အမေရိကန် အီရန် စစ်ရေး တင်းမာမှု - လေယာဉ်တွေ ပျံတက်ပြီးကာမှ တိုက်မိန့်ရုပ်သိမ်း

ဓာတ်ပုံ ရင်းမြစ်, BBC News
အီရန်ကို စစ်ရေးအရ လက်တုံ့ပြန်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရမ့်က တိုက်မိန့် ထုတ်ခဲ့ပြီးမှ ပြန်လည်ရုပ်သိမ်းခဲ့တယ်လို့ အမေရိကန် မီဒီယာတွေက ပြောနေပါတယ်။
အီရန်ရဲ့ ပစ်မှတ်တချို့ကို ချေမှုန်းဖို့ ဇွန်လ ၂ဝ ကြာသပတေးနေ့မှာ သမ္မတက ခွင့်ပြုခဲ့တာ ဖြစ်တယ်လို့ အိမ်ဖြူတော် ထိပ်တန်း အရာရှိတွေကို ကိုးကားပြီး နယူးယောက်တိုင်းမ်စ် သတင်းစာက ရေးပါတယ်။
တိုက်ခိုက်ရေး ကနဦး အဆင့်တွေ စတင်နေချိန်မှာပဲ မစ္စတာထရမ့်က တိုက်မိန့်ကို ပြန်ရုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီ ကိစ္စအပေါ် အိမ်ဖြူတော်ဘက်ကတော့ တရားဝင် ထုတ်ပြန်တာမျိုး မလုပ်သေးပါဘူး။
အမေရိကန်ရဲ့ ထောက်လှမ်းရေး ဒရုန်းယာဉ်ပျံ ပစ်ချ ခံခဲ့ရပြီးတဲ့နောက် အီရန်ကို စစ်ရေးအရ လက်တုံ့ပြန်ဖို့ ထရမ့်က ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
အီရန်ရဲ့ ဝေဟင်ပိုင်နက်ထဲ ကြာသပတေးနေ့ အစောပိုင်းက အမေရိကန်ရဲ့ ဒရုန်းယာဉ်ပျံ တစ်စင်း ဝင်ရောက် လာခဲ့တယ်လို့ အီရန် အစိုးရက ပြောပါတယ်။
အမေရိကန်ဘက်ကတော့ သူတို့ရဲ့ ဒရုန်းယာဉ်ပျံဟာ နိုင်ငံတကာ ဝေဟင်ထက်မှာ ပစ်ချခံခဲ့ရတာလို့ ဆိုပြီး အီရန်ကို စစ်ရေးအရ လက်တုံ့ပြန်ဖို့ အထိ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
ပင်လယ်ကွေ့ဒေသအတွင်း ရေနံတင်သင်္ဘောနှစ်စင်း တိုက်ခိုက်ခံခဲ့ရတဲ့ ဖြစ်ရပ်မှာ အီရန်ရဲ့ လက်ချက်ဖြစ်တယ်ဆိုပြီး အမေရိကန်နဲ့အီရန်ကြား တင်းမာမှုတွေ မြင့်တက် နေတာ ဖြစ်ပါတယ်။
အီရန်ရဲ့ နျူကလီယာ အစီအစဉ်တွေကို နိုင်ငံတကာ သဘောတူမှုရဲ့ ထိန်းချုပ်မှုတွေထက် ကျော်လွန်ပြီး မကြာခင် ပြုလုပ်မယ်ဆိုပြီး အီရန်အစိုးရက ကြေညာပါတယ်။
အမေရိကန် အပါအဝင် ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေနဲ့ အီရန်ကြား၂ဝ၁၅ တုန်းက ရယူထားတဲ့ သဘောတူမှုကနေ အမေရိကန်ဟာ ထရမ့်လက်ထက် ပြီးခဲ့တဲ့နှစ် ၂ဝ၁၈မှာ တစ်ဘက်သတ် နုတ်ထွက်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, IRIBNEWS
ကြာသပတေးနေ့ အမေရိကန်ဘက်က စစ်ရေးပြင်ခဲ့ပုံ
အီရန် ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ သမ္မတ ထရမ့်ရဲ့ ခွင့်ပြုမိန့် ထွက်လာခဲ့ပြီးတဲ့နောက် လေယာဉ်တွေ ပျံတက်ခဲ့ပြီး ဖြစ်သလို စစ်သင်္ဘောတွေလည်း နေရာ အသင့် ယူခဲ့ကြတဲ့ အနေအထားထိ ရောက်ခဲ့တယ်လို့ နယူးယောက်တိုင်းမ်စ်က ရေးပါတယ်။
ဒါပေမယ့် ဒုံးကျည်တစ်စင်းမှ ပစ်လွှတ် တိုက်ခိုက်တာမျိုးတော့ မလုပ်ရသေးချိန်မှာ ထရမ့်က တိုက်ခိုက်မိန့် ပြန်ရုပ်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, U.S. NAVY

ဓာတ်ပုံ ရင်းမြစ်, EPA
တကယ်လို့သာ စီစဉ်ထားတဲ့ အတိုင်းသာ ဆိုရင် သောကြာနေ့ အရုဏ်မတက်ခင် အချိန်မှာ ရည်ရွယ်ထားတဲ့ အီရန်ပစ်မှတ်တွေကို ချေမှုန်းမှာ ဖြစ်တယ်ဆိုပြီး အမေရိကန် အစိုးရ ထိပ်တန်းပိုင်း ပုဂ္ဂိုလ်တစ်ယောက်က နယူးယောက်တိုင်းမ်စ်ကို ပြောပါတယ်။
သမ္မတရဲ့ တိုက်ခိုက်မိန့် အပေါ် အမေရိကန် စစ်ဌာနချုပ် ပင်တာဂွန်ဘက်က ဘယ်လို သဘောထားလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။
အီရန်ကို တကယ်တမ်း စစ်ရေးအရ အရေးယူပြီ ဆိုရင် ပင်လယ်ကွေ့ အပါအဝင်၊ အရှေ့အလယ်ပိုင်း ဒေသမှ နေရာချထားတဲ့ အမေရိကန် တပ်တွေ အတွက် အန္တရာယ် ကြီးကြီးမားမား ကြုံတွေ့လာနိုင်တယ် ဆိုတာမျိုး ပင်တာဂွန်ဘက်က သတိပေးထားတယ်လို့ အမေရိကန် မီဒီယာ တချို့က ရေးပါတယ်။
စစ်ရေးအရ လက်တုံ့ပြန်ဖို့ ပင်တာဂွန်ကပဲ သမ္မတကို အကြံပြုတာ ဆိုပြီး ရေးတဲ့ သတင်းဌာနတွေလည်း ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
အမေရိကန် ဒရုန်း ပစ်ချခံလိုက်ရတဲ့ ကြာသပတေးနေ့ တနေ့လုံးလိုလို သမ္မတဟာ သူ့ရဲ့ အကြံပေးတွေ၊ သက်ဆိုင်ရာ အစိုးရ အဖွဲ့ဝင်တွေနဲ့ ဆွေးနွေးခဲ့သလို ကွန်ဂရက်စ် လွှတ်တော်ရဲ့ ခေါင်းဆောင်တွေနဲ့လည်း တိုင်ပင်ခဲ့ပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက်ခ် ပွန်ပေအိုနဲ့ လုံခြုံရေးဆိုင်ရာ အကြံပေး ဂျွန် ဘိုလ်တန် တို့မှာ အီရန်နဲ့ ပတ်သက်လို့ တင်းမာတဲ့ သဘောထား ရပ်တည်ချက်မျိုးတွေ ရှိကြပြီး၊ ကွန်ဂရက်စ် ခေါင်းဆောင်တွေကတော့ ခေါင်းအေးအေးထားပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ တိုက်တွန်းခဲ့တယ် ဆိုတဲ့ သတင်းတွေလည်း ရရှိထားပါတယ်။
အောက်လွှတ်တော် ဥက္ကဌ အမျိုးသမီး အတိုက်အခံ ဒီမိုကရက်ပါတီက နန်စီပလိုစီက အီရန်နဲ့ကြား စစ်မက်ဖြစ်ပွားလိုစိတ် အမေရိကန်မှာ ရှိမနေဘူးလို့ ပြောဆိုထားပါတယ်။
အမေရိကန်ဘက်က အီရန်အပေါ် စစ်ရေးအရ အရေးယူတာမျိုး တကယ်တမ်း ဖြစ်မလာ သေးပေမယ့် သမ္မတရဲ့ တိုက်မိန့်ထွက်ပြီးမှ ပြန်ရုပ်ခဲ့တာ ဖြစ်တယ်ဆိုတဲ့ အချက်ဟာ အီရန် အစိုးရအပေါ် အမေရိကန်က အပြင်းအထန် သတိပေးလိုက်တဲ့ သဘောမျိုးတော့ သက်ရောက် နေတယ်ဆိုပြီး လုံခြုံရေးဆိုင်ရာ ဘီဘီစီ သတင်းထောက် ဂျွန်နသန် မားကပ်စ်က သုံးသပ်ထားပါတယ်။









