ကိုယ့်ကိုယ်ကိုယ် ဝရမ်းပြေးလို့ မသတ်မှတ်ဘူး - ဦးဝီရသူ

အစိုးရနဲ့ ဖြစ်တဲ့ ပြဿနာတွေမှာ သံဃာအချင်းချင်း ဝရမ်းပြေးလို့ မသတ်မှတ်ဘူးလို့ဆို

ဓာတ်ပုံ ရင်းမြစ်, Ven-Vicittar Bhivamsa's VK Video

ဓာတ်ပုံ ပုံစာ, အစိုးရနဲ့ ဖြစ်တဲ့ ပြဿနာတွေမှာ သံဃာအချင်းချင်း ဝရမ်းပြေးလို့ မသတ်မှတ်ဘူးလို့ ဦးဝီရသူဆို

နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မအပြင် ရာဇဝတ်အထွေထွေမှုနဲ့ ဖမ်းဆီးဖို့ပါ အမှုဖွင့်ခံထားရတဲ့ ဆရာတော် ဦးဝီရသူက ကိုယ့်ကိုယ်ကိုယ် ဝရမ်းပြေးအဖြစ် သတ်မှတ်မထားဘူးလို့ ရုရှား လူမှုကွန်ရက် VK ကနေတဆင့် ဇွန်လ ၅ ရက်မှာ မိန့်ကြားလိုက်ပါတယ်။

ဦးဝီရသူ ဗီဒီယိုထဲမှာ ဘာပြောလဲ

ဦးဝီရသူက "ကိုယ့်ကိုယ်ကိုယ် ဝရမ်းပြေးလို့ မသတ်မှတ်ဘူး။ ဓမ္မစက်ရဲ့ အမိန့်ကို စောင့်မျှော်နေတဲ့ ဘုရားသားတော်တစ်ပါးလို့ပဲ ကိုယ့်ကိုယ်ကိုယ် ခံယူထားတယ်" လို့ Ven-Vicittar Bhivamsa အကောင့်မှာ ဗီဒီယိုဖိုင်လွှင့်တင် မိန့်ကြားခဲ့တာ ဖြစ်ပါတယ်။

ဦးဝီရသူက ၎င်းအနေနဲ့ ဆရာတော်တွေက ဓမ္မစက်နဲ့ ဆုံးမဖို့ ပင့်ဖိတ်တဲ့ရက်ကို ရွှေ့ဆိုင်းလိုက်လို့ ထပ်မံပင့်ဖိတ်မယ့် အချိန်ကို စောင့်နေတာသာ ဖြစ်ပြီး အဖမ်းခံဖို့ အဝတ်အစား၊ ရိက္ခာ၊ အသုံးအဆောင်တွေ ပြင်ဆင်ထားပြီး ဖြစ်တယ်လို့လည်း ဆက်လက် မိန့်ကြားပါတယ်။

အဲဒါအပြင် စစ်အစိုးရလက်ထက် ပတ္တနိကုဇ္ဇန ကံဆောင်စဉ်ကလည်း မစိုးရိမ်တိုက်သစ် နာယက ဆရာတော်တွေ တိမ်းရှောင်ခဲ့ကြဖူးတယ်လို့လည်း အဲဒီဗီဒီယိုထဲမှာ မိန့်ကြားထားပါတယ်။

ဆက်လက်ပြီး သံဃာတော်တွေဟာ အစိုးရနဲ့ ပတ်သက်လို့ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေမှာ သံဃာတော် အချင်းချင်း ဘယ်တော့မှ ဝရမ်းပြေးလို့ မသတ်မှတ်ကြဘူးလို့လည်း မိန့်ပါတယ်။

ဇွန်လ ၅ ရက်မှာ ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်

ဓာတ်ပုံ ရင်းမြစ်, Ven-Vicittar Bhivamsa's VK Video

ဓာတ်ပုံ ပုံစာ, ဇွန်လ ၅ ရက်မှာ ထွက်ပေါ်လာတဲ့ ဗီဒီယိုဖိုင်

ဓမ္မစက်

ဒီဗီဒီယိုမတိုင်ခင်မှာလည်း ဦးဝီရသူက သံဃမဟာနာယက ဆရာတော်ကြီးတွေ ရှေ့မှောက်မှာ ဓမ္မစက်နဲ့ သြဝါဒ အဆုံးအမ ခံယူပြီးမှသာ အစိုးရရဲ့ အာဏာစက်နဲ့ အရေးယူမှု ကို ခံယူမယ်လို့ VK ကနေ မေလ ၃၁ ရက်မှာ ထုတ်ပြန်ကြေညာထားပြီး ဖြစ်ပါတယ်။

မေလ ၂၈ ရက်က ဦးဝီရသူကို နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၁၂၄ (က) နဲ့ အရေးယူပေးဖို့ အနောက်ပိုင်းခရိုင် ဒုတိယ အုပ်ချုပ်ရေးမှူးက အနောက်ပိုင်းခရိုင် တရားရုံးကို ဦးတိုက်လျှောက်ထားခဲ့တာ ဖြစ်ပြီး တရားရုံးက ဝရမ်းထုတ်ပေးထားတာပါ။ဒါပေမဲ့ ဝရမ်းကို အတည်မပြုနိုင်လို့ ဦးဝီရသူကို ရာဇဝတ် အထွေထွေအမှု နဲ့ ဇွန်လ ၄ ရက် နေ့က ထပ်မံ ဖွင့်လှစ်ထားပါသေးတယ်။

ရန်ကုန်တိုင်း သံဃနာယက သြဝါဒပေး ဆုံးမဖို့ ဦးဝီရသူကို မေလ ၃၀ ရက်မှာ ပင့်ဖိတ်ထားပေမဲ့ အဲဒါကို ရက်ရွှေ့လိုက်ပြီး ထပ်ပင့်ဖိတ်မယ့် ရက်ကိုတော့ အခုထိ မကြေညာသေးပါဘူး။

စစ်အစိုးရလက်ထက် ပတ္တိနိကုဇန ကံဆောင်စဉ်ကလည်း မစိုးရိမ်တိုက်သစ် နာယက ဆရာတော်တွေ တိမ်းရှောင်ခဲ့ကြဖူးတယ်လို့ ဦးဝီရသူဆို

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, စစ်အစိုးရလက်ထက် ပတ္တိနိကုဇန ကံဆောင်စဉ်ကလည်း မစိုးရိမ်တိုက်သစ် နာယက ဆရာတော်တွေ တိမ်းရှောင်ခဲ့ကြဖူးတယ်လို့ ဦးဝီရသူဆို

အစိုးရဘယ်လိုတုံ့ပြန်မလဲ

လက်ရှိမှာ ဦးဝီရသူကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇဝတ်မှု ပုဒ်မ ၁၂၄ (က)နဲ့ ရန်ကုန်အနောက် ပိုင်းခရိုင်မှာ အမှုဖွင့် ဖမ်းဝရမ်းထုတ်ထားပြီး ရဲတပ်ဖွဲ့ကလည်း ဖမ်းဆီးနိုင်ရေးအတွက် လိုက်လံ ရှာဖွေနေတယ်လို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဇွန်လ ၅ ရက်မှာ ပြုလုပ်တဲ့ ရန်ကုန်တိုင်း အစိုးရရဲ့ တစ်နှစ်တာ သတင်းစာရှင်းလင်းပွဲမှာ ဘီဘီစီကိုပြောပါတယ်။

ရဲတပ်ဖွဲ့ကတော့ ဝရမ်းထုတ်ထားတဲ့အတိုင်း ၁၁ ရက်နေ့အထိ မဖမ်းဆီးနိုင်ဘူးဆိုရင် တရားရုံးက လုပ်ထုံးလုပ်နည်းအရ ဆက်လက်ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး မျိုးသူစိုးက ဘီဘီစီကို ပြောထားပါတယ်။

အခုထွက်ပေါ်လာတဲ့ ဗီဒီယိုဟာ VK ကနေတဆင့် ဦးဝီရသူကိုယ်တိုင် ပြောကြားတဲ့ ဒုတိယမြောက် ဗီဒီယိုဖြစ်ပါတယ်။

ဗီဒီယိုထဲက ပြောကြားချက်တွေအရ ဦးဝီရသူဟာ တရားရုံးကို လာရောက်ရင်ဆိုင်ဖို့ထက် သံဃနာယကရဲ့ ပင့်ဖိတ်သြဝါဒ ပေးတာကိုသာ အရင်ခံယူမယ်ဆိုတဲ့သဘောကို တွေ့ရပါတယ်။