အီရန်ရဲ့ ဒုံးကျည်စနစ်တွေကို အမေရိကန်က ဆိုင်ဘာတိုက်ခိုက်မှုလုပ်

အီရန်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ရဲ့ လက်နက်စနစ်တွေကိုပစ်မှတ်ထားတိုက်ခိုက်

အီရန်ရဲ့ လက်နက်ယန္တရားစနစ်ကို ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဆိုင်ဘာတိုက်ခိုက်မှု လုပ်လိုက်တယ်လို့ အမေရိကန် သတင်းမီဒီယာတွေက ဖော်ပြပါတယ်။

သမ္မတထရမ့်က အီရန်ကို လေကြောင်းတိုက်ခိုက်မှုလုပ်ဖို့ ခွင့်ပြုချက်မပေးတဲ့ နောက်ပိုင်း အဲဒီ ဆိုင်ဘာ တိုက်ခိုက်မှု သတင်းထွက်လာခဲ့တာပါ။

အီရန်ရဲ့ ရော့ကက်တွေ၊ မစ်ဇိုင်းဒုံးကျည်တွေပစ်လွှတ်တဲ့ ကွန်ပျူတာထိန်းချုပ်မှု စနစ်ဟာ အဲဒီဆိုင်ဘာတိုက်ခိုက်မှုကြောင့် အလုပ်မလုပ်နိုင်ဖြစ်သွားပြီလို့ ဝါရှင်တန်ပို့စ် သတင်းစာ ကရေးပါတယ်။

အမေရိကန်ဒရုမ်းယာဉ်ကို အီရန်က တိုက်ခိုက်တာရယ်၊ အီရန်က လုပ်တယ်လို့အမေရိကန်က အပြစ်ဖို့ထားတဲ့ ရေနံတင်သင်္ဘောတွေတိုက်ခိုက်ခံရမှုတွေရယ်ကို လက်စားချေတဲ့အနေနဲ့ အမေရိကန်အစိုးရက အခုလို လုပ်တာလို့ နယူးရော့ခ်တိုင်းမ် သတင်းစာက ဆိုပါတယ်။

အီရန်ရဲ့ လက်နက်စနစ် ပျက်ယွင်းသွားကြောင်း တခြား အဖွဲ့အစည်း တစ်ခုခုရဲ့ အတည်ပြုချက်တော့ မရသေးပါဘူး။

ကမ္ဘာ့နိုင်ငံတွေနဲ့ အီရန်အကြား ၂၀၁၅ မှာ သဘောတူထားတဲ့ နျူကလီးယား သဘော တူညီချက်ကနေ မနှစ်က အမေရိကန် နုတ်ထွက်ခဲ့ပြီး အီရန်အပေါ် အရေးယူပိတ်ဆို့တာတွေ ပြန်လုပ်ခဲ့ပြီးတဲ့နောက် အမေရိကန်နဲ့ အီရန်အကြား တင်းမာမှုတွေ မြင့်တက်နေတာပါ။

နိုင်ငံတကာက သဘောတူညီ သတ်မှတ်ထားတဲ့ ကန့်သတ်ချက်ထက် ကျော်လွန်ပြီး သူ့ရဲ့ နျူကလီးယားအစီအစဉ်ကို တိုးမြှင့်သွားမယ်လို့ အရင်သီတင်းပတ် အတွင်းမှာ အီရန်က ကြေညာပါတယ်။

သမ္မတထရမ့်က "အီရန်နဲ့ စစ်မဖြစ်ချင်ဘူး၊ ဒါပေမဲ့ ပဋိပက္ခ ဖြစ်လာရင်တော့ နိုင်ငံပါ ပျောက်သွားမယ်" လို့ သတိပေးထားပါတယ်။

အမေရိကန် ဆိုင်ဘာတိုက်ခိုက်မှုက ဘာတွေလုပ်ခဲ့တာလဲ

ဆိုင်ဘာတိုက်ခိုက်မှုကို လုပ်ဖို့ သီတင်းပတ်ပေါင်းများစွာ ပြင်ဆင်ခဲ့တဲ့ အကြောင်း သူတို့သတင်းအရင်းအမြစ်တွေက ပြောပြခဲ့တယ်လို့ အမေရိကန် သတင်းဌာနတွေက ဆိုပါတယ်။

အီရန်ရဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့် တပ်ဖွဲ့က အသုံးပြုနေတဲ့ လက်နက်စနစ်တွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။

ဝါရှင်တန်ပို့စ်နဲ့ အေပီသတင်းဌာနတွေကတော့ ဆိုင်ဘာတိုက်ခိုက်မှုကြောင့် အဲဒီလက်နက် စနစ်တွေ အလုပ်မလုပ်နိုင်ဖြစ်သွားပြီလို့ ရေးပေမယ့် နယူးရော့ခ်တိုင်းမ် သတင်းစာကတော့ တိုက်ခိုက်မှုကြောင့် အဲဒီစနစ်တွေ ကာလတခုအထိ အလုပ်မလုပ်နိုင်ဖြစ်သွားပြီလို့ ရေးပါတယ်။

အီရန်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ပစ်ချလိုက်တဲ့ အမေရိကန် ဒရုမ်း က အစိတ်အပိုင်းတွေကို တဟီရန်မှာ ပြထားပုံ

သမ္မတထရမ့်က ဘာပြောလဲ

သူကတော့ ဆိုင်ဘာတိုက်ခိုက်မှုလုပ်တယ် ဆိုတဲ့ သတင်းတွေအပေါ်ဘာမှ မှတ်ချက်မပေးပါဘူး။ အီရန်ကို ပုံမှန်လေကြောင်းကနေတိုက်ခိုက်မှု လုပ်မယ့် အရေးကိုတော့ အီရန်နိုင်ငံသား ၁၅၀ လောက်သေကြေနိုင်တယ်လို့ သူ့ကို ပြောတာကြောင့် အဲလိုလုပ်မယ့် အစီအစဉ်ကို ပယ်ချလိုက်တယ်လို့ သမ္မတက သောကြာနေ့မှာ ပြောခဲ့ပါတယ်။

စနေနေ့တုန်းကလည်း သူက အီရန်နဲ့ စကားပြောဆိုဖို့ လမ်းဖွင့်ပေးထားတယ်လို့ဆိုကာ "အီရန်အနေနဲ့ ချမ်းသာကြွယ်ဝတဲ့နိုင်ငံ ဖြစ်လိုရင် ဖြစ်လို့ရပါတယ်၊ ဒါပေမဲ့ လာမယ့် ၅နှစ်၊ ၆နှစ်အတွင်း နျူကလီးယားလက်နက် ပိုင်မယ်လို့ ထင်နေရင်တော့ အဲဒီကြွယ်ဝတဲ့နိုင်ငံ ဖြစ်မလာနိုင်ဘူး" လို့ ဆိုပါတယ်။

အမေရိကန် အရေးယူပိတ်ဆို့မှုက အီရန်ကို ဘယ်လိုထိခိုက်နေလဲ

မနှစ်က တကျော့ပြန်လုပ်လိုက်တဲ့ အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေကြောင့် အထူးသဖြင့် အီရန်ရဲ့ စွမ်းအင်ကဏ္ဍ၊ သင်္ဘောကုန်တင်ပို့ဆောင်ရေး၊ ဘဏ္ဍာရေးလုပ်ငန်းကဏ္ဍ စတဲ့အပိုင်းတွေမှာ ထိခိုက်နေပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ကျဆင်းလာတာ၊ ရေနံ တင်ပို့နိုင်မှု ကျဆင်းလာတာတွေ ဖြစ်နေတာပါ။

ဒီအရေးယူပိတ်ဆို့တာက အမေရိကန်ကုမ္ပဏီတွေသာမက နိုင်ငံတကာက ကုမ္ပဏီတွေကိုပါ အီရန်နဲ့ ကုန်သွယ်မှုကို တားမြစ်ထားတာပါ။

အီရန်မှာ နိုင်ငံခြားကတင်သွင်းတဲ့ ကုန်ကြမ်းတွေအပေါ်မှီခိုထုတ်လုပ်ရတဲ့ လုပ်ငန်းတွေပိုင်းမှာ ထိခိုက်တာတွေရှိနေသလို၊ တင်သွင်းကုန် ပြတ်လပ်တာတွေလည်း ဖြစ်လာပါတယ်။

အီရန် ရီယဲလ်ငွေကြေးတန်ဖိုးလည်းထိုးစိုက်ဆင်းနေပြီး နိုင်ငံတွင်းမှာ ထုတ်လုပ်တဲ့ အသားတွေ၊ ကြက်ဥတွေက အစ စျေးတွေထိုးတက်နေပါတယ်။