တရုတ်ပြည်မလက်ထဲ ဟောင်ကောင်လွှဲခံရတဲ့ ၂၂ နှစ်ပြည့်နှစ်ပတ်လည်မှာ အဓိကရုဏ်းဖြစ်ပွား

ဓာတ်ပုံ ရင်းမြစ်, Reuters
ဟောင်ကောင်မှာ အငြင်းပွားဖွယ် ဥပဒေကြမ်းကို ဆိုင်းငံ့လိုက်ပေမယ့် လူထုဆန္ဒပြပွဲကတော့ တကျော့ပြန် အရှိန်မြင့်တက်လာပါတယ်။
ဇူလိုင်လ ၁ ရက် ၊ ဒီနေ့မှာတော့ ဆန္ဒပြသူတွေနဲ့ ရဲတွေအကြား ရုန်းရင်းဆန်ခတ်မှုတွေဖြစ်ပွားခဲ့ပါတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီနေ့ဟာ ဟောင်ကောင်ကို တရုတ်ပြည်မကြီးကို ပြန်လည် လွှဲပြောင်းပေးခဲ့တာ ၂၂ နှစ်ပြည့်တဲ့ နေ့လည်းဖြစ်ပါတယ်။
ဆန္ဒပြသူ လူအုပ်ကြီးဟာ အစိုးရအဆောက်အုံတွေထဲကို အတင်းဝင်ဖို့ ကြိုးစားခဲ့ပါတယ်။
နှစ်ပတ်လည်အခမ်းအနား အလံလွှင့်ထူတဲ့ ပွဲကျင်းပရာ အပြင်ဘက်မှာတော့ ရဲတွေက ဆန္ဒပြသူတွေကို ထိန်းသိမ်းရာမှာ ငရုတ်ရည်တွေနဲ့ နံပါတ်တုတ်တွေ အသုံးပြုခဲ့လို့ ဒီတနင်္လာ မနက်ခင်းဟာ ရုပ်ဆိုးတဲ့ မြင်ကွင်းတွေနဲ့ စခဲ့တာပါ။
ပြစ်မှု ကျူးလွန်တဲ့ တရားခံတွေကို တရုတ်ပြည်မကြီးဆီ လွှဲပြောင်းပေးမယ့် အငြင်းပွားဖွယ် ဥပဒေမူကြမ်းကို ဆိုင်းငံ့လိုက်ကြောင်း ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက ကြေညာထားတဲ့ကြားက အခုလိုဆန္ဒပြပွဲ ဆက်လက်ဖြစ်ပွားနေတာပါ။
သိန်းနဲ့ချီတဲ့ ဟောင်ကောင်လူထုတွေက ဒီအစီအစဉ်ကို ဆန့်ကျင်ခဲ့ကြပေမယ့် အရင်တုန်းကတော့ ဥပဒေမူကြမ်းကို ပယ်ဖျက်ဖို့ကို တရုတ်ကျောထောက် နောက်ခံ ပေးထားတဲ့ ဟောင်ကောင် ခေါင်းဆောင် ကယ်ရီလမ်းက ငြင်းဆန်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း ဟောင်ကောင် ခေါင်းဆောင် ကယ်ရီလမ်းဟာ သူ့ကို နုတ်ထွက်ဖို့ တောင်းဆိုမှုတွေ နဲ့ရင်ဆိုင်နေရပါတယ်။
ဟောင်ကောင်ကို တရုတ်ပြည်မကြီးထံ လွှဲပြောင်းတဲ့ နှစ်ပတ်လည် အခမ်းအနားဟာ နှစ်တိုင်းလိုလို ဟောင်ကောင်မှာ ကျင်းပလေ့ရှိပါတယ်။ ဒါပေမယ့် အခုလို လူထုဆန္ဒပြပွဲ အသွင်ပြောင်းလဲ သွားချိန်မှာတော့ အာဏာပိုင်တွေက လုံခြုံရေးအတွက် ဒီပွဲကို ဖျက်သိမ်းဖို့ ဒါမှမဟုတ် ရပ်တန့်လိုက်ဖို့ စီစဉ်နေကြပါပြီ။
တနင်္လာနံနက်ခင်းမှာ ဘာတွေဖြစ်ခဲ့လဲ
ပြပွဲတွေနဲ့ အစည်းအဝေးပွဲတွေ ကျင်းပရာ Hong kong Exhibiton Centre မှာတော့ မနက်ခင်းကတည်းက အလံတွေ လွှင့်ထူထားပြီး ဒီနှစ်ပတ်လည်အခမ်းအနားအတွက် လုံခြုံရေးရဲတွေကိုလည်း အများအပြား ချထားခဲ့ပါတယ်။
အာဏာပိုင်တွေရဲ့ အဆိုအရ ဆန္ဒပြသူတွေဟာ အဲဒီနေ့ မနက်မှာ အခမ်းအနားကျင်းပရာနေရာနားက လမ်းတိုလမ်းကြားတွေကို သတ္တု ၊ ပလတ်စတစ် စတဲ့ အတားအဆီးပစ္စည်းတွေနဲ့ ပိတ်ဆို့လိုက်ကြတယ်လို့ ပြောပါတယ်။
အခမ်းအနား မကျင်းပခင် နာရီဝက် အလိုမှာတော့ အစောင့်အကြပ်ချထားတဲ့ ရဲတွေနဲ့ ဆန္ဒပြသူ ရာပေါင်းများစွာတို့ဟာ အဓိကရုဏ်းစတင်ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ဘက်ကတော့ လူစုလူဝေးကို လူစုခွဲဖို့ ငရုတ်ကောင်းမှုန့် ရေမွှားတွေကို သုံးခဲ့ပါတယ်။
AFP သတင်းမှာတော့ ဒီလို အဓိကရုဏ်းတွေကြောင့် အမျိုးသမီးတစ်ဦး ခေါင်းမှာ သွေးထွက်သံယို ဖြစ်ပြီး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အနီးနား အဆောက်အအုံနေရာတွေကနေ သံနဲ့လုပ်ထားတဲ့ လုံခြုံရေးသုံး အဟန့်အတားတွေကို ယူလာကြတဲ့ ဆန္ဒပြ သူတွေရဲ့လုပ်ရပ်ဟာ တရားမဝင်လုပ်ရပ်တွေလို့ ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် တစ်ရပ်မှာ ရှုတ်ချထားပါတယ်။
ဒါ့အပြင် ဆန္ဒပြသူတွေဘက်က အမည်မသိတဲ့ အရည်တွေနဲ့ ပြန်ပက်ခဲ့တာကြောင့် ရဲအရာရှိ ၁၃ ယောက်ကို ဆေးရုံတင်လိုက်ရသလို တချို့တပ်ဖွဲ့ဝင်တွေလည်း အသက်ရှုကျပ်တာတွေ ခံစားခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ဘက်က ဆိုပါတယ်။
နေ့လယ်ပိုင်းမှာတော့ ဆန္ဒပြသူတွေထဲ အုပ်စုတစ်စုဟာ ဥပဒေပြုကောင်စီ အဆောက်အအုံတခုရဲ့ မှန်တံခါးတွေကို သတ္တုတွန်းလှည်းတွေနဲ့ ဖြိုဖျက်ဖို့ ကြိုးစားကြပါတယ်။
အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေက ရုံးအဆောက်အအုံအတွင်းကနေ ပြန်လည် ခုခံကြပါတယ်။
ဒီချိန်မှာပဲ ရဲတပ်ဖွဲ့တွေက ဆန္ဒပြသူတွေကို အခုလို အကြမ်းဖက်လုပ်ရပ်တွေကို ရပ်တန့်ဖို့နဲ့ ဥပဒေပြု ကောင်စီ အဆောက်အအုံပတ်လည် ဧရိယာကနေ ထွက်ခွာသွားဖို့ တောင်းဆိုခဲ့ကြပါတယ်။
ဒီမနက် အလံတင် အခမ်းအနားမှာတော့ ဟောင်ကောင်ခေါင်းဆောင် ကယ်ရီလမ်းက သူ့အနေနဲ့ ပြည်သူတွေရဲ့ ဆန္ဒကို အချိန်ပေးနားထောင်ဖို့ လိုအပ်တယ်လို့ ပြောလိုက်ပါတယ်။
ပြစ်မှုကျူးလွန်တဲ့ တရားခံတွေကို တရုတ်ပြည်မကြီးဆီ လွှဲပြောင်းပေးမယ့် အငြင်းပွားဖွယ် ဥပဒေမူကြမ်းကို ဆိုင်းငံ့လိုက်ကြောင်း ဇွန်လ ၁၈ ရက်မှာ မစ္စလမ်းက ကြေညာခဲ့တာဖြစ်ပါတယ်။
ဘာကြောင့် အုံကြွမှုဖြစ်
တရုတ်အစိုးရဟာ ဟောင်ကောင်ကို ၁၉၉၇ ခုနှစ်မှာ အင်္ဂလိပ်ကိုလိုနီ ဘဝကနေ ပြန်လည် လက်ခံယူနိုင်ခဲ့ပါတယ်။ အဲဒီလို လက်ခံယူချိန်ကတော့ တစ်နိုင်ငံ စနစ်နှစ်ခု မူဝါဒကို ကျင့်သုံးသွားမယ် ဆိုပြီး သဘောတူညီခဲ့တာပါ။
နိုင်ငံခြားရေးနဲ့ ကာကွယ်ရေး အပိုင်းတွေက လွဲပြီး ကျန်တဲ့ ကဏ္ဍတွေမှာ ဟောင်ကောင်အနေနဲ့ နောင် အနှစ် ၅၀ လုံးလုံး ကိုယ်ပိုင် လွတ်လွတ်လပ်လပ် အုပ်ချုပ်သွားနိုင်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါ။
လွှဲပြောင်းရယူစဉ်ကတော့ ကိုယ်ပိုင် ဥပဒေစနစ်၊ ပါတီစုံစနစ်နဲ့ လွတ်လပ်စွာ ပြောဆိုစုရုံးခွင့်တွေကို ပြည်မကြီး အစိုးရက အာမခံခဲ့ပါတယ်။
အခုလို တရားခံလွှဲပြောင်းရေး ဥပဒေသာ အတည်ဖြစ်ခဲ့မယ်ဆိုရင်တော့ ဟောင်ကောင်လူထုအနေနဲ့ မနှစ်သက်တဲ့ တရုတ်ပြည်မကြီးရဲ့ တရားစီရင်ရေး စနစ်အောက်ကို ရောက်ရှိစေမှာ ဖြစ်တာကြောင့် အခုလို ဟောင်ကောင်လူထုက ပြင်းပြင်းထန်ထန် ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
ဒါကြောင့် ဟောင်ကောင်မြို့တော်ကို လွတ်လပ်တဲ့ တရားရေး မဏ္ဍိုင်စနစ်ကို အခုလို တရားခံလွှဲပြောင်းရေး ဥပဒေက ထိခိုက်စေတယ်လို့ ဥပဒေကြမ်းကို ဆန့်ကျင်သူတွေက ထောက်ပြကြတာပါ။
ဆန္ဒပြသူတွေ ဘက်ကတော့ ဒီဥပဒေကြမ်းကို လုံးဝဖျက်သိမ်းတဲ့အထိ ဆန္ဒထုတ်ဖော်သွားမှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။
ဒါ့အပြင် ဇွန်လ ၁၂ ရက်နေ့က ဆန္ဒပြမှုအပေါ် ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက် နှိမ်နင်းမှုနဲ့ ပတ်သက်လို့ လူထုက အမျက်ဒေါသထွက်နေကြပါတယ်။
တရုတ်အစိုးရကို ထောက်ခံ ဆန္ဒပြသူတစ်ဦးက AFP သတင်းဌာနကို ပြောတာကတော့ ရဲတပ်ဖွဲ့ဟာ ဥပဒေကို လိုက်နာအောင် ထိန်းကျောင်းနေတာ ဖြစ်ပြီး အခု ဥပဒေကြမ်းကို ဆန္ဒပြသူတွေဟာ အလုပ်မရှိ အလုပ်ရှာနေတယ်လို့ ဆိုပါတယ်။











