အီးယူ ကော်မရှင် ခေါင်းဆောင် ဖြစ်လာတဲ့ ပထမဆုံး အမျိုးသမီး

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images
ဂျာမန် ကာကွယ်ရေး ဝန်ကြီး အာဆူလာ ဖွန်ဒါလိုင်ယန်ကို အီးယူ ကော်မရှင် ဥက္ကဋ္ဌ အဖြစ် မဲပေးရွေးချယ်လိုက်ကြပါတယ်။
ဒါဟာ အီးယူ ကော်မရှင်ကို အမျိုးသမီးတစ်ဦးက ခေါင်းဆောင်မှာ ပထမဆုံးအကြိမ်ပါ။
သူဟာ အီးယူ မှာတင်မက သူ့နိုင်ငံမှာလည်း အမျိုးသမီးတစ်ယောက်အနေနဲ့ ပထမဆုံး ကာကွယ်ရေး ဝန်ကြီးဖြစ်လာခဲ့သူပါ။
အခုလို ရွေးချယ်ခံရလို့ သူဟာ နိုဝင်ဘာလ ၁ ရက်မှာ လက်ရှိ ခေါင်းဆောင် ယန်းကလော့ ယွန်ကာရဲ့ နေရာကို အစားထိုး တာဝန်ယူမှာ ဖြစ်ပါတယ်။
ဘယ်လိုရွေးချယ်ခံခဲ့ရလဲ
ဥရောပကော်မရှင် ဥက္ကဌနေရာကို လျှို့ဝှက်မဲပေးစနစ်နဲ့ တင်မြှောက်ခဲ့ကြတာမှာ ဖွန်ဒါလိုင်ယန်ဟာ မဲအရေအတွက် နည်းနည်းလေးအသာနဲ့ ကပ်ပြီး ရွေးချယ်ခံခဲ့ရတာပါ။
သူက အလယ်အလတ် လက်ယာ အယူဝါဒ ရှိသူ တစ်ဦး ဖြစ်ပါတယ်။
သူ့ကို ဥရောပ ပါလီမန်က အမတ် တစ်ဝက်ကျော်က ဇူလိုင် ၁၆ ရက် အင်္ဂါနေ့ ညနေပိုင်းမှာ ထောက်ခံ ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။
သူ မဲစုစုပေါင်း ၃၈၃ မဲ ရခဲ့ပြီး ဥရောပ ကော်မရှင် ခေါင်းဆောင်နေရာကို ရဖို့အတွက်ဆို အမတ် ၇၄၇ ယောက်အနက် ၃၇၄ ယောက်က ထောက်ခံဖို့ လိုပါတယ်။ ဒါကြောင့် အခု မဲအရေအတွက်အရ သူ့ကို အမတ် စုစုပေါင်းရဲ့ တစ်ဝက်ကျော် ထောက်ခံတယ်လို့ ဆိုတာ ဖြစ်ပါတယ်။
မဲပေးတဲ့နေ့မှာတော့ မေလတုန်းက ရွေးကောက်ခံထားရတဲ့ အမတ် ၇၅၁ ယောက်အနက် ၄ ယောက် တက်ဖို့ ပျက်ကွက်ခဲ့ပါတယ်။
သူခေါင်းဆောင်ရမယ့် ဥရောပ ကော်မရှင်ဟာ ဥရောပ သမဂ္ဂအတွက် ဥပဒေတွေ ပြုစု၊ နည်းဥပဒေ တွေအကောင်အထည်ဖော်တာနဲ့ စည်းကမ်းမလိုက်နာတဲ့ အဖွဲ့ဝင် နိုင်ငံတွေကို အပြစ်ပေး အရေးယူတာတွေလုပ်တဲ့ အာဏာတွေ ချုပ်ကိုင်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
"ရှင်တို့ ကျွန်မအပေါ်ထားတဲ့ ယုံကြည်မှုက ဥရောပအပေါ်ထားတဲ့ ယုံကြည်မှုပါပဲ" လို့ မဲပေးရွေးချယ်ခံရအပြီး မစ္စ ဖွန်ဒါလိုင်ယန်က ပြောပါတယ်။
"ရှင်တို့အားလုံးရဲ့ ဥရောပ အရှေ့၊ အနောက်၊ တောင်၊ မြောက်က စုစည်းခိုင်မာတဲ့ ယုံကြည်မှုပါ" လို့ သူက ဆက်ပြောပါတယ်။
"အဲဒါက အင်မတန် ကြီးမားတဲ့ တာဝန်ကြီးပါ။ အခုပဲ ကျွန်မ အလုပ်စပါပြီ"
"ကောင်းရာကောင်းကျိုးကို အတူတူလုပ်ကြပါစို့"လို့ သူက ပြောလိုက်ပါတယ်။
ဖွန်ဒါလိုင်ယန် ဘယ်သူလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
သူဟာ အသက် ၆၀ ရှိပါပြီ။
သူ့ကို ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲမြို့မှာ မွေးခဲ့ပါတယ်။
သားသမီး ခုနစ်ဦး ရှိသူ ဖြစ်ပြီး နိုင်ငံရေး လောကထဲ မဝင်ခင်က သူဟာ သားဖွားမီးယပ် ပါရဂူတစ်ဦး ဖြစ်ပါတယ်။
ဂျာမနီရဲ့ ပထမဆုံး အမျိုးသမီးကာကွယ်ရေး ဝန်ကြီးဖြစ်တဲ့ ဖွန်ဒါလိုင်ယန်ဟာ ဂျာမန်တပ်မတော်မှာ စစ် အသုံးအဆောင် ပစ္စည်းတွေ ကောင်းကောင်းမွန်မွန် လုံလုံလောက်လောက် မဖြည့်ဆည်းနိုင်ဘူး ဆိုပြီး ပြည်တွင်းမှာ အဝေဖန် ခံရပါတယ်။
ပြီးတော့ သူ့ကို အများနဲ့ ခပ်ကင်းကင်းနေတတ်တဲ့ ခေါင်းဆောင်မှု ပုံစံ ရှိသူလို့လည်း ရှုမြင်ကြပါတယ်။
ဘာတွေကတိပေးထားလဲ
သူက ဒေသတွင်း နိုင်ငံတွေမှာ အီးယူ အနေနဲ့ လူမှုဖူလုံရေး ကိစ္စတွေမှာ ပိုထဲထဲဝင်ဝင် ဆောင်ရွက်ဖို့ တွန်းအားပေးဖို့ ကတိပေးထားပါတယ်။ ဆင်းရဲမွဲတေမှု တွေကိုလည်း တိုက်ဖျက်ဖို့နဲ့ အမျိုးသမီးအခွင့်အရေး ကိစ္စတွေကိုလည်း ရှေ့တန်းကနေ လုပ်ဆောင်မယ်လို့ ကတိပေးထားပါတယ်။
ပြီးတော့ ဗြိတိန် ဥရောပ သမဂ္ဂက ခွဲထွက်ဖို့လည်း အချိန် ထပ်တိုးပေးမယ်လို့ ကတိပေးထားဖူးပါတယ်။
ဥရောပ ပါလီမန်ကိုလည်း ဥပဒေတွေ စတင် အကောင်အထည် ဖော်နိုင်ဖို့ အခွင့်အရေးပေးဖို့ ကြိုးစားမယ်လို့ ပြောပါတယ်။ အခုက ဥရောပ ကော်မရှင်ကပဲ ဥပဒေတွေ စတင် ရေးဆွဲ နိုင်သေးတာ ဖြစ်ပါတယ်။
အီးယူထဲကို ရွှေ့ပြောင်းလာသူတွေနဲ့ ပတ်သက်ပြီးလည်း ၂၀၂၄ ခုနှစ်မှာ အီးယူ နယ်ခြားစောင့်တပ်ဖွဲ့အင်အား ၁၀,၀၀၀ ထားရှိမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ လူ့သားချင်း စာနာ ထောက်ထားမှု ရှုထောင့်ကနေကြည့်ပြီး နိုင်ငံရေး ခိုလှုံခွင့်တွေကိုလည်း စဉ်းစားပေးမယ်လို့ ပြောပါတယ်။
အလုပ်လက်မဲ့တွေအတွက် ပိုခိုင်မာတဲ့ အာမခံစနစ် ထူထောင်မယ်လို့လည်း ပြောပါတယ်။
မဲအပြတ်အသတ်မနိုင်တာက ဘာအားနည်းစေသလဲ
ဒေမီယန် ဂရမ်မက်တစ်ကပ်၊ ဘီဘီစီ ဥရောပ သတင်းထောက်ရဲ့ သုံးသပ်ချက်

ဓာတ်ပုံ ရင်းမြစ်, EPA
လောလောဆယ်တော့ ဥရောပ ခေါင်းဆောင်တွေ သက်ပြင်းချနိုင်ပါလိမ့်မယ်။
ရှေးရိုးစွဲ အမြင်နိုင်ငံရေး အယူဝါဒ ရှိသူ နိုင်ငံရေး သမားတစ်ဦးဖြစ်ပြီး ဂျာမနီနိုင်ငံ ခေါင်းဆောင် အန်ဂလာ မာကယ်လ်နဲ့ နီးနီးစပ်စပ်တဲ့ရှိတဲ့ ဖွန်ဒါလိုင်ယန်ကို အီးယူ ကော်မရှင်ခေါင်းဆောင် အဖြစ် အမည် စာရင်း တင်သွင်းတဲ့ နေရာမှာတင်ကို ရက်တွေအကြာကြီး ညှိနှိုင်းဆွေးနွေးခဲ့ကြ အလျှော့အတင်းတွေ လုပ်ခဲ့ကြရတာပါ။
ပြီးတော့လည်း အီးယူ ကော်မရှင် ဥက္ကဋ္ဌ နေရာ ရဖို့ သတ်မှတ်ထားတဲ့ အနည်းဆုံးလိုတဲ့ မဲထက်လည်း ကိုးမဲပဲ ပိုရခဲ့တာပါ။
ဒီလို အခြေအနေက သူ့ရဲ့ ခေါင်းဆောင်မှု သြဇာကို အားနည်းစေပါလိမ့်မယ်။ သူ့ကို ပိုလန်နဲ့ အီတလီက အီးယူဆန့်ကျင်တဲ့အမြင်ရှိတဲ့ အမတ်တွေနဲ့ လက်ယာစွန်း အမတ်တွေက ထောက်ခံခဲ့ပုံရပါတယ်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အယူဝါဒရှိတဲ့(Green) အမတ်တွေကတော့ သူ့ကို မဲမပေးခဲ့ကြပါဘူး။ ဖွန်ဒါလိုင်ယန်ရဲ့ ရာသီဥတု ပြောင်းလဲမှု နဲ့ မြေထဲပင်လယ်ဖြတ်ကျော် ဒုက္ခသည်တွေကို ကယ်ဆယ်ဖို့ အားထုတ် ဆောင်ရွက်မှုတွေက အားနည်းလွန်းတယ်လို့ သူတို့က ပြောပါတယ်။ ဆိုရှယ်လစ်ဝါဒီတွေကလည်း သူတို့ ကြိုက်တဲ့ ခေါင်းဆောင်ကို အီးယူနိုင်ငံခေါင်းဆောင်တွေက နာမည်စာရင်းမသွင်းလို့ စိတ်ဆိုးခဲ့ကြပါတယ်။
ဒီလို ယူဆချက်တွေ ရှိနေတော့ အစပိုင်းမှာတော့ သူတင်သွင်းတဲ့ ဥပဒေတွေ ပါလီမန်က အတည်ပြုချက်ရဖို့ ပြဿနာတွေ ရှိကောင်းရှိပါလိမ့်မယ်။
ဖွန်ဒါလိုင်ယန် အရွေးခံရတာကို ဘယ်လို တုံ့ပြန်ကြသလဲ
သူအရွေးခံရတာကို ဥရောပ ခေါင်းဆောင်တွေက မြန်မြန်ဆန်ဆန်ပဲ ချီးကျူးဂုဏ်ပြုခဲ့ကြပါတယ်။
လက်ရှိ ကော်မရှင် ဥက္ကဋ္ဌ ယန်းကလော့ ယွန်ကာ၊ ဂျာမန် ဝန်ကြီးချုပ် အန်ဂလာမာကယ်လ်၊ ဆွီဒင် ဝန်ကြီးချုပ် စတေဖန် လိုဗိန်း၊ စပိန် ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်စ်၊ ဥရောပ ကောင်စီ ဥက္ကဋ္ဌ ဒေါ်နယ် တုစ်၊ ဘယ်လ်ဂျီယံ ခေါင်းဆောင်နဲ့ ဥရောပ ကောင်စီ ခေါင်းဆောင်ဖြစ်လာမယ့်သူ ချားလ်စ်မီရှဲလ်တို့က ချီးကျူးဂုဏ်ပြု စကားတွေ ပြောခဲ့ကြပါတယ်။
ဥရောပ ကော်မရှင်ဆိုတာဘာလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အီးယူ ကော်မရှင်ရဲ့ အလုပ်က အဖွဲ့ဝင် နိုင်ငံတွေ အတွက် ဥပဒေတွေ ရေးဆွဲပြုစု၊ အဲဒီ ဥပဒေတွေ စိုးမိုးအောင်လုပ်ရတဲ့ အာဏာပိုင် အဖွဲ့အစည်းပါ။
ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲမြို့မှာ အခြေစိုက်ပါတယ်။
ဥရောပ သမဂ္ဂအဖွဲ့အစည်းတွေအကြား ဒီအဖွဲ့အစည်းဟာ ဥပဒေကြမ်းတွေ ရေးဆွဲနိုင်တဲ့ တစ်ခုတည်းသော အဖွဲ့အစည်း ဖြစ်ပါတယ်။
သူ့မှာ ဝန်ထမ်းအင်အား ၃၂,၀၀၀ ကျော် ရှိပြီး ဒီနှစ်အတွက် အသုံးစရိတ်က ယူရိုငွေ ၃ ဒသမ ၆ ဘီလျံ ရှိပါတယ်။
သူတို့တင်သွင်းတဲ့ အဆိုပြုချက်တွေကို ဥရောပ ပါလီမန်နဲ့ အီးယူ အဖွဲ့ဝင် ၂၈ နိုင်ငံက ဝန်ကြီး ၂၈ ယောက်က အတည်ပြုလိုက်တာနဲ့ ဥပဒေ ဖြစ်လာပါတယ်။
သူတို့ရဲ့ ဥပဒေတွေက ကဏ္ဍအတော်များများကို ခြုံလွှမ်းပါတယ်။
လေထုညစ်ညမ်းမှု ကာကွယ်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပုဂ္ဂိုလ်ရေး သတင်းအချက်အလက် ကာကွယ်ရေး၊ အင်တာနက် ကုမ္ပဏီကြီးတွေကို ထိန်းကျောင်းတာ၊ ဒေသတွင်း မိုဘိုင်းလ်ဖုန်း ဆက်သွယ်ရေး နဲ့ ကျန်းမာသန့်ရှင်းတဲ့ စားသုံးဆီ စားသုံးနိုင်ရေးတို့ ဖြစ်ပါတယ်။
ခေါင်းဆောင်နေရာ အတွက် ဘာကြောင့် အငြင်းပွားဖွယ် ဖြစ်ခဲ့ရလဲ
ငါးနှစ်ကြာတိုင်းမှာ ကော်မရှင်က ကော်မရှင်နာ ၂၈ ယောက်ကို အစားထိုး လဲလှယ်ရပါတယ်။
တစ်နိုင်ငံစီက ခန့်အပ်ပေးလိုက်တဲ့ ကော်မရှင်နာ အသစ် တစ်ယောက်စီရယ် ကော်မရှင် ဥက္ကဋ္ဌ တစ်ယောက်ရယ်ကို ဥရောပ ပါလီမန်က မဲပေးအတည်ပြုပေးပါတယ်။
သူတို့အားလုံးဟာ အီးယူ အမတ် ၇၅၁ ယောက် ရှိတဲ့အနက် အများစုက ထောက်ခံ အတည်ပြုပေးမှု ရဖို့လိုအပ်ပါတယ်။
အခုတစ်ခေါက် ဥက္ကဋ္ဌနေရာ အစားထိုးဖို့ ဥက္ကဋ္ဌလောင်းရှာဖွေတဲ့ လုပ်ငန်းစဉ်ဟာ အငြင်းပွားစရာ ဖြစ်ခဲ့ပါတယ်။
မစ္စ ဖွန်ဒါလိုင်ယန်ကို အီးယူ နိုင်ငံရေး ခေါင်းဆောင်တွေက ဥက္ကဋ္ဌလောင်း အဖြစ် နောက်ဆုံး အချိန်ကပ်မှ သဘောတူညီမှုအဖြစ် တင်သွင်းခဲ့ကြတာ ဖြစ်ပါတယ်။
ဥရောပနိုင်ငံက ခေါင်းဆောင်တွေဟာ ဥရောပ ပါလီမန်နဲ့ သဘောတူထားတဲ့ နိုင်ငံရေးပါတီအုပ်စုတွေက သူတို့ကြိုက်တဲ့ ဥက္ကဋ္ဌလောင်းကို နာမည်စာရင်းတင်သွင်းမယ်ဆိုတဲ့ ဥက္ကဋ္ဌ တင်မြှောက်ရေး လုပ်ငန်းစဉ်ကို ပယ်ချခဲ့ကြတာ ဖြစ်ပါတယ်။








