ဇင်ဘာဘွေ သမ္မတသစ် ကျမ်းကျိန်

ဓာတ်ပုံ ရင်းမြစ်, MUJAHID SAFODIEN
ဇင်ဘာဘွေ သမ္မတသစ်အဖြစ် ကျမ်းကျိန်ခဲ့တဲ့ အမ်မာဆင် မနန်ဂါဂွာက နုတ်ထွက်သွားတဲ့ မစ္စတာ မူဂါဘီကို ချီးကျူးစကား ပြောခဲ့ပါတယ်။
ဇင်ဘာဘွေရဲ့ စီးပွားရေး တိုးတက်ဖို့အတွက် အလုပ်အကိုင်တွေ ဖန်တီးပြီး လာဘ်စားမှုတွေ တိုက်ဖျက်မှာ ဖြစ်သလို နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေကိုလည်း ကြိုဆိုသွားမယ်လို့ ဇင်ဘာဘွေ သမ္မတသစ် အမ်မာဆင် မနန်ဂါဂွာ က ကျမ်းသစ္စာ ကျိန်ဆိုပွဲ မိန့်ခွန်းမှာ ပြောဆို လိုက်ပါတယ်။
စိုက်ပျိုးရေး ကဏ္ဍကြောင့် တိုးတက်လာမယ်လို့လည်း သမ္မတသစ်က ပြောကြားခဲ့ပါတယ်။
ဒါကြောင့် မြေပိုင်ရှင်တွေကို လယ်မြေတွေကို ပိုအသုံးချကြဖို့ မနန်ဂါဂွာက တိုက်တွန်းသွားပါတယ်။
ဒါပေမဲ့လည်း လူဖြူ လယ်သမားတွေဆီက လယ်တွေ သိမ်းခဲ့တာကိုတော့ ပြန်မပေးနိုင်ဘူးလို့ ဆိုပါတယ်။
ဒီအတွက် ဆုံးရှုံး နစ်နာသူတွေကို လျော်ကြေးပေးမယ်လို့ ကတိပြုခဲ့ပါတယ်။
နုတ်ထွက်ခဲ့တဲ့ သမ္မတဟောင်း ရောဘတ်မူ ဂါဘီ ဟာ နိုင်ငံထူထောင်ရေးမှာ အများကြီး ကူညီခဲ့တဲ့ ရဲဘော်ရဲဘက်လည်း ဖြစ်တယ်လို့ သူက ချီးကျူး ဂုဏ်ပြု ပြောဆိုခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, STR
ဒီပွဲကို ဇင်ဘာဘွေ မြို့တော် ဟာရားရေး အားကစားကွင်းမှာ ပြုလုပ်ခဲ့ပြီး လူ သောင်းချီ တက်ခဲ့တာ ဖြစ်ပါတယ်။
မစ္စတာ မူဂါဘီဟာ သူ့ကို ကြည့်ရှု စောင့်ရှောက်ခဲ့တဲ့ ရဲဘော် ရဲဘက် တယောက်လည်း ဖြစ်တယ်လို့ လည်း မစ္စတာ မနန်ဂါဂွာက ပြောပါတယ်။
သူ့ကို သတ်ဖြတ်ဖို့ ကြံစည်မှု အကြောင်း ပြီးခဲ့တဲ့ နှစ်ရက်က ပြောခဲ့တာနဲ့ ပတ်သက်ပြီးလည်း ပြီးခဲ့တာတွေ ထားလိုက်ပါတော့လို့ ဆိုပါတယ်။
သူ့ကို ဒုသမ္မတ ရာထူးက ဖယ်ရှားပြီး သူ့နေရာကို သမ္မတဟောင်း မူဂါဘီရဲ့ ကတော် ဂရေစ့်ကို ပေးဖို့ စီစဉ်ခဲ့လို့ စစ်တပ်က အရင်အပတ်က ကြားဝင် ဖြေရှင်းခဲ့တာ ဖြစ်ပါတယ်။
ဒီပွဲကို တက်ရောက်ခဲ့တဲ့ ဇင်ဘာဘွေ တက္ကသိုလ် ကျောင်းသူတဦးကတော့ လူငယ်တွေ အနေနဲ့ အပြောင်းအလဲ လိုအပ်ပါတယ်၊ လက်တွေ့ ကျတာ မကျတာထက် နိုင်ငံရေး ရွေးချယ်ခွင့်ရမှ အကောင်းအဆိုး ဆုံးဖြတ် နိုင်မှာပါ၊ ကျောင်းသားတွေ အတွက် အနာဂတ်ကောင်းဖို့ အာမခံချက် လိုပါတယ်လို့ ဆိုပါတယ်။
ဇင်ဘာဘွေ အထွေထွေ ရွေးကောက်ပွဲကို စီစဉ်ထားတဲ့အတိုင်း လာမယ့် နှစ်မှာ ကျင်းပသွားမှာ ဖြစ်ပြီး ဇင်ဘာဘွေကို စီးပွားရေး ပိတ်ဆို့ထားတဲ့ နိုင်ငံတွေအနေနဲ့ ပြန်လည် စဉ်းစားပေးဖို့လည်း မစ္စတာ မနန်ဂါဂွာက ပြောခဲ့ပါတယ်။










