ဟောင်ကောင်ကို တရုတ် ဘယ်လို ပြန်ရခဲ့လဲ

(၁) ပြန်လွှဲပေးဖို့ဖြစ်လာပုံ
၁၈၄၂ ပထမ ဘိန်းစစ် အပြီး တရုတ်ကို စစ်နိုင်လိုက်တဲ့ ဗြိတိန်ဟာ ဟောင်ကောင်ကျွန်း ကို စတင် ရယူ ခဲ့ပါတယ်။
၁၈၆ဝ ဒုတိယ ဘိန်းစစ် အပြီးမှာတော့ ဟောင်ကောင် တစ်ဘက်ကမ်း၊ ပြည်မကြီးထဲက ကောင်းလွန်း ဆိုတဲ့ ဒေသကိုပါ တရုတ်တို့ လက်လွှတ် ခဲ့ရပါတယ်။
၁၈၉၈ မှာ ဗြိတိန်က နယ်မြေ ထိန်းချုပ်မှု ပိုလုပ်နိုင်ဖို့ ထပ်ဆောင်း မြေနေရာတချို့ကို ၉၉ နှစ် သက်တမ်း စာချုပ်နဲ့ တရုတ် အစိုးရဆီက ငှားရမ်း ခဲ့ပါတယ်။
ယူကေ အုပ်ချုပ်မှုအောက်မှာ ဟောင်ကောင်ဟာ စီးပွားရေး အရ ဖွံ့ဖြိုးလာပြီး ကမ္ဘာ့ ဘဏ္ဍာရေး စျေးကွက် အချက်အချာ နေရာ တစ်ခု ဖြစ်လာပါတယ်။
၁၉၈၂ မှာတော့ လန်ဒန် နဲ့ ဘေဂျင်း အစိုးရကြား နယ်မြေ ပြန်လွှဲရေး ဆွေးနွေးပွဲတွေ စတင် လာပါတယ်။
၁၉၄၉ ခုနှစ် ကတည်းက ကွန်မြူနစ် တစ်ပါတီ အုပ်စိုးမှု ထူထောင် ထားတဲ့ တရုတ်ပြည်မကြီးနဲ့ ဟောင်ကောင်ကြား နိုင်ငံရေးနဲ့ စီးပွားရေး စနစ်တွေ အင်မတန် ခြားနား နေပါတယ်။
(၂) ဟောင်ကောင် အနာဂတ် အရေး သဘောတူခဲ့ပုံ
တရုတ် အစိုးရက ဟောင်ကောင်ကို ပြန်လည် လက်ခံ ယူတဲ့အခါ တစ်နိုင်ငံ စနစ်နှစ်ခု မူဝါဒ ကျင့်သုံး သွားမယ် ဆိုပြီး သဘောတူ ခဲ့ပါတယ်။
နိုင်ငံခြားရေးနဲ့ ကာကွယ်ရေး အပိုင်းတွေက လွဲပြီး ကျန်တဲ့ ကဏ္ဍတွေမှာ ဟောင်ကောင် အနေနဲ့ နောင် အနှစ် ၅ဝ လုံးလုံး ကိုယ်ပိုင် လွတ်လွတ်လပ်လပ် အုပ်ချုပ် သွားနိုင်တယ် ဆိုတဲ့ အဓိပ္ပာယ်ပါ။
ကိုယ်ပိုင် ဥပဒေ စနစ်၊ ပါတီစုံစနစ်နဲ့ လွတ်လပ်စွာ ပြောဆို စုရုံးခွင့်တွေကို ပြည်မကြီး အစိုးရက အာမခံခဲ့တာ ဖြစ်ပါတယ်။

(၃) လက်ရှိ ဟောင်ကောင် အုပ်ချုပ်ရေး
ဟောင်ကောင် အုပ်ချုပ်ရေး အာဏာ အမြင့်ဆုံး ရာထူး နေရာကို အမှုဆောင် အရာရှိချုပ် နေရာလို့ ခေါ်ပြီး အဖွဲ့ဝင် ၁၂ဝဝ ပါဝင်တဲ့ ရွေးကောက်ပွဲ ကော်မတီက ရွေးချယ် တင်မြှောက်တာ ဖြစ်ပါတယ်။
အဲဒီ ကော်မတီဝင် အများစုဟာ ဘေဂျင်း အစိုးရ ဩဇာကို နာခံသူတွေ ဖြစ်တယ်လို့ ရှုမြင် ခံထားရပါတယ်။
ဟောင်ကောင် ပါလီမန်ကို ဥပဒေပြု ကောင်စီ လို့ ခေါ်ပါတယ်။ အဲဒီ ကောင်စီ အဖွဲ့ဝင်တွေကို တိုက်ရိုက် ရွေးကောက် တင်မြှောက်ပြီး၊ ကျန် တစ်ဝက်ကတော့ သက်ဆိုင်ရာ ဖွဲ့ထားတဲ့ ပညာရှင် အုပ်စု အသီးသီးက ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။
ဟောင်ကောင် ရွေးကောက်ပွဲ နိုင်ပေမယ့် လက်ရှိ ကျင့်သုံးနေတဲ့ ပုံစံ အရ ဘေဂျင်း အစိုးရဘက်က ရွေးကောက်ပွဲ ရလာဒ်ကို စိတ်တိုင်းကျ ပယ်ဖျက်ခွင့် ရှိနေတယ် ဆိုပြီး ဟောင်ကောင် ဒီမိုကရေစီ အရေး လှုပ်ရှားကြသူတွေက ဝေဖန် နေပါတယ်။
ဟောင်ကောင် ခေါင်းဆောင်ကို ဟောင်ကောင်သားတွေ တိုက်ရိုက် ရွေးကောက် တင်မြှောက်ခွင့် ရဖို့ တောင်းဆို လှုပ်ရှားလာတာ နှစ် အတန်ကြာပြီ ဖြစ်ပါတယ်။

၂၀၄၇ နောက်ပိုင်း ဟောင်ကောင် ဘာဖြစ်မလဲ
ဟောင်ကောင်မှာ ကိုယ်ပိုင် လွတ်လပ်ခွင့် ရှိရမယ် ဆိုပြီး တစ်နိုင်ငံ စနစ်နှစ်မျိုးကို ဘေဂျင်း အစိုးရက အနှစ် ၅ဝ အာမခံ ခဲ့တာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ၂ဝ၄၇ နောက်ပိုင်း ဟောင်ကောင် အနေနဲ့ ကိုယ်ပိုင် အုပ်ချုပ် ခွင့် ဆက်ရှိ နေဖို့ အာမခံချက် မရှိပါဘူး။
ဒါ့ကြောင့် ၂ဝ၄၇ မတိုင်ခင် ဟောင်ကောင်ကို လုံးဝ သီးခြား လွတ်လပ်ရေး ရယူသင့်တယ် ဆိုပြီး ဆော်ဩ နေသူတွေ ရှိပေမယ့် တရုတ် ပြည်မကြီး အစိုးရကတော့ လက်သင့်မခံ ပါဘူး။
ဖြစ်လာ နိုင်တာတွေကတော့
•လက်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အနှစ် ၅ဝ သက်တမ်းထက် ကျော်ပြီး ဘေဂျင်း အစိုးရက တိုးပေးမလား
•ဒါမှမဟုတ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ကို တရုတ် အစိုးရက ပြန်ရုတ်ပြီး တချို့ကဏ္ဍတွေမှာပဲ အခွင့်အရေး ဆက်ပေးမှာလား
•ဒါမှမဟုတ် ဟောင်ကောင် အနေနဲ့ ပြည်မကြီးရဲ့ တခြားပြည်နယ်တွေလိုပဲ သာမန် ပြည်နယ် တစ်ခု ဖြစ်သွားမှာလား
စတဲ့ ဖြစ်နိုင်လာခြေတွေ ရှိနေပါတယ်။








