ဇင်ဘာဘွေရဲ့ သက်တမ်းရှည် ခေါင်းဆောင်ဟောင်း မူဂါဘီ ကွယ်လွန်

ဓာတ်ပုံ ရင်းမြစ်, Getty Images
အာဖရိကတိုက် တောင်ပိုင်းက ကုန်းတွင်းပိတ် နိုင်ငံ တစ်ခု ဖြစ်တဲ့ ဇင်ဘာဘွေ မှာ လွတ်လပ်ရေး ရပြီး နောက်ပိုင်း ပထမဆုံး ခေါင်းဆောင် အဖြစ် သက်တမ်း ရှည် အုပ်ချုပ်ခဲ့သူ ရောဘတ် မူဂါဘီဟာ အသက် ၉၅ နှစ် အရွယ်မှာ အထွေထွေ ရောဂါနဲ့ ကွယ်လွန်သွားကြောင်း မိသားစုက ဘီဘီစီကို အတည်ပြု ပြောဆိုပါတယ်။
ဆယ်စုနှစ် ၃ ခု ကျော် ကြာခဲ့တဲ့ မစ္စတာ မူဂါဘီရဲ့ အုပ်ချုပ်မှုဟာ ၂၀၁၇ နိုဝင်ဘာ မှာ စစ်အာဏာသိမ်းခံရပြီး အဆုံးသတ်ခဲ့ပါတယ်။
သူ့ကို ၁၉၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ ဗြိတိသျှ ကိုလိုနီ အဖြစ် ရှိခဲ့တဲ့ ရိုဒီးရှား နိုင်ငံ (အခု ဇင်ဘာဘွေ) မှာ မွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူက လက်သမား တစ်ဦး ဖြစ်ပြီး နိုင်ငံမှာ အများစု ရှိတဲ့ ရှိုနာ ဘာသာစကားပြော မျိုးနွယ်စုဝင် ဖြစ်ပါတယ်။ ရိုမန်ကက်သလစ် မစ်ရှင် ကျောင်းတွေမှာ ပညာသင်ကြားခဲ့သူ မစ္စတာ မူဂါဘီဟာ ကျောင်းဆရာ တစ်ဦး လည်း ဖြစ်ခဲ့ပါတယ်။
၁၉၆၄ ခုနှစ် မှာ အဲ့တုန်းက ရိုဒီးရှား အစိုးရ ကို ဝေဖန်မှုကြောင့် တရားရုံးတင် စစ်ဆေးမှု မရှိဘဲ ဆယ်စုနှစ် တစ်ခု ကျော် ကြာ ထောင်သွင်း အကျဉ်းချခံခဲ့ရပါတယ်။
သူ ထောင်တွင်းမှာ ရှိနေတုန်း ၁၉၇၃ ခုနှစ်မှာ သူ ထူထောင်ခဲ့တဲ့ ဇင်ဘာဘွေ အာဖရိက အမျိုးသား အဖွဲ့ချုပ် (ဇာနူး) ရဲ့ ဥက္ကဋ္ဌ အဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံခဲ့ရပါတယ်။
မစ္စတာ မူဂါဘီဟာ လွတ်လပ်ရေး သူရဲကောင်း အဖြစ် သြဇာ ရှိခဲ့ပြီး ဇင်ဘာဘွေရဲ့ ပထမဆုံး ဝန်ကြီးချုပ် နဲ့ နောက်ပိုင်းမှာ သမ္မတ ဖြစ်လာခဲ့ပါတယ်။
လွတ်လပ်ရေး ယူခဲ့တဲ့ ၁၉၈၀ ခုနှစ်မှာ ဒီမိုကရေစီ နဲ့ အမျိုးသား ရင်ကြားစေ့ရေး အတွက် မူဂါဘီက ကတိပြုခဲ့ပေမယ့် နောက်ပိုင်းမှာ တော့ ဇင်ဘာဘွေ ပြည်သူတွေဟာ ရက်စက်ကြမ်းကြုတ်မှု၊ အကျင့်ပျက် ခြစားမှုနဲ့ စီးပွားရေး ကပ်ဆိုက်မှု တွေ ကြုံတွေ့ခဲ့ရပါတယ်။
မူဂါဘီ လက်ထက် အစောပိုင်း ကာလတွေမှာ အများစု လူမည်း အမျိုးသားတွေတွေ အတွက် ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်မှု အသုံးချနိုင်ခွင့် တိုးတက်အောင် စွမ်းဆောင် ပေးနိုင်ခဲ့လို့ လူထုရဲ့ ထောက်ခံ မှု ရရှိခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်း နှစ်တွေမှာတော့ သူ့ရဲ့ အငြင်းပွားဖွယ် မြေယာ ပြုပြင်ပြောင်းလဲရေး စီမံကိန်း ကြောင့် ဇင်ဘာဘွေရဲ့ စီးပွားရေး ပြိုလဲခဲ့ပါတယ်။
သမ္မတ မူဂါဘီဟာ အနောက်နိုင်ငံတွေကို ပြင်းပြင်းထန်ထန် ဝေဖန် လေ့ ရှိခဲ့ပြီး အထူးသဖြင့် အရင်က ကိုလိုနီ အင်အားကြီး နိုင်ငံတစ်ခုဖြစ်တဲ့ ဗြိတိန်ကို အမြဲ တိုက်ခိုက် ပြောဆိုခဲ့ကာ ရန်သူ နိုင်ငံ အဖြစ် ရှုတ်ချ ပြောဆိုလေ့ ရှိခဲ့ပါတယ်။
လွတ်လပ်ရေး မရခင် အလားအလာ ကောင်းတွေ ရှိခဲ့တဲ့ ဇင်ဘာဘွေ ရဲ့ စီးပွားရေး ကဏ္ဍမှာ စီမံခန့်ခွဲမှု မှားယွင်းခဲ့တာနဲ့ နိုင်ငံရေး ပြိုင်ဘက်တွေကို ရက်ရက်စက်စက် နှိပ်ကွပ်ခဲ့တာ တွေ ရှိခဲ့ပေမယ့် အာဖရိက နိုင်ငံတွေက ခေါင်းဆောင်တွေရဲ့ ထောက်ခံမှုကိုတော့ မူဂါဘီက ရရှိခဲ့ပါတယ်။
အာဖရိကတိုက်ရဲ့ ကိုလိုနီ စနစ် ဆန့်ကျင်ရေး လှုပ်ရှားမှု သူရဲကောင်း အဖြစ် ကနေ နောက်ပိုင်းမှာ အာဏာရှင် အဖြစ် လူ့အခွင့်အရေး ချိုးဖောက်မှု တွေ လုပ်ခဲ့ပြီး စီးပွားရေးမှာလည်း တိုင်းပြည်ကို ဆင်းရဲ တွင်းထဲ နစ်စေခဲ့တဲ့ မစ္စတာ မူဂါဘီရဲ့ သမိုင်း အမွေက ဇင်ဘာဘွေနိုင်ငံမှာ နှစ်များစွာ ဆက်လက် ကျန်ရှိနေဦးမှာ ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။








