အီးယူနဲ့ သဘောတူညီချက်မပါဘဲ ဗြိတိန်နုတ်ထွက်ရေးကိစ္စ ပါလီမန်မှာ ဘောရစ် ဂျွန်ဆင် ရှုံးနိမ့်

ဓာတ်ပုံ ရင်းမြစ်, UK PARLIAMENT/JESSICA TAYLOR
စက်တင်ဘာလ ၃ ရက် အင်္ဂါနေ့ဟာ ဗြိတိန်နိုင်ငံရဲ့ နိုင်ငံရေး လောကမှာ သိပ်ကို အရေးပါတဲ့ နေ့ကြီးတစ်နေ့ ဖြစ်ခဲ့ပါတယ်။
အီးယူနဲ့ သဘောတူညီချက်မပါဘဲ ဗြိတိန် နုတ်ထွက်မှာကို ကန့်ကွက်တဲ့ အဆိုပြုချက်ကို အောက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ရာမှာ ကန့်ကွက်သူတွေဘက်က အနိုင်ရသွားခဲ့တဲ့အတွက် ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင် ဦးဆောင်တဲ့ အစိုးရအတွက် အကြီးအကျယ် အထိနာသွားခဲ့ပါတယ်။ ဒါဟာ အီးယူကနေ ဗြိတိန်နိုင်ငံ ဘယ်တော့ နုတ်ထွက်မလဲ၊ ဘယ်လို နုတ်ထွက်မလဲ ဆိုတာအပေါ် သိသာ ထင်ရှားတဲ့ အကျိုးဆက်တွေ ဖြစ်လာနိုင်စရာ ရှိပါတယ်။
အောက်လွှတ်တော်မှာ အရေးနိမ့်ခဲ့ရတဲ့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ဟာ စက်တင်ဘာ ၄ ရက် ဗုဒ္ဓဟူးနေ့မှာတော့ လွှတ်တော် အမတ်တွေရဲ့ မေးခွန်းတွေကို ဖြေကြားဖို့ ၀န်ကြီးချုပ် အမေးအဖြေ ပထမအကျော့ပွဲကို လာရောက်ရမှာ ဖြစ်ပါတယ်။
ဘောရစ် ဂျွန်ဆင်က အီးယူကနေ ဗြိတိန်နိုင်ငံ နုတ်ထွက်ရေးမှာ အီးယူနဲ့ သဘောတူချက်တစ်ခု ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ နောက်ဆုံးနေ့ရက် သတ်မှတ်ထားတဲ့ အောက်တိုဘာလ ၃၁ ရက်နေ့မှာ ထွက်ကို ထွက်ဖို့ သန္နိဋ္ဌာန် ချထားတာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒါပေမဲ့လည်း အီးယူနဲ့ မညှိနှိုင်း သဘောတူချက် မယူနိုင်ဘဲ ဗြိတိန် နုတ်ထွက်မှာကို ကန့်ကွက်နေကြတဲ့ နိုင်ငံရေး သမားတွေက အင်္ဂါနေ့တုန်းက အောက်လွှတ်တော်မှာ ဒီကိစ္စ မဲခွဲဆုံးဖြတ်ခဲ့ရာမှာ အနိုင်ရသွားခဲ့ကြတာ ဖြစ်ပါတယ်။
တကယ်လို့ ညှိနှိုင်း သဘောတူချက်သစ်တစ်ခုကို လွှတ်တော်အမတ်တွေ လက်မခံဘူးဆိုရင် အီးယူကနေ ဗြိတိန်နုတ်ထွက်ဖို့ ကိစ္စကို လာမယ့် ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ဝန်ကြီးချုပ်က ဆိုင်းငံ့ထားရမယ့် ဥပဒေ တစ်ခုကို အတည်ပြုဖို့ သူတို့က စီစဉ်နေကြတာပါ။
ဒါပေမဲ့လည်း အဲဒီလို အချိန် ထပ်ဆိုင်းငံ့ပေးဖို့ အီးယူကို ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က ပန်ကြားတော့မှာ မဟုတ်ပါဘူး။ အဲဒီအစား ရွေးကောက်ပွဲ အချိန်စောခေါ်ဖို့ကိုပဲ လုပ်မယ်လို့ သူက ပြောပါတယ်။
ဒါပေမဲ့ ဒီလို လုပ်နိုင်ဖို့အတွက် လွှတ်တော်အမတ် ၃ ပုံ ၂ ပုံ က သဘောတူရမှာ ဖြစ်ပြီး သူတို့ သဘောတူကြမလား ဆိုတာ သိပ်မသေချာလှပါဘူး။
ဒီလိုအခြေအနေအထိ ဘယ်လို ဖြစ်လာသလဲ
အီးယူကနေ ဗြိတိန်နိုင်ငံ နုတ်ထွက်ဖို့ ဗြိတိန် ပြည်သူတွေက လွန်ခဲ့တဲ့ ၃ နှစ်ကျော်လောက်က မဲပေး ဆုံးဖြတ်ခဲ့ကြတာပါ။
ဒီလို နုတ်ထွက်ရာမှာ စည်းကမ်း သတ်မှတ်ချက်တွေပါဝင်တဲ့ သဘောတူချက်တစ်ခု ရဖို့ အရင် ဝန်ကြီးချုပ် ထရီစာ မေက အီးယူနဲ့ ညှိနှိုင်းခဲ့ပါတယ်။ မူလက ၂၀၁၉ ခုနှစ် မတ်လ ၂၉ ရက်နေ့မှာ အီးယူကနေ နုတ်ထွက်ဖို့ လျာထားခဲ့တာပါ။
အခုလိုပဲ အဲဒီတုန်းကလည်း အစိုးရ တင်ပြတဲ့ သဘောတူချက်ကို ပါလီမန်က လက်မခံခဲ့ပါဘူး။ ထရီစာ မေ အဆိုပြုတဲ့ သဘောတူချက်ကို ပါလီမန်က အတည်မပြုခဲ့တဲ့အတွက် အီးယူကနေ ဗြိတိန်နိုင်ငံ နုတ်ထွက်ဖို့အရေး ရက်တိုး ဆိုင်းငံ့ပေးဖို့ အီးယူကို ထရီစာ မေက ပန်ကြားခဲ့ရပါတယ်။ အဲဒီနောက်မှာ ထရီစာ မေ ဝန်ကြီးချုပ် ရာထူးကနေ နုတ်ထွက်ပေးခဲ့ရပါတယ်။
ကွန်ဆာဗေးတစ် ပါတီဝင်တွေက သူတို့ရဲ့ ပါတီခေါင်းဆောင်သစ်အဖြစ် ဘောရစ် ဂျွန်ဆင်ကို မဲပေး ဆုံးဖြတ်ခဲ့ကြတဲ့အတွက် ဇူလိုင်လကုန်ပိုင်းမှာ ဘောရစ် ဂျွန်ဆင် ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။
ဘောရစ် ဂျွန်ဆင်က ဘာကြီးဖြစ်နေနေ၊ နောက်ဆုံးရက် သတ်မှတ်ထားတဲ့ အောက်တိုဘာလ ၃၁ ရက်နေ့မှာ အီးယူထဲကနေ ဗြိတိန် နုတ်ထွက်မယ်လို့ သန္နိဋ္ဌာန် ချထားခဲ့တာပါ။
ဒါပေမဲ့ ထရီစာ မေလိုပဲ ဘောရစ် ဂျွန်ဆင်ကိုယ်တိုင်လည်း ပါလီမန်မှာ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင် လုပ်ချင်သလို လုပ်လို့မရတာ ဘာ့ကြောင့်လဲ
အဲဒါကတော့ သူ့ကို ထောက်ခံတဲ့ လွှတ်တော်အမတ် အရေအတွက်နဲ့ ဆိုင်ပါတယ်။
အင်္ဂါနေ့ မနက်ပိုင်းမှာ ပါလီမန်မှာ ဘောရစ် ဂျွန်ဆင်ကို ထောက်ခံတဲ့ အမတ်အများစု ရှိခဲ့ပါတယ်။ နေ့လယ်ပိုင်း ရောက်တဲ့အခါမှာတော့ အီးယူကို ထောက်ခံတဲ့ လစ်ဘရယ် ဒီမိုကရက်ပါတီထဲ ကွန်ဆာဗေးတစ် ပါတီဝင် အမတ်တစ်ဦး ဘက်ပြောင်းသွားခဲ့ပြီး ဘောရစ် ဂျွန်ဆင်ကို ထောက်ခံတဲ့ အမတ်အများစုလည်း မရှိတော့ပါဘူး။
ညှိနှိုင်း သဘောတူချက် မရဘဲ အီးယူကနေ ဗြိတိန်နုတ်ထွက်ရေးကို ကန့်ကွက်နေတဲ့ ပါတီအတော်များများက အမတ်တွေ ထောက်ခံတဲ့ အဆိုပြုချက်တစ်ခုကို အစိုးရက ပယ်ချနိုင်ဖို့ ဆိုတာ အတော်လေး ခက်သွားခဲ့ပါတယ်။
ဘောရစ် ဂျွန်ဆင်အတွက် အကြီးအကျယ် ခေါင်းခဲစရာ တစ်ခု ဖြစ်လာတာက သူ့ရဲ့ ကွန်ဆာဗေးတစ် ပါတီဝင် အမတ်အုပ်စု တစ်စုကပါ သူ့ကို ဆန့်ကျင်ပြီး အတိုက်အခံတွေရဲ့ အဆိုပြုချက်ကို ထောက်ခံပေးကောင်း ပေးမယ် လို့ ပြောလာကြလို့ ဖြစ်ပါတယ်။
အဲဒီ ကွန်ဆာဗေးတစ် အမတ်အုပ်စုထဲမှာ ဥပဒေပြု ရေးဆွဲတဲ့ အမတ် ၂၁ ဦးပါပြီး ညှိနှိုင်း သဘောတူချက် မရဘဲ အီးယူကနေ ဗြိတိန်နုတ်ထွက်ခဲ့ရင် နိုင်ငံရဲ့ စီးပွားရေး ကမောက်ကမ ဖြစ်လာနိုင်တယ် ဆိုတဲ့ ဘက်ပြောင်း လွှတ်တော် အမတ်တွေရဲ့ ယူဆချက်ကို သူတို့ကလည်း သဘောတူ လက်ခံထားပါတယ်။
ဒီတော့ အီးယူနဲ့ ညှိနှိုင်းမှု မရဘဲ ဗြိတိန် နုတ်ထွက်မှာကို တားဆီးနိုင်တဲ့ ဥပဒေ တရပ်ကို အတည်ပြုနိုင်ဖို့ ပထမ ခြေလှမ်းအနေနဲ့ ပါလီမန်မှာ အစိုးရက မထိန်းချုပ်နိုင်အောင် လုပ်ဖို့ သူတို့က ကူညီခဲ့တာ ဖြစ်ပါတယ်။
ပါတီကနေ အထုတ်ခံရမယ်လို့ သတိပေးထားတဲ့ ကြားက အခုလို လုပ်ခဲ့တာဟာ ကွန်ဆာဗေးတစ် ပါတီအတွင်း ခါးခါးသီးသီး စိတ်ဝမ်းကွဲနေတာကို ဖော်ပြနေပါတယ်။
အဲဒီအုပ်စုထဲမှာ ၀န်ကြီးချုပ် ဘောရစ် ဂျွန်ဆင် ကြည်ညို လေးစားရတဲ့ နိုင်ငံရေး ခေါင်းဆောင်ကြီး ဝင်စတန် ချာချီလ်ရဲ့ မြေးဖြစ်သူ နီကိုလက်စ် ဆုံးမ်စ် ပါဝင်ပါတယ်။
အချိန် သိပ်မရှိတော့ဘူးလား

လာမယ့် သီတင်းပတ် ထဲမှာ ပါလီမန်ကို ဆိုင်းငံ့ထားရေး ဘုရင်မကြီးကို ခွင့်တောင်းဖို့ ဘောရစ် ဂျွန်ဆင်က ဆုံးဖြတ်ခဲ့တဲ့အတွက် ပါလီမန် အမတ်တွေအနေနဲ့ ရတဲ့ အချိန်လေးမှာ အခုလို မဲခွဲ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ သူတို့ရဲ့ အဆိုပြုချက် ဥပဒေကြမ်းကို တင်ပြမှာ ဖြစ်ပြီး တကယ်လို့ အခက်အခဲတွေ ကျော်လွှားနိုင်မယ် ဆိုရင်တော့ လာမယ့်သီတင်းပတ်မှာ ဒီဥပဒေကြမ်း အတည်ဖြစ်လာနိုင်ဘွယ် ရှိပါတယ်။
အဲဒါဆိုရင်တော့ ဘောရစ် ဂျွန်ဆင်အတွက် အခက်တွေ့သွားဖို့ ရှိပြီး အီးယူထဲက ဗြိတိန်နုတ်ထွက်ဖို့ကို နောက်ထပ် ရက် ဆိုင်းငံ့ဖို့ အစိုးရအနေနဲ့ လုပ်ရမှာ ဖြစ်ပါတယ်။
ဒီတော့ ရွေးကောက်ပွဲ စောကျင်းပရေးကိစ္စက ဘယ်လို ပေါ်လာတာလဲ
အီးယူထဲက ဗြိတိန်နုတ်ထွက်ရေးကို နောက်ထပ် ဆိုင်းငံ့ဖို့အတွက် အီးယူကို သူ လုံးဝ ပန်ကြားမှာ မဟုတ်ဘူးလို့ ဘောရစ် ဂျွန်ဆင်က ပြောထားပြီး ဖြစ်ပါတယ်။
ဒါ့အပြင် ညှိနှိုင်းချက် မရှိဘဲ အီးယူကနေ နုတ်ထွက်ဖို့ ကိစ္စ ခဏခဏ ပယ်ချ ခံနေရတဲ့အတွက် အီးယူနဲ့ ဗြိတိန် အစိုးရ ညှိနှိုင်းနေမှုတွေကို လွှတ်တော်အမတ်တွေက အကြီးအကျယ် တိုက်ခိုက်ကြမှာပဲလို့ ဘောရစ် ဂျွန်ဆင်က ပြောပါတယ်။
ပါလီမန် မဲခွဲ ဆုံးဖြတ်မှုမှာ အစိုးရ ရှုံးနိမ့်သွားခဲ့အပြီးမှာ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က အောက်တိုဘာလမှာ ရွေးကောက်ပွဲ အချိန်စော ခေါ်ဖို့ သူအဆင်သင့်ပဲလို့ ပြောခဲ့ပါတယ်။
ဒီတော့ ဘောရစ် ဂျွန်ဆင်က ဘာ့ကြောင့် ရွေးကောက်ပွဲ အချိန်စော ကျင်းပချင်တာလဲ ဆိုတာ ကြည့်ကြရအောင်ပါ။ ဒါက ခုနက ပါလီမန်တွင်း အမတ်နေရာ အများစုနဲ့ ဆက်နွယ်နေပါတယ်။ ဘောရစ် ဂျွန်ဆင်က ပါလီမန်မှာ သူ့ပါတီက အမတ်နေရာ အများစု ထပ်နိုင်မယ်လို့ မျှော်လင့်မှာ ဖြစ်ပြီး ဒါဆိုရင်တော့ အီးယူကနေ ဗြိတိန်နုတ်ထွက်ရေး သူ့ရဲ့ အစီအစဉ်တွေ ပိုလွယ်ကူလာစေမှာ ဖြစ်ပါတယ်။ လူထုစစ်တမ်းတွေအရ လက်ရှိမှာ ကွန်ဆာဗေးတစ်ပါတီက လေဘာပါတီထက် စာရင် လူထု ထောက်ခံမှု အများကြီး ပိုရနေတယ်လို့ ဖော်ပြနေပါတယ်။
ဒါပေမဲ့ ကွန်ဆာဗေးတစ် ပါတီဝင် အတော်များများကတော့ ရွေးကောက်ပွဲ ကျင်းပလိုက်ရင် ကြိုတွက်လို့ မရနိုင်တဲ့ နိုင်ငံရေး အခြေအနေတွေကြောင့် အတိုက်အခံ လေဘာပါတီ ခေါင်းဆောင် ဂျယ်ရမီ ကော်ဘင် ဦးဆောင်တဲ့ လက်ဝဲ စွန်းတဲ့ အစိုးရတရပ် အာဏာရ သွားနိုင်မယ့် အန္တရာယ် ရှိလာမှာကို စိုးရိမ်နေကြပါတယ်။
အကဲခတ်တချို့ကတော့ ဘောရစ် ဂျွန်ဆင်အနေနဲ့ ရွေးကောက်ပွဲ စောကျင်းပဖို့ တကယ်တမ်း စိတ်ဆန္ဒမရှိဘူးလို့ ယူဆနေကြပါတယ်။ ရွေးကောက်ပွဲ အချိန်စော ကျင်းပနိုင်ဖို့ ပါလီမန်အမတ် ၃ ပုံ ၂ ပုံ က ထောက်ခံမဲ ပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ လေဘာပါတီကလည်း ရွေးကောက်ပွဲ ကျင်းပပေးဖို့ တောင်းဆိုနေတာ အတော်ကြာနေပြီ ဖြစ်ပြီး အီးယူနဲ့ မညှိနှိုင်းဘဲ နုတ်ထွက်တာမျိုး မလုပ်ဖို့ ဥပဒေပြဌာန်းပေးမှသာ ရွေးကောက်ပွဲ ကျင်းပရေးကို ထောက်ခံမယ်လို့ ဂျယ်ရမီ ကိုဘင်က ပြောခဲ့ပါတယ်။
ပါလီမန်အမတ်တချို့က ဘောရစ်ဂျွန်ဆင် ရွေးကောက်ပွဲ အချိန်စောခေါ်မယ်လို့ ပြောပြီး အဲဒီနောက်မှာ အီးယူကနေနုတ်ထွက်ဖို့ သတ်မှတ်ထားတဲ့ အောက်တိုဘာလ ၃၁ရက် နေ့ နောက်ပိုင်းကျမှ ရွေးကောက်ပွဲ ကျင်းပမယ့် အချိန်ကို ပြောင်းပစ်မှာကို စိုးရိမ်နေကြပါတယ်။
အဲဒီလို ဖြစ်လာမယ် ဆိုရင် ဘောရစ် ဂျွန်ဆင်က ဘာကြီးဖြစ်ဖြစ် အီးယူကနေ ဗြိတိန် နုတ်ထွက်အောင် သူအနေနဲ့ လုပ်ဆောင်နိုင်ခဲ့တယ်လို့ မဲဆန္ဒရှင်တွေကို ပြောဆို စည်းရုံးနိုင်မှာ ဖြစ်ပါတယ်။








