ပါလီမန်ကို နားလိုက်တာ ဥပဒေနဲ့ မညီဘူးလို့ တရားရုံးချုပ် ဆုံးဖြတ်

ဓာတ်ပုံ ရင်းမြစ်, EPA
ယူကေ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပါလီမန်ကို ရပ်နားထားဖို့ ဆုံးဖြတ်လိုက်တာဟာ ဥပဒေနဲ့ မညီဘူးလို့ တရားရုံးချုပ်က ဆုံးဖြတ်အမိန့်ချလိုက်ပါတယ်။
မစ္စတာဂျွန်ဆင်က ပါလီမန်ကို ငါးပတ်ကြာရပ်ထားဖို့ ဒီလအစောပိုင်းက ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမယ့် ဗြိတိန်ဟာ အောက်တိုဘာလ ၃၁ ရက်နေ့မှာ ဥရောပသမဂ္ဂက နုတ်ထွက်ဖို့ ပြင်ဆင်နေရချိန်မှာ ပါလီမန်အမတ်တွေကို သူတို့ လုပ်ဆောင်ရမယ့် လုပ်ငန်းတွေကို ရပ်ထားခိုင်းလိုက်တာ မှားယွင်းတယ်လို့ တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။
တရားရုံးချုပ်က တရားသူကြီးချုပ် လေဒီဟေးလ်က အဲဒီ လုပ်ရပ်ဟာ "ဒီမိုကရေစီရဲ့ အခြေခံအနှစ်သာရတွေအပေါ် ထိခိုက်မှုက တော်တော်ကြီး ကြီးမားတယ်" လို့ ဆိုပါတယ်။
ဝန်ကြီးချုပ်ရုံးကတော့ တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ကို လောလောဆယ်မှာ လေ့လာသုံးသပ်နေတယ်လို့ ဆိုပါတယ်။
ဝန်ကြီးချုပ် မစ္စတာ ဂျွန်ဆင်ကတော့ ပါလီမန်ကို ရပ်နားထားလိုက်ရတာဟာ အစဉ်အလာအရ ပါလီမန်မှာ ဘုရင်မကြီးက မိန့်ခွန်းလာပြောတဲ့ အစီအစဉ်ကို စတင်ချင်လို့လို့ ပြောပါတယ်။ အဲဒီ မိန့်ခွန်းမှာ သူ့ အစိုးရရဲ့ မူဝါဒအသစ်တွေကို ချပြနိုင်ဖို့အတွက်လို့ ပြောထားပါတယ်။
ဒါပေမယ့် ပါလီမန်ကို ရပ်တာဟာ အတိုက်အခံတွေက ဘောရစ်ဂျွန်ဆင်ရဲ့ ဘရက်ဇစ်အစီအစဉ်ကို ဝေဖန်ထောက်ပြတာမျိုး မလုပ်နိုင်အောင်အောင် အကွက်ချ လုပ်လိုက်တာ ဖြစ်တယ်လို့ ယူဆသူတွေလည်း အများအပြား ရှိပါတယ်။
အခု တရားရုံးချုပ်ရဲ့ ဆုံးဖြတ်ချက်ထွက်လာပြီးတဲ့ အချိန်မှာတော့ မစ္စတာဂျွန်ဆင် နုတ်ထွက်ဖို့နဲ့ ပါလီမန် အမြန်ဆုံး ပြန်စဖို့ လွှတ်တော်တော် အမတ် တော်တော်များများက တောင်းဆိုလာကြပါတယ်။
အတိုက်အခံ လေဘာခေါင်းဆောင် ဂျယ်ရမီ ကိုဘင်ကလည်း မစ္စတာ ဂျွန်ဆင်ဟာ "ဒီမိုကရေစီကို မထေမဲ့မြင်လုပ်သူဖြစ်တယ်ဆိုတာ တရားရုံး အဆုံးအဖြတ်က ပြနေတယ်" လို့ ဆိုလိုက်ပြီး ဘောရစ်ဂျွန်ဆင် သူ့ရာထူးနေရာအတွက် စဉ်းစားပါလို့ သူ့အနေနဲ့ တောင်းဆိုလိုက်တယ်လို့ ဆက်ပြောပါတယ်။
ပါလီမန်ကို ရပ်နားထားဖို့ ဘုရင်မကြီးကို အကြံပြုဖို့ ဆုံးဖြတ်ချက်ဟာ ဥပဒေနဲ့ မညီညွတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အကြောင်းပြချက် မခိုင်လုံပဲ ပါလီမန်ကို သူ့ရဲ့ အခြေခံဥပဒေပါ လုပ်ငန်းတွေ လုပ်ဆောင်နိုင်ခြင်း မရှိအောင် တားဆီးထားလိုက်တဲ့ အကျိုးဆက်တွေ ရှိလာလို့ပါလို့ တရားသူကြီးချုပ် လေဒီဟေးလ်က သူ့ရဲ့ အမိန့်ထဲမှာ ထည့်ပြောသွားပါတယ်။
ပါလီမန်ကို ရပ်နားထားလို့ မရဘူး၊ ရပ်နားထားဖို့ ဆုံးဖြတ်ချက်ဟာ တရားမဝင် အတည်မဖြစ်ဘူး၊ ဒါကြောင့် ပျက်ပြယ်တယ်၊ ရှေ့ကို ဘာဆက်လုပ်ရမယ် ဆိုတာကိုတော့ ပါလီမန် ဥက္ကဌနဲ့ အထက်လွှတ်တော် အမတ်တွေက ဆုံးဖြတ်ရမှာ ဖြစ်တယ်လို့ တရားရုံးချုပ် တရားသူကြီး ၁၁ယောက်စလုံးက တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြပါတယ်။
ပါလီမန် ဥက္ကဌဂျွန် ဘားကိုးက တရားသူကြီးတွေရဲ့ အဆုံးအဖြတ်ကို ကြိုဆိုလိုက်ပြီး ပါလီမန်ကို အချိန်မဆွဲပဲ ပြန်ကျင်းပရမယ့် အကြောင်းနဲ့ ပါတီခေါင်းဆောင်တွေကို သူ အရေးတကြီး ဆွေးနွေးတိုင်ပင်သွားမှာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ထိခိုက်မှုကြီး ဖြစ်ခဲ့ပြီ

ကလိုက် ကိုးလ်မင်း
ဥပဒေရေးရာ သတင်းထောက်ရဲ့ သုံးသပ်ချက်
အခု ဆုံးဖြတ်ချက်ဟာ ဥပဒေရေးရာ၊ အခြေခံဥပဒေဆိုင်ရာနဲ့ နိုင်ငံရေးပိုင်းအရ ဗုံးတစ်လုံး ဖောက်ခွဲလိုက်သလိုပါပဲ။
အဲဒီ အတိုင်းအဆ ပမာဏကို ခဏလေး နားပြီး စဉ်းစားကြည့်လိုက်ပါ။ ယူကေရဲ့ ဝန်ကြီးချုပ်တစ်ယောက်က တိုင်းပြည်ရဲ့ အရေးပေါ် အခြေအနေနဲ့ ရင်ဆိုင်နေရတဲ့ ကာလမှာ နိုင်ငံရဲ့ အခြေခံဥပဒေက ပြဌာန်းပေးထားတဲ့ လွတ်လပ်တဲ့ အဖွဲ့အစည်းဖြစ်တဲ့ ပါလီမန်ကို ရပ်နားထားလိုက်တာဟာ ဥပဒေနဲ့ မညီတဲ့ လုပ်ရပ်ဖြစ်တယ်လို့ နိုင်ငံရဲ့ အမြင့်ဆုံး တရားရုံးချုပ်က ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
တရားရုံးချုပ်က ဘောရစ်ဂျွန်ဆင်ဟာ ပါလီမန်ရဲ့ စစ်ဆေး စောင့်ကြည့်မှုတွေကို ပျက်ပြားအောင်လုပ်လိုတဲ့ မသမာတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တယ်ဆိုတဲ့ အထိ မပြောခဲ့ပေမယ့် သူ့အတွက် ထိခိုက်မှုကတော့ ကြီးကြီးမားမား ရှိသွားပါပြီ။ ဥပဒေချင်းရာအရ ခိုင်မာတဲ့ အခြေခံမရှိပဲ ပါလီမန်ကို သူ့အလုပ်သူ မလုပ်နိုင်အောင် ဥပဒေနဲ့ မညီဘဲ တားမြစ်ခဲ့တာကို တွေ့ရတယ်လို့ ဆုံးဖြတ်ခံခဲ့ရပါပြီ။
တခါ ဘောရစ်ဂျွန်ဆင်ရဲ့ ဘုရင်မကြီးကို ပေးခဲ့တဲ့ အကြံနဲ့ ပါလီမန်ကို ရပ်နားထားဖို့ ထုတ်ခဲ့တဲ့ အမိန့်တွေဟာ ပျက်ပြယ်တယ်လို့လည်း တရားရုံးချုပ်က အမိန့်ချခဲ့ပါတယ်။
ဒါဟာ လွတ်လပ်တဲ့ တရားသူကြီးတွေက ဥပဒေရေးရာ ပြန်လှန်သုံးသပ်တဲ့ လုပ်ငန်းစဉ်ကို သုံးပြီး အစိုးရတစ်ရပ်က တရားဥပဒေနဲ့ မညီညွတ်ဘဲ လုပ်ခဲ့တဲ့ လုပ်ရပ်တစ်ခုကို ကြားကနေ ဖြတ်တားဆီးလိုက်တာပါ။ ဝန်ကြီးချုပ် တစ်ယောက် ဖြစ်နေပါစေ၊ တရားဥပဒေရဲ့ အထက်မှာ ရှိမနေရဘူးဆိုတာကို ပြလိုက်တာပါပဲ။
ဒါမျိုးအရင်က မကြုံခဲ့ဖူးပါဘူး၊ အစဉ်အလာ မရှိခဲ့ဖူးပါဘူး၊ သိပ်ကို ထူးခြားပါတယ်။ ဒီကနေ့ ဆုံးဖြတ်ချက်ရဲ့ အခြေခံဥပဒေအရ၊ နိုင်ငံရေးအရ ထူးခြားမှုကတော့ ရှေ့ကို သက်ရောက်မှုတွေ ကြီးကြီးမားမား တွေ့လာရနိုင်ပါတယ်။









