ခဲ့ကြရတယ်လို့ ဆိုပါတယ်။ ကလေးငယ်တွေနဲ့ မိသားစုတွေက သေနတ်ပစ်ခတ်မှုတွေကြားကနေ ထွက်ပြေးကုန်ကြတယ်လို့ ပြောပါတယ်။
လမ်းတွေ ပိတ်ဆို့ကုန်အောင်ဆိုပြီး ထရပ်ကားတွေကို မီးတင်ရှို့ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
ဘာတွေဖြစ်ကုန်တယ်ဆိုတာ ဘယ်သူမှ မသိကြဘူး။ ဒါပေမဲ့ အကုန်လုံး ကြောက်လန့်နေကြတယ်။ ကျွန်တော့်တို့ကို မနက်ဖြန် အလုပ်မလာဖို့တော့ ပြောထားတယ်လို့ မြို့ခံတစ်ယောက်က ပြောပါတယ်။
ဆိုရှယ်မီဒီယာပေါ်က ပုံတွေမှာတော့ အမိုးဖွင့် ထရပ်ကား နောက်ခန်းမှာ စက်သေနတ်တွေ တပ်ထားတဲ့ ကားတစ်စီးကို မြင်ရပြီး အဲဒါက စစ်ပွဲတစ်ခု ဖြစ်နေတဲ့ မြင်ကွင်းအတိုင်း တွေ့ရပါတယ်။
တခြားဗီဒီယို တစ်ခုမှာတော့ ကားတွေ၊ ဆိုင်တွေကို အကာအကွယ်ယူပြီး သေနတ်သံတွေ ဆူညံနေတဲ့ ကြားက တွန်းထိုးထွက်ပြေးနေတဲ့ မိသားစုတွေကို တွေ့ရပါတယ်။
ဒီတိုက်ခိုက်မှုတွေကြောင့် လူ နှစ်ယောက်သေဆုံးပြီး ၂၁ ယောက် ဒဏ်ရာ ရရှိသွားတယ်လို့ ကနဦး သတင်းတွေအရ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
ဓာတ်ပုံတွေမှာ အလောင်းတွေ မြင်ရတဲ့ ပုံအရ သေဆုံးသူတွေ ထပ်တိုးလာနိုင်ဖွယ် ရှိပါတယ်။
တိုက်ပွဲတွေ ဖြစ်ခဲ့အပြီး မြို့က အကျဉ်းထောင်ကနေ ထောင်သားတချို့လည်း လွတ်မြောက်သွားတယ်လို့ ဒေသခံ အစိုးရက ပြောပါတယ်။
အယ်လ်ချာပို မူးယစ်ဆေးရောင်းဝယ်ရေး ဘယ်လိုလုပ်ခဲ့လဲ
အယ်လ်ချာပို အပြင် အပုလေးလို့လည်း နာမည်ရှိတဲ့သူဟာ ဆင်နာအိုလာ မူးယစ်အဖွဲ့ကြီးကို မက္ကဆီကို မြောက်ပိုင်းတလွှားမှာ ခေါင်းဆောင် လုပ်ကိုင်ခဲ့ပါတယ်။
အချိန်တစ်ခုအတွင်းမှာ အဲဒီဂိုဏ်းက အမေရိကန်ကို မူးယစ်ဆေးဝါးတွေ အများဆုံးရောင်းတဲ့ ဂိုဏ်းကြီး ဖြစ်လာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images
သူဟာ ထောင်ချခံရပေမဲ့ မက္ကဆီကို ထောင်တစ်ခုကနေ လှိုဏ်ခေါင်းတူးပြီး ၂၀၁၅ မှာ ထွက်ပြေးလွတ်မြောက်ဖူးပါတယ်။ ဒါပေမဲ့ နောက်ပိုင်း ပြန်အဖမ်းခံခဲ့ရပါတယ်။ ၂၀၁၇ မှာတော့ အမေရိကန်ကို လွှဲပြောင်းပေးပို့ခံခဲ့ရပါတယ်။
သူ့ကို အမေရိကန်ကို ကိုကင်းတန်ပေါင်းများစွာ ရောင်းချသူ အဖြစ် စွပ်စွဲခံထားရပြီး ဘိန်းဖြူ၊ မက်သာဖက်တမင်းနဲ့ ဆေးခြောက်တွေ ထုတ်လုပ်ဖြန့်ဖြူးသူလို့လည်း စွပ်စွဲခံရပါတယ်။
အသက် ၆၂ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ အယ်လ်ချာပိုဟာ အမေရိကန်နိုင်ငံ နယူးယောက်က တရားရုံးမှာ အမှု ၁၀ မှုအတွက် အပြစ်ရှိတယ်ဆိုပြီး စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ ဒီအမှုတွေထဲမှာ မူးယစ်ကုန်သွယ်မှုနဲ့ ငွေကြေးခဝါချမှုတွေ ပါဝင်ပါတယ်။









